အိမ်မက်ဆုံရာ Season 6 နောက်ဆုံး ပြိုင်ပွဲကြီးကို စက်တင်ဘာ ၁၅ ညနေ ၆ နာရီက ရန်ကုန် အမျိုးသားပြဇာတ်ရုံမှာ ကျင်းပခဲ့တာ ဖြစ်ပြီး Winner ပထမဆုကို ပရိသတ်တွေ ထင်မြင်ချက်ပေးနေတဲ့ ရတနာဝိုင်းက ရရှိခဲ့ပါတယ်။
ဒီအစီအစဉ်ကို ပြိုင်ပွဲတလျှောက်လုံး သာမက နောက်ဆုံး အဆင့် ပြိုင်ပွဲအထိ ချယ်နယ် ဆဲဗင်း ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသခဲ့တဲ့အတွက် စောင့်ဆိုင်း အားပေး ကြည့်ရှုသူ ပရိသတ် များစွာ ရှိခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့ ညကတော့ ချယ်နယ် ဆဲဗင်းမှာ ကြော်ငြာတွေ များလွန်းတာကြောင့် အပြီးအထိ စောင့်ကြည့်ချင်တဲ့ ပရိသတ်တွေ အခက် တွေ့ခဲ့ရပါတယ်။
နောက်ဆုံးဖိုင်နယ် ပွဲမှာလည်း အိမ်မက်ဆုံရာရဲ့ ပင်တိုင် အကဲဖြတ်ဒိုင်တွေဖြစ်တဲ့ တေးရေး မြင့်မိုးအောင်၊ တေးဆို စည်သူလွင်နဲ့ ရေဗက္ကာဝင်းတို့က တာဝန်ယူခဲ့ကြတာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင် ၉ ဦးရှိတဲ့ အထဲမှာ 1st Runner up လွန်းဇောင်း၊ 2nd Runner up ထွန်းပြည့်အောင်၊ 3rd Runner up L ခွန်ဇက်၊ 4th Runner up ဥမ္မာမွန်၊ 5th Runner up မင်းဇေယျာ၊ 6th Runner up Lဂျာဆိုင်းပန်၊ 7th Runner up မေမြတ်နိုး၊ 8th Runner up Russel တို့က အသီးသီး ဆွတ်ခူးခဲ့ပါတယ်။
ပြိုင်ပွဲ အစပိုင်းတွေမှာ ရမှတ်တွေကို ဖော်ပြပေမယ့် နောက်ပိုင်းမှာ ရမှတ်တွေကို မဖော်ပြတော့တာကြောင့် ဘယ်သူရမယ် ဆိုတဲ့ ထင်ကြေးကို ပေးဖို့ ခက်ခဲ့ ကြပေမယ့်လည်း ပရိသတ် မှန်းဆထားတဲ့ အတိုင်း ရတနာဝိုင်းပဲ ဆုရခဲ့တယ်လို့ သိရပါတယ်။ လူကြိုက်များမယ်လို့ ထင်ရတဲ့ Russel ကတော့ နောက်ဆုံးအဆင့် ချိတ်ခဲ့ပါတယ်။
Season 6 ပြိုင်ပွဲမှာ စတီရီယို သီချင်းများ၊ မြန်မာသံစဉ် သီချင်းများ၊ အင်္ဂလိပ် သီချင်းများ စသည်ဖြင့် အဆင့်ဆင့် ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။
“Season 6 မှာ ဂျက်ဇ်၊ အကူးစတစ်၊ ရော့ခ်၊ ပေါ့ပ် အဲဒီလို သီချင်း အမျိုးအစားတွေ ပြိုင်ခဲ့ရတဲ့အပြင် ကျမတို့ Season မှာမှ စတဲ့ Heart to Heart ဆိုတဲ့ အစီအစဉ်ကလည်း ပါလာတယ်။ ပိုပြီးတော့လည်း ရင်တုန်ရပြီး ပိုပြီးတော့လည်း ဂုဏ်ယူမိပါတယ်” လို့ Winner ဆုရှင် ရတနာဝိုင်းက ပြောပါတယ်။
ဒီပြိုင်ပွဲကနေ Winner ဖြစ်ခဲ့တဲ့ အတွက် ကြိုးစားရကျိုး နပ်တယ်လို့ ခံယူပြီး နောက်ထပ် အနုပညာ အလုပ်တွေကို ဝမ်းစာပြည့်ပြည့်ဝဝ လုပ်နိုင်အောင် အဆိုပိုင်း၊ အတီးပိုင်းတွေကိုလည်း ထပ်သင်ကြားနေတယ်လို့ သူက ဆိုပါတယ်။
