အင်းအိုင်၊ လက်ဖွဲ့၊ အောက်လမ်း စတဲ့ နည်းပညာတွေဟာ အခုလို အင်တာနက်ခေတ် သိပ္ပံခေတ်ကြီးမှာလည်း အသုံးပြုနေဆဲ ဆိုတာ သိရတော့ မြန်မာဗီဒီယို ကားတွေမှာ သိုက်သမိုင်းတွေ၊ သရဲကားတွေ၊ နာနာဘာဝတွေ ရိုက်ပြနေကြတာလည်း အံ့သြစရာ မရှိတော့ဘူးပေါ့လေ။
ထပ်ဆင့်အကယ်ဒမီ ဒေါ်ဝါဝါ၀င်းရွှေ ပိုင်ဆိုင်တဲ့ ဆုထူးပန်ရုပ်ရှင်ရုံကို ပြန်လည်ပြုပြင် တည်ဆောက်ဖို့ Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်နဲ့ သဘောတူ စာချုပ်ချုပ်ထားခဲ့ပြီး စရန်ငွေ ချပြီးကာမှ ဦးကျော်မြင့်ဘက်က ဆောက်လုပ်ရေး လုပ်ငန်းကို မစခဲ့တဲ့အပြင် ဒေါ်ဝါဝါဝင်းရွှေပိုင်တဲ့ မြေကွက်မှာ မင်းသမီးကြီးရဲ့ ဓာတ်ပုံကို အင်းချ၊ နောက်ထပ် အင်းချပ်နဲ့ ထပ်ပြီး အမဲသားတုံးပေါ်တင် ဖယောင်းတိုင် အနီရောင်ကို မီးရှို့ခဲ့တယ် ဆိုတဲ့ ကိစ္စတခု မီဒီယာလောကမှ ပြန့်နှံ့ခဲ့ ပြန်တော့ အဲဒါနဲ့ ပတ်သက်လို့ ကာယကံရှင်တွေကို ဧရာဝတီက မေးကြည့်မိပါတယ်။
ဒေါ်ဝါဝါ၀င်းရွှေက ဦးကျော်မြင့်ကို ဇန်နဝါရီ ၂၈ ရက်နေ့အထိ ငွေကျပ် သိန်းကိုးထောင် တိတိ စရန်ငွေ အဖြစ် ပေးခဲ့တယ်လို့ သိရပါတယ်။
အင်းချပြီး အောက်လမ်းနည်းနဲ့ လုပ်တဲ့ ကိစ္စကိုလည်း ဦးကျော်မြင့်ကိုယ်တိုင်က လုပ်မိတဲ့အကြောင်း ဒေါ်ဝါဝါ၀င်းရွှေဆီမှာ ဝန်ခံခဲ့တယ်လို့ မင်းသမီးကြီးက ဧရာဝတီကို ဟြေပြပါတယ်။
“အစကတော့ ကျမ ဘာမှမသိဘူး။ မောင်ကျော်မြင့် ကိုယ်တိုင် မီးလာထွန်းတာကို အဲဒီနားကလူတွေ အကုန်မြင်တယ်။ အခု ကျမ သက်သေအနေနဲ့ ခေါ်ထားတဲ့ လင်မယားနှစ်ယောက်လည်း မြင်တယ်။ သူမီးလာထွန်းတာ ကျမရဲ့ မွေးနေ့ ဗုဒ္ဓဟူး နေ့တွေမှာပဲ လာထွန်းတာ။ မှတ်မှတ်ရရ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ပဲ” လို့ ဒေါ်ဝါဝါဝင်းရွှေက ဆိုပါတယ်။
အဲဒီ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဦးကျော်မြင့်ကိုယ်တိုင် မီးလာထွန်းပြီး ကားပေါ်တက်သွားတာကို မြင်လိုက်တဲ့ လင်မယား နှစ်ယောက်က အဲဒါကို သဲနဲ့ပက်ပြီး မီငြှိမ်းပြီးတော့ သက်သေအဖြစ် ပစ္စည်းတွေကို သိမ်းထားခဲ့တယ်လို့ သိရပါတယ်။
ဒေါ်ဝါဝါဝင်းရွှေက မူလကတည်းက နှလုံးရောဂါသည် ဆိုပေမယ့် တိုက်ဆိုင်မှုပဲ ပြောမလား၊ အောက်လမ်းနည်းကပဲ စွမ်းလို့ လားတော့ မပြောတတ်ဘူး ဖေဖော်ဝါရီလက စလို့ သူ့ကျန်းမာရေး အခြေအနေက ညနေပိုင်းဆိုရင် အမောဖောက်ပြီး မလှုပ်ရှားနိုင်တော့ဘူးလို့ ပြောပြပါတယ်။
