စစ်ကိုင်းတိုင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးအတွက် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီးတွင် လာရောက်ဝတ်ပြုဆုတောင်းသူ ၁၂ ဦးကို မုံရွာမြို့ အာဏာပိုင်များက ထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိသည်။
“လယ်သမားတွေအရေး ကူညီနေတဲ့ မသွဲ့သွဲ့ဝင်း အပါအဝင် ဝက်မှေးရွာက လယ်သမားတွေနဲ့ အားလုံးပေါင်း ၁၂ ယောက်ပါ။ သူတို့မနက်က ဘုရားပေါ်တက်တုန်း ဘုရားကို ပိတ်လိုက်ပြီးနောက် ဖမ်းခံရတာပဲ။ သူတို့ထဲက မသွဲ့သွဲ့ဝင်းနဲ့ ဝက်မှေးရွာသူ မအေးနက်ကိုတော့ တရားစွဲမှာမို့ မလွှတ်ပေးနိုင်တဲ့။ ဘာနဲ့စွဲမလဲတော့ မသိသေးဘူး။ ကျန်တဲ့ ၁၀ ယောက်တော့ လွှတ်ပေးမယ် ပြောတယ်” ဟု မျက်မြင်သက်သေ မုံရွာ ဒေသခံတဦးက ပြောသည်။
မသွဲ့သွဲ့ဝင်းတို့ နှစ်ဦးကို မလွှတ်ပေးပါက ရဲစခန်းမှ မထွက်ခွာဟု ထိန်းသိမ်းခံရသူ တောင်သူများက ငြင်းဆိုကြောင်း၊ ၎င်းတို့ကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းတွင် ထားရှိရာ ကျောင်းသားများ၊ လယ်သမားများ၊ ဒေသခံများက အားလုံး ပြန်လွှတ်ပေးရေး ဆွေးနွေးပြောဆိုမှုများ ပြုနေကြောင်း သိရသည်။
“ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ဆိုပြီး မုံရွာတဖက်ကမ်း ညောင်ပင်ကြီးရွာမှာ လူ၇၀၀ ကျော် ဆန္ဒပြနေကြတယ်။ ဒီစီမံကိန်းကို ရပ်ပစ်ပါလို့လည်း ဆန္ဒပြနေကြတယ်။ သူတို့ကို ဒီဖက်ကမ်း မပေးကူးဘူး။ ဘာဖြစ်မလဲဆိုတာတော့ စောင့်ကြည့်နေတုန်းပဲဗျ။ လုံခြုံရေးကတော့ တော်တော်များတယ်” ဟု အခင်းဖြစ်ပွားမှုအား လိုက်လံကြည့်ရှုနေသူတဦးကလည်း ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်မြေသိမ်းခံရသူ တောင်သူလယ်သမားများကို ကူညီနေသည့်အဖွဲ့ခေါင်းဆောင်တချို့ကိုလည်း အာဏာပိုင်များက လိုက်လံရှာဖွေနေကြောင်း သိရသည်။
“ကျနော့်ပုံရယ် နာမည်ရယ်က ရဲတွေတိုင်းမှာ ရှိနေတယ်။ သူတို့က ဓာတ်ပုံနဲ့ တိုက်စစ်တယ်။ ဟန်ဝင်းအောင် ဘယ်မှာလဲ ဆိုတာ လိုက်မေးနေတယ်။ တခြားအဖွဲ့က လူတွေကို မေးတာလည်းရှိတယ်” ဟု အဆိုပါဒေသမှ တိမ်းရှောင်နေရသူ နိုင်ငံရေးအကျဉ်းသား မိသားစုများ စောင့်ရှောက်ရေး ကွန်ယက်မှ ကိုဟန်ဝင်းအောင်က ပြောသည်။
ပြီးခဲ့သည့် အပတ်က ဖမ်းဆီးခံရသည့် ကိုဝေဠုကိုလည်း မည်သည့်နေရာတွင် ထားသည်ကို ယနေ့ထိ မသိရသေးကြောင်း၊ လယ်သမားများအရေး ကူညီသူများကို ယခုလို ပြုလုပ်ခြင်းသည် ပြဿနာကို ဖြေရှင်းသည့် နည်းလမ်းမဟုတ်ကြောင်း သူက ဆိုသည်။
“ဖမ်းဆီးနေရုံနဲ့ ဒီပြဿနာ မပြီးနိုင်ဘူး။ မှန်ကန်တဲ့ ဖြေရှင်းမှုမဟုတ်ဘူး။ ပြောင်းလဲနေပါပြီလို့ ပြောနေပြီးတော့ ပြည်သူဖက်က မရပ်ပဲ ကုမဏီဖက်ကနေ ရပ်တည်ပြီး လုပ်နေတာ နည်းလမ်းမကျဘူး” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေးနှင့် ပတ်သက်၍ ဒေသခံများ ယခုလို တောင်းဆိုနေကြခြင်းသည် တဦးတယောက်အရေးမဟုတ်၍ သမတနှင့် အစိုးရမှ အရေးတယူပြု ဆွေးနွေးညှိနှိုင်းစေလိုကြောင်းလည်း ဆိုသည်။
