သူလေးစား စံထားသူက Bob Marley ဖြစ်သည်။ သူယုံကြည်တာက ငြိမ်းချမ်းရေးဖြစ်ပြီး သူ၏ တီးဝိုင်းနာမည်က ကျယ်ပြန့် နက်ရှိုင်းသည့် မေတ္တာကို ဆိုလိုသော “One Love” ဖြစ်သည်။ တန်းတူညီမျှ တသားတည်း ပေါင်းစည်းမှုဟုလည်း သူက ဖွင့်ဆို ပြခဲ့သည်။
ရက်ဂေးဂီတသမား စောဖိုးခွားက ထူးခြားသူ တယောက်ဖြစ်သည်။ သုံးရောင်ချယ် သိုးမွေးဦးထုပ်ထဲက ထွက်ကျလာသည့် သူ့ဆံပင်တွေက သဘာဝအတိုင်း ရှည်လျား ကောက်ကွေ့နေသည်။ သူသည် ပဋိပက္ခတို့ လွှမ်းမိုးထားသော သူ့မွေးရပ်မြေကို ငြိမ်းချမ်းစေချင်သည့် သန်းပေါင်းများစွာသော မြန်မာတွေထဲက တယောက်သာ ဖြစ်ပါသည်ဟု စောဖိုးခွားက ဆိုသည်။ သူက ငြိမ်းချမ်းရေး၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို ထောက်ခံသူဖြစ်သည်။ သူ၏ ဂီတက ဒါတွေဆီရောက်ဖို့ ကူညီပေးနိုင်လိမ့်မည်ဟု သူကယုံကြည်သည်။
အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သော တေးရေး တေးဆို စောဖိုးခွားကို အရင်တုန်းက အများပြည်သူ မြင်ရခဲသည်။ အစိုးရ တာဝန်ရှိသူတွေနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်တွေ အားလုံးက ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အယူအဆတွေ တွင်တွင်ကျယ်ကျယ် ပြောဆိုဆွေးနွေးလာကြသည့် အချိန်မှာတော့ သူအရင်ကထက် ပိုပြီး လှုပ်ရှားဖြစ် ခဲ့သည်။
သူ၏ ကျော်ကြားသော သီချင်းတွေထဲက တပုဒ်ဖြစ်သည့် “ချစ်ကြပါ” ဟုအမည်ရသည့် သီချင်းကို အစိုးရ၏ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုအဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း ကြိုက်သည်ဟု ဆိုသည်။ ဦးအောင်မင်းက ကရင်အမျိုးသား စောဖိုးခွား လက်တန်းဖန်တီးပြသည့် ဂီတသံတွေကိုလည်း သဘောကျသည့်အတွက် ရန်ကုန်ကိုရောက်တိုင်း အလည်လာဖို့ ဖိတ်ခေါ်တတ်သည်။
မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဂီတပွဲတော်မှာ လာရောက်ဖျော်ဖြေဖို့ စောဖိုးခွား ဖိတ်ခေါ်ခြင်းခဲ့ရသည်။ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား အားကစားရုံတွင် ကျင်းပသည့် ဂီတပွဲတော်သို့ လူထောင် သောင်းချီ၍ လာရောက် ကြည့်ရှု့ခဲ့ကြသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် နောက်ထပ် ငြိမ်းချမ်းရေးကို ရည်စူးသည့် အခမဲ့ ဂီတပွဲတခု ထပ်မံပြုလုပ်ဖို့ စီစဉ်နေကြောင်းလည်း သူက ပြောသည်။