“အဲဒါတွေကို ကျမမြင်တဲ့အချိန်မှာ အရမ်းကို တုန်လှုပ်ရပါတယ်။ သူ့ကို သားတယောက်လို သဘောထားခဲ့တာကို ငါ့အပေါ် လုပ်ရက်လေခြင်း ဆိုပြီး ဝမ်းနည်းပက်လက် ဖြစ်ရပါတယ်။ ၂၈ ရက်နေ့မှာ သူ့ကို ခေါ်လိုက်ပြီး အဲဒီ ပစ္စည်းတွေပြပြီး မင်းကိုယ်တိုင် လုပ်တာလားလို့မေးတော့ သူဝန်ခံပါတယ်။ ကျနော် နှစ်ကြိမ်နှစ်ခါ လုပ်မိပါတယ်လို့ ဝန်ခံတယ်၊ မင်း ငါ့အပေါ် လုပ်တာ ရက်စက်လှချည်လား ဆိုပြီး ကျမ မျက်ရည်တောင် ကျမိပါတယ်။ အဲဒါကို သူက ဘာဟြေလဲဆိုတော့ မာမီကောင်းဖို့ လုပ်တာပါလို့ ဟြေတယ်၊ ကောင်းဖို့ လုပ်တယ်ဆိုရင် လူတယောက်ရဲ့ ဓာတ်ပုံကို အင်းချပြီးတော့ မီးရှို့သင့်ပါသလား” လို့ ဒေါ်ဝါဝါဝင်းရွှေက အဖြစ်အပျက်ကို ရှင်းပြပါတယ်။
ဒေါ်ဝါဝါဝင်းရွှေကို ဦးကျော်မြင့်က သူ့ကုမ္ပဏီနဲ့ ဆက်မဆောက်ချင်ရင်လည်း ရပါတယ်လို့ ဟြေပြီး ထွက်သွားတယ်လို့ သိရတယ်။
“အဲဒီအချိန်က မတ်လဆန်း လောက်ပေါ့၊ အဲဒီအချိန်က မိတ္ထီလာမှာ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်မို့ ဒီကိစ္စကို ဖော်ထုတ်လိုက်ရင် တည်ငြိမ်နေတဲ့ ကိုယ့်ရဲ့ တိုင်းပြည်က ဘာမဟုတ်တဲ့ ကိုယ့်ကိစ္စကြောင့် မတည်မငြိမ်တွေ ထပ်ဖြစ်မှာ စိုးရိမ်လို့ သူ့ရဲ့လုပ်ရပ်တွေကို ရေငုံနှုတ်ပိတ် သည်းခံနေခဲ့တာ နှစ်လကျော် ကြာပါတယ်” လို့ ဒေါ်ဝါဝါဝင်းရွှေက ဆိုပါတယ်။
ဒီကိစ္စကို ဒေါ်ဝါဝါဝင်းရွှေက နိုင်ငံတော် သမ္မတကြီးဆီကို တင်ပြထားတဲ့အကြောင်း၊ သူ့ရဲ့ အကျိုးတော်ဆောင် ရှေ့နေကြီး ဦးသန်းဌေးကလည်း သူ့ဆီကို ၁၁ ကြိမ်တိုင်တိုင်သွားပြီးတော့ ညှိနှိုင်းတဲ့အကြောင်း၊ ဦးကျော်မြင့်ရဲ့ ရှေ့နေ ဒဂုံ ဦးလှမြင့်နဲ့ ဒေါ်ဝါဝါဝင်းရွှေရဲ့ ရှေ့နေတို့ တွေ့ဆုံပြီး ဆွေးနွေးကြတဲ့အကြောင်း ဒေါ်ဝါဝါဝင်းရွှေက ဆက်ပြောပါတယ်။
ဒေါ်ဝါဝါဝင်းရွှေရဲ့ ရှေ့နေ ဦးသန်းဌေးက “သူက သူယူထားတဲ့ငွေကို သုံးကြိမ်သုံးခါ ခွဲပြီးတော့ အရစ်ကျပြန်ပြီးပေးမယ်၊ စရိတ်စကအဖြစ် သိန်းကိုးရာ လျှော့မယ်လို့ ဟြေတော့ ကျနော်က တရာလောက်တော့ လျှော့သင့်တယ် ကိုကျော်မြင့်ရေ၊ လုပ်ငန်း လုပ်ဆောင်ချက်ကလည်း ဘာမှ မရှိသေးဘူးလို့။ သိန်းကိုးထောင် ယူပြီးရင်တော့ လုပ်သင့်တယ်လို့၊ အများအမြင်မှာ မကောင်းဘူးလို့၊ လုပ်ငန်းကြီး လုပ်တဲ့သူတယောက်က ကဲ့ရဲ့စရာဖြစ်မယ်လို့ ဟြေတော့ သူက သိန်းကိုးထောင်ထဲက သိန်းကိုးရာ နုတ်ပြီး ကျန်တဲ့ သိန်းရှစ်ထောင့်တရာကို သုံးရစ် အရစ်ကျခွဲပေးမယ် ဆိုပြီးပြောလို့ သဘောတူခဲ့ရတယ်” လို့ ရှင်းပြပါတယ်။
စာချုပ်အကြမ်းလည်း လုပ်ခဲ့ပြီ ဖြစ်တဲ့အကြောင်း၊ ဒေါ်ဝါဝါဝင်းရွှေအနေနဲ့လည်း ဒီကိစ္စပြီးသွားဖို့ပဲ သိန်းကိုးရာဆိုလည်း ကျေနပ်တဲ့အကြောင်း သဘောတူခဲ့တယ်လို့ သိရတယ်။