Season 6 မှာ ပြိုင်ပွဲကာလ တလျှောက်လုံး အကဲဖြတ် ဒိုင်အဖြစ် မြင့်မိုးအောင်၊ စည်သူလွင်၊ ရေဗက္ကာဝင်းတို့ အပြင် ဧည့်သည် ဒိုင်တွေအဖြစ် တေးရေး မင်းချစ်သူ၊ ယုဇနနဲ့ ဆုန်သင်းပါရ် တို့လည်း ပါဝင် အကဲဖြတ် ပေးခဲ့တယ်လို့ သိရပါတယ်။ အသံပိုင်း နည်းပြ အနေနဲ့ ခိုင်မြဲသာက တာဝန်ယူခဲ့ပြီး စတေ့ချ်ပါဖောမင့် အနေနဲ့ မော်ဒယ်လ်နည်းပြ ဌေးမင်းထွန်းနဲ့ မြရွှေဝါတို့က တာဝန်ယူ သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။
အကဲဖြတ်ဒိုင် စည်သူလွင်က ယှဉ်ပြိုင်သမျှထဲမှာ Season 4 ကို အားအရဆုံး ဖြစ်ခဲ့ပြီး နောက်လာမယ့် Season တွေမှာလည်း အမှားအယွင်း မရှိ မျှမျှတတ ဆုံးဖြတ်ပေးသွားမယ်လို့ ပြောပါတယ်။
စည်သူလွင်က Season 6 လူရွေးခဲ့ ပုံနဲ့ ပတ်သက်ပြီး “ကျနော်တို့ အရင် Season ၅ ခုမှာ အယောက် ၂၀ ကနေမှ နောက်ဆုံး ၅ ယောက်ကို ရွေးခဲ့တယ်။ အခု Season 6 မှာ အယောက် ၁၀၀ ကနေ နှစ်ယောက်စီပြိုင်တဲ့ Heart To Heart အစီအစဉ်နဲ့ အယောက် ၁၀၀ ထဲကမှ ၉ ယောက်ကို ရွေးခဲ့တာပါ။ ၂ ယောက်တွဲ ဆိုတဲ့ ပုံစံလည်းပါတော့ ပရိသတ်လည်း စိတ်ဝင်စားသလို ပြိုင်ပွဲဝင်တွေရဲ့ အရည်အချင်းကို ပိုသိသာစေတာပေါ့” လို့ ရှင်းပြပါတယ်။
1st Runner Up ရရှိခဲ့တဲ့လွန်းဇောင်းကတော့ ပြိုင်ပွဲကာလ တလျှောက်လုံး သီချင်းတိုင်းမှာ အကတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ 1 W N ဆိုတဲ့ အကအဖွဲ့လည်း ရှိတဲ့ လွန်းဇောင်းက ပေါ့ပ်၊ R&B သီချင်းတွေကို အားသန်တဲ့ အတွက် ရှေ့ဆက်မယ့် အနုပညာ လမ်းမှာ အကအလှတွေနဲ့ တွဲဖက် သီဆိုရမယ့် ဂီတမျိုးကို ရွေးချယ်သွားမယ်လို့ ပြောပါတယ်။
ရှေ့ဆက်မယ့် အနုပညာ လမ်းကြောင်းနဲ့ ပတ်သက်ပြီး “Season 6 က သူငယ်ချင်းတွေနဲ့ အတွဲခွေ လုပ်ဖို့ရှိပါတယ်။ လောလောဆယ် သီချင်း တပုဒ် စလုပ်နေပါပြီ။ အိမ်မက်ဆုံရာ ပြိုင်ပွဲပြီးတော့ ကျနော်ပိုပြီး အနုပညာ လမ်းကြောင်း အတွက် အားရှိသွားပါတယ်” လို့ လွန်းဇောင်းက ဆိုပါတယ်။
ပေါ့ပ် သီချင်းတွေ ဆိုရတာ နှစ်ချိုက်တဲ့ 3rd Runner Up ဆုရှင် ထွန်းပြည့်အောင်ကလည်း အိမ်မက်ဆုံရာ အဖွဲ့ အခွေ အတွက် အားစိုက်နေတယ်လို့ ပြောပါတယ်။
“အိမ်မက်ဆုံရာမှာ မပြိုင်ခင်တုန်းက ကိုယ့်ကိုယ်ကိုယ် ဘာမှမသိခဲ့ဘူး။ သီချင်းဆိုတတ်တယ် လောက်ပဲ သိခဲ့ပါတယ်။ အခုတော့ ဆရာခိုင်မြဲသာကြောင့် သီချင်းနဲ့ ဆိုင်တဲ့ နည်းပညာတွေကိုလည်း နားလည်လာတယ်။ ပါဖောမင့် ပိုင်းမှာလည်း ဆရာ ဌေးမင်းထွန်းနဲ့ ဆရာမ မြရွှေဝါကြောင့် သီချင်းတပု်းဆိုရင် ဘယ်လိုပါဖောမင့် ရှိသင့်တယ်ဆိုတာ လေ့လာခွင့်ရပါတယ်” လို့ သူက ဆက်ပြောပါတယ်။
Season 7 ကိုလည်း စတင်နေပြီ ဖြစ်ပြီး အယောက် ၁၀၀၀ လာရောက် လျှောက်လွှာတင်တဲ့ အထဲကနေ အယောက် ၁၀၀ ပဏာမ ရွေးခဲ့ပြီး လက်ရှိမှာ နောက်ဆုံး ၈ ယောက် ရွေးထားပြီး ဖြစ်တယ်လို့ စည်သူလွင် ဆီက သိရပါတယ်။