နိုင်ငံရေးကိစ္စမှာ အနုပညာသမားများ အချို့ အသုံးချခံဖြစ်နေရခြင်းများကို သတိထားမိသော စောဖိုးခွားက သူအရင် တုန်းက လူများစုနှင့် ဆိုင်သည့်ကိစ္စတွေမှာ မျက်နှာပြလေ့မရှိဘဲ အခြားနာမည်ကျော် မြန်မာအဆိုတော်တွေ လုပ်ကြသည့် ဖျော်ဖြေပွဲကြီး တွေကိုလည်း ပါဝင်တက်ရောက်လေ့မရှိကြောင်း၊ သို့သော်လည်း ယခုအချိန်မှာ အစိုးရက ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် အတွက် တိုင်းရင်းသား လူနည်းစုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လာသောအခါ ဆွေးနွေးမှုတွေ အဖြေထွက်နိုင်ဖို့ အနုပညာသမားတယောက် အနေဖြင့် သူ့မှာလည်း တာဝန်ရှိနေပြီဟု ခံစားရကြောင်းပြောသည်။
ငြိမ်းချမ်းရေးနှင့် စိတ်သဘောထားညီညွတ်မှုကို အလေးပေးရေးဖွဲ့ ထားသော သူ၏သီချင်းများသည် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေနှင့် အလွန်ပင် ကိုက်ညီတိုက်ဆိုင်နေသည်ကို နားလည်ခံစားမိသည့် အတွက် ဇူလိုင်လအတွင်းက ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဂီတပွဲတော်မှာ ဝင်ရောက်ဆင်နွဲဖို့ စောဖိုးခွား သဘောတူလိုက်သည်။
“စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုဏာတရားနဲ့ပဲ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။ ကျနော်တို့ နိုင်ငံမှာ အခုလိုဖြစ်နေတာတွေက တဦးကို တဦး မေတ္တာမထားနိုင်ခဲ့ကြလို့ ဖြစ်ခဲ့ကြတာပါ။ ဒါကြောင့်လည်း အမျိုးသားရေးဝါဒနဲ့ ဘာသာရေး ပြဿနာတွေကို အခုရင်ဆိုင်နေကြရတာ။ ကျနော်တို့ အခုတွေ့ကြုံနေရတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းရင်း နဲ့ ပတ်သက်လို့ ပြည်သူတွေကို သတင်းပေးချင်တယ်” ဟု စောဖိုးခွားက ဆိုသည်။
ရန်ကုန်တိုင်း အလုံမြို့နယ်တွင်နေထိုင်သော ခရစ်ယန်ဘာသာဝင် မိသားစုအတွင်း မွေးဖွားခဲ့သော စောဖိုးခွားအတွက် ငယ်စဉ်ကလေးဘဝကတည်းက ဂီတနှင့် ရင်းနှီးခဲ့ရသည်။ အသက် ၁၇နှစ် အရွယ်ရောက်ချိန်တွင် သူငယ်ချင်းတယောက် ပေးသည့် Bob Marley ၏ သီချင်းခွေကို ပထမဆုံး နားထောင်လိုက်ရပြီးသည့် နောက်မှာတော့ ဂျမေကာ အမျိုးသား အဆိုတော် သီချင်းရေးဆရာ၏ စိတ်ခံစားမှုကို ထပ်တူခံစားသိမြင်လိုက်ရသည်။
“လွတ်လပ်ခြင်းရဲ့ အရသာကို ကျနော်ကြိုက်တယ်။ Bob Marley ရဲ့ ရက်ဂေး သီချင်းတွေမှာ လွတ်လပ်ခြင်းတွေနဲ့ ပြည့်နေတယ်။ သူ့ သီချင်းတွေကို နားထောင်ပြီးတဲ့အခါ ကျနော်လည်း ရက်ဂေးကို စွဲလမ်းသွားတယ်။ သူ့ရဲ့ ခံစားချက်က လွတ်လပ်တယ်လေ” ဟု စောဖိုးခွားက ပြောသည်။
“ရက်ဂေး ဂီတကြောင့် ကျနော့်ဘ၀ ပြောင်းလဲခဲ့ရတယ်။ ရက်ဂေးက ကျနော့်ကို တက်ကြွစေတယ်။ ကျနော် သေတဲ့အထိ နားထောင်သွားမယ်။ ရက်ဂေးက ကျနော့်ဘဝပဲ။ ကျနော့် အဝတ်အစားတွေကို ကြည့်ရင် ကျနော် ရက်ဂေးကို ဘယ် လောက်အထိ ရူးသွပ်တယ်ဆိုတာ ခင်ဗျားတို့ သိနိုင်ပါတယ်” ဟု သူကဆိုသည်။ မေးစေ့မှာ ရေးထိုးထားသော အဝါ၊ အစိမ်း နှင့် အနီရောင်ချယ် ဆေးမင်ကြောင်က ဤဂီတအမျိုး အစားကို စောဖိုးခွား ဘယ်လောက်အထိ နှစ်သက်စွဲလမ်းသည်ကို ဖော်ပြနေသည်။