“ဒီစီမံကိန်းကြောင့် ပတ်ဝန်းကျင်က ရွာသူရွာသား လယ်သမားတွေ ဒုက္ခရောက်ရတယ်။ ဒါ့အပြင် ဒါဟာ တောင်ကြီးတခုလုံး ပျောက်သွားမယ့်အရေး၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ့်အရေး ဖြစ်နေလို့ ဒီဒေသတခုတည်းနဲ့သာမဟုတ်ပဲ တနိုင်ငံလုံးနဲ့ဆိုင်တဲ့အရေးဖြစ်တယ်။ စပယ်တောင်နဲ့ ကြေးစင်တောင်ကြီး တောင်လုံးလိုက် ပျောက်သွားတာ ဥပမာ ရှိထားပြီးပြီဗျာ” ဟု ကိုဟန်ဝင်းအောင်က ပြောသည်။
အဆိုပါ ဒေသတွင် ကြေးနီတူးဖော်ရေးများ လုပ်ဆောင်နေခြင်းကြောင့် ပတ်ဝန်းကျင် ထိခိုက် ညစ်ညမ်းမှုများလည်းရှိနေပြီး၊ စက်ရုံမှ စွန့်ပစ်ရေများ ချင်းတွင်းမြစ်တွင်း စီးဆင်းနေသောကြောင့် အနာဂတ်တွင် ချင်းတွင်းမြစ်အောက်ပိုင်းဒေသများတွင်လည်း ညစ်ညမ်းမှုအကျိုးဆက်များ ခံစားရနိုင်သည်ဟု ကိုဟန်ဝင်းအောင်က ဆိုသည်။
ကြေးနီစီမံကိန်းဒေသဝန်းကျင်ရှိ ရေတွင်းများသည် သောက်သုံးမရအောင် ပျက်စီးနေကြောင်း၊ ရေများမှာ ချဉ်သောအရသာ၊ ငံသောအရသာများ ဖြစ်နေ၍ မုံရွာမြို့မှ သောက်ရေသန့်များကိုသာ ဝယ်ယူသုံးစွဲနေရသည်ဟု သိရသည်။
စစ်တပ်ပိုင် စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်အမျိုးသားပိုင် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီတို့ ၂၀၁၁ ခုနှစ်မှ စတင်၍ အကျိုးတူ လုပ်ကိုင်နေသည့် အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ပတ်ဝန်းကျင်ရှိ ဝက်မှေး၊ ဆည်တည်း၊ ကန်တောနှင့် ဇီးတော စသည့် ရွာပေါင်း ၂၆ ရွာမှ လယ်မြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခံခဲ့ရသည်။
လယ်သိမ်းခံ လယ်သမားများနှင့် ဒေသခံ ရွာသူရွာသားများက လယ်မြေများအတွက် ထိုက်တန်သော လျော်ကြေးငွေပေးရန်၊ ကျေးရွာများရွှေ့ပြောင်းရာတွင် သင့်တော်သော နေအိမ်၊ နေရာများ အစားထိုးပေးရန်၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုကို အလေးထားရန်၊ စီမံကိန်း ဒေသတွင်းရှိ ဘာသာရေး အဆောက်အဦများ၊ စေတီများကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးရန်တို့ကို ဇူလိုင်လဆန်းမှ စတင် တောင်းဆို ဆန္ဒပြနေခဲ့သည်။
သြဂုတ်လမှ စတင်၍ ဆန္ဒပြသူ ဒေသခံများ၊ တောင်သူလယ်သမားများ တစ တစ များပြားလာပြီး ထိုမှ ကြေးနီတူးဖော်မှုများကြောင့် ပျောက်ဆုံးသွားရသည့် စပယ်တောင်၊ ကြေးစင်တောင်တို့ကို နမူနာပြကာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စီမံကိန်းကို ရပ်ပေးရန် တောင်းဆိုမှုအသွင်သို့ တဖြည်းဖြည်း ပြောင်းလဲလာနေသည်။
အဆိုပါ စီမံကိန်းကို ရပ်တန့်ပေးရေးအတွက် သမတထံ အသနားခံစာ တင်သွင်းမည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုလည်း စတင်နေပြီဖြစ်သည်။
အဆိုပါ ဒေသတွင် ကြေးနီတူးဖော်သည့်လုပ်ငန်းများကို ၁၉၈၀ ခုနှစ်မှ စတင်၍ ယူဂိုဆလားဗီးယားနိုင်ငံမှ ကုမ္ပ္ပဏီ၊ ကနေဒါနိုင်ငံအခြေစိုက် အိုင်ဗင်ဟိုး ကုမ္ပဏီ စသည်တို့ဖြင့် သတ္တုတွင်း ဝန်ကြီးဌာနက ပူးပေါင်းကာ ကြေးနီတူးဖော်ခဲ့သည်။