“အဲဒါနဲ့ စာချုပ်ချုပ်မယ့် အချိန်ကို ရောက်တော့ သူ့ကို ဖုန်းဆက်တာ မရပါဘူး။ အခုနောက်ဆုံး ဇွန်လ ၁၄ ရက်နေ့မှာ လာညှိပါမယ် ဆိုပြီးတော့လည်း မလာခဲ့ပါဘူး၊ ဇွန် ၂၁ ရက်မှာ စာပြန်လာတာက ကျမကို သူက လမ်းနှစ်လမ်း ရွေးချယ်ခွင့် ပေးမယ်ဆိုပြီး ပါလာတယ်” လို့ ဒေါ်ဝါဝါဝင်းရွှေက ပြောပါတယ်။
ပထမနည်းက စာချုပ်ကို အရင်သဘောတူညီမှု အတိုင်း ၂၁ ထပ်အဆောက်အဦး ဆောက်ဖို့ စာချုပ် ဆက်ချုပ် ပေးပါတဲ့၊ အဲဒါကိုမှ လက်မခံရင် ဒုတိယနည်းလမ်းက ငွေအားလုံး အရှုံးခံပြီး စာချုပ်ဖျက်သိမ်းရမယ်၊ လုပ်ငန်းခွင် မြေနေရာကို ဒေါ်ဝါဝါဝင်းရွှေက ဦးကျော်မြင့်ဆီကနေ လက်ခံရယူရမယ် ဆိုတဲ့ နည်းနှစ်လမ်းပဲ ဖြစ်ပါတယ်။
“ကျမရဲ့နေအိမ်ကို လာရောက်မညှိနှိုင်း နိုင်တော့ဘူး ဆိုတဲ့အကြောင်း၊ နည်းလမ်း နှစ်ခုထဲက တခုမှ မရွေးချယ်ဘူး ဆိုရင် စိတ်ကြိုက် ဆောင်ရွက်နိုင်တဲ့အကြောင်း၊ သူ့ဘက်ကနေ ကျမကို ရင့်ရင့်သီးသီး ရေးလိုက်ပါတယ်။ သူ့ကိုလည်း ကျမ ယုံကြည်ပြီး အလုပ် ဆက်မလုပ်နိုင်တော့ပါဘူး၊ တနေ့ကမှ ကျမရဲ့ မြေထဲကို ဘိလပ်မြေဖျော်စက် နှစ်လုံးနဲ့ ဝါးလုံးတွေ သွင်းလာပါတယ်” လို့ ဒေါ်ဝါဝါ၀င်းရွှေက ဧရာဝတီကို ဟြေပါတယ်။
ဒါကတော့ ဒေါ်ဝါဝါဝင်းရွှေနဲ့ သူ့ရှေ့နေတို့က ဧရာဝတီကို ပြောသွားသမျှတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့ ဇွန် ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာကျပြန်တော့ ဦးကျော်မြင့်ရဲ့ တာဝန်ပေးချက်အရ သူ့ရှေ့နေတွေရဲ့ ဆန့်ကျင်ဘက် ဖြေရှင်းချက်တခု မျက်နှာပြည့် ဖော်ပြကြေညာလာတာ တွေ့လိုက်ရပြန်ပါတယ်။
ဦးကျော်မြင့် အနေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို လုံးဝ မစတင်ထားဘူးဆိုတာ မမှန်ကန်တဲ့ အကြောင်း၊ အောက်လမ်းနည်းနဲ့ လုပ်တယ်ဆိုတာလည်း လုံးဝ (လုံးဝ) မဟုတ်ဘူး ဆိုတဲ့အကြောင်း တရားစွဲဆိုမှုတွေကို ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က လက်ခံထားပြီး ဖြစ်တဲ့အကြောင်း ဖော်ပြထားတာပါ။
ဦးကျော်မြင့်ကို ဧရာဝတီက ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
အောက်လမ်းနည်း သုံးရာကနေ ဖြစ်ခဲ့တယ်ဆိုတဲ့ မင်းသမီးကြီးနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတို့ရဲ့ ခွာပြဲမှု ဇာတ်လမ်း နောက်ဆုံး အခြေအနေကတော့ ဒီလောက်ပါပဲ။ ဘယ်သူမှန်လို့ ဘယ်သူမှားတယ်၊ အောက်လမ်းနည်း သုံးတယ်၊ မသုံးဘူး စတဲ့ စိတ်ဝင်စား ဖွယ်ရာ ကိစ္စတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ကြားရသမျှ ဖန်သားပြင်ပေါ်မှာ ဆက်လက် ဖော်ပြ သွားပါမယ်။