သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်က လယ်ယာမြေ သိမ်းဆည်းမှုများ မဖြစ်ပေါ်စေရန် ဂရုစိုက် လုပ်ဆောင် သွားမည် ဖြစ်ပြီး မြေသိမ်းမှုများ ပပျောက်ရေးအတွက် မြေယာစီမံခန့်ခွဲမှု ဥပဒေကြမ်း ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်း သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက ကတိပြု ပြောဆိုသည်။
နေပြည်တော်တွင် စက်တင်ဘာ ၂၇ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော မြေယာ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ သတင်းစာရှင်း လင်းပွဲတွင် အစိုးရသစ် အနေဖြင့် မြေသိမ်းမှုများ မဖြစ်စေရန် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး လယ်ယာမြေ သိမ်းဆည်းမှုများကို ဟန့်တားနိုင်ရေး ဥပဒေမူကြမ်း တရပ် ရေးဆွဲလျက်ရှိကြောင်း ဦးဝင်းထွန်းက ပြောဆိုသည်။
“ဒီအစိုးရ လက်ထက်မှာတော့ မြေယာသိမ်းတာတွေ မဖြစ်အောင်လုပ်သွားမှာပါ။ တတ်နိုင်သမျှ သိမ်းဖို့ မရှိနိုင်အောင် လုပ်မှာပါ။ ဥပဒေကြမ်း ကလည်း အမျိုးသား အဆင့် အနေနဲ့ ရေးဆွဲတာပါ။ လာမယ့်နှစ် ဧပြီလမှာ အပြီး သတ်မယ်။ ဒီထဲမှာက မြို့နယ်၊ ကျေးရွာထိပါ လိုက်နာရမယ့် ဥပဒေတွေ၊ မြေအသုံးချမှုတွေ ပါမယ်။ အရင်က မရှိခဲ့တော့ လုပ်ချင်သလို လုပ်ခဲ့တယ်။ ဥပဒေတွေ ရှိပေမယ့် နည်းစနစ်ပိုင်း အားနည်းလို့ ဖြစ်လာတာဆိုတော့ ဒီဥပဒေက အကောင်းဆုံး ထိန်းနိုင် မှာပါ”ဟု ဦးဝင်းထွန်းက ဆိုသည်။
အစိုးရက မြေယာ သိမ်းဆည်းမှု ဟန့်တားနိုင်မည့် ဥပဒေကြမ်းရေးဆွဲရာတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ ကုလသမဂ္ဂ နှင့် အပြည်ပြည် ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်း များမှ ပညာရှင်များကို အကူညီတောင်းခံထားကြောင်း သိရှိရ သည်။
ပြည်ထောင်စု လွှတ်တော် လယ်မြေ နှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်က အစိုးရထံ တင်ပြ ထားသည့် မြေသိမ်းဆည်းမှု အမှုပေါင်း ၇၄၅ ခုကို ပြန်လည် စစ်ဆေး လျက်ရှိပြီး အမှုများကို ပြန်လည် စစ်ဆေးပြီး ပါက မူလ ပိုင်ရှင်ပြည်သူများထံ ပြန်လည် ပေးအပ်မည်ဖြစ်ကြောင်း၊ စစ်တပ်က သိမ်းထည်း ထားသော မြေဧက ၃၈၀၀၀ ကို မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း သိရှိရသည်။
“ ဒီတနှစ်အတွင်း ပြန်ပေးနိုင်အောင် စီစဉ်ထားတယ်။ နောက်ပိုင်းလည်း ဒီလိုမြေသိမ်းတာတွေ နည်းအောင် ဖွဲ့စည်း ထားတဲ့ ကော်မတီတွေကနေ လုပ်မယ်။ ဖြစ်လာရင်လည်း ဖြေရှင်းပေးမယ်။ ဥပဒေ၊ နည်းဥပဒေ ထွက်လာရင် လည်း အဲဒီတိုင်း လုပ်သွားမယ်”ဟု ဦးဝင်းထွန်းက ပြောသည်။
အစိုးရက ဖွဲ့စည်းထားသော မြေယာသိမ်းဆည်းမှုများ ဖြေရှင်းရေး ကော်မတီတွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များ အဖြစ် အစိုးရဝန်ကြီးများပါဝင်ကြောင်း သိရှိရသည်။