ဂီတလောကထဲသို့ ဝင်ရောက်ခဲ့ခြင်းသည် ရက်ဂေးဂီတကို ပြန့်ပွားထွန်းကားစေချင်၍သာ ဖြစ်ပြီး ငွေကြေး အကျိုးအမြတ် ရရှိဖို့ မဟုတ်ဟု သူကဆိုသည်။
“သီချင်းရေးဆရာ အဆိုတော် ထူးအိမ်သင် ဆိုရင် သူ့ကို လူကြိုက် အရမ်းများတယ်။ ဒါပေမယ့် သူမချမ်းသာဘူး။ ကျနော့်ရဲ့ သီချင်းတပုဒ်ထဲမှာ ကျနော့်ရဲ့ ငွေရေးကြေးရေး အခြေအနေ အကြောင်း ထည့်ဆိုဖူးပါတယ်။ ကျနော့်မှာ နေ့စဉ် အခြေခံလိုအပ်ချက်တွေ အတွက်တောင်မှ အခက်အခဲတွေရှိနေတယ်။ ညစာ ကောင်းကောင်း တနပ်စားနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ကျနော့်ဘဝက လွတ်လပ်တယ်။ ကျနော် လိုချင်တာ အဲဒါပါပဲ” ဟုလည်း စောဖိုးခွား က ပြောသည်။
“ပိုက်ဆံနဲ့ ဘဝကို မဝယ်နိုင်ဘူး” ဆိုသည့် Bob Marley၏ စကားကို ကိုးကား၍ ဘဝကို တန်ဖိုးဖြတ်လို့မရဟု သူယုံကြည် ကြောင်း စောဖိုးခွားကပြောသည်။ “ကျနော့် ဘဝကို ဦးတေဇ (မြန်မာနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် လုပ်ငန်းရှင် သူဌေး ကြီး)ရဲ့ ဘဝနဲ့ မလဲနိုင်ပါဘူး။ ကျနော့် ဘဝကို ခင်ဗျား ဝယ်လို့မရဘူး” ဟု သူကဆိုသည်။
သို့သော်လည်း သူ့ဘဝအဆုံးသတ်ပြီး ကမ္ဘာလောကမှ ထွက်ခွာသွားချိန်တွင် သူချန်ထားခဲ့ချင်တာ တခုတော့ရှိသည်။ သူ မြတ်နိုးသော ဂီတကို ဖော်ပြသည့် ပြတိုက်တခုတည်ထောင် ထားခဲ့ချင်သည်။
အခုအချိန်အထိ စောဖိုးခွား သီချင်း ၄ ခွေ ထုတ်ဝေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ဂီတတွေ ထပ်မံ၍ ဖန်တီးနိုင်ရန် မျှော် လင့်နေပြီး ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ဂီတပွဲတွေ ရန်ကုန်၊ ကချင်နှင့် ကရင်ပြည်နယ်တွေမှာ ထပ်ပြီး လုပ်ချင်နေ သည်။
သူ၏ လူငယ်ဘ၀ နေ့ရက်များ အကြောင်းပြန်ပြောရင်း စောဖိုးခွားက သူငယ်စဉ်က လူမျိုးရေးနှင့် ပတ်သက်၍ ခံစား ချက် ပြင်းထန်ခဲ့သည်ဟု ဆိုသည်။
“ကျနော် ငယ်ငယ်တုန်းက ကရင်လူမျိုးဖြစ်ရတာကို ဂုဏ်ယူခဲ့တယ်။ ကျနော့်ရဲ့ လူမျိုးရေးကို ရှေ့တန်းမှာ ထားခဲ့သည်။ ဒါပေမယ့် တနေ့တော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်တဲ့အခါ တကယ်ကိုရှက်ခဲ့တယ်။ ကျနော့်မှာ ဒီလို စိတ်ဓာတ်နဲ့ အတွေး အခေါ်တွေ ရှိနေတဲ့ အတွက်ရှက်မိတယ်။ ကျနော့်ကိုယ်ကျနော် ပြောင်းလဲ ဖြစ်ခဲ့ပါတယ်။ အဲဒါ Bob Marley ကြောင့် ပါ။ သူဟာ လူဖြူ လူမည်း မခွဲခြားခဲ့ဘူး။ သူဟာ လူသားတယောက်ဖြစ်တဲ့အတွက် လူသားတွေဖက်ကပဲ ရပ်တည်ခဲ့တယ်” ဟု စောဖိုးခွားက ပြောသည်။
ထို့ပြင် သူက အမျိုးသား ညီညွတ်ရေးကို ပြန်လည်တည်ဆောက်ရာတွင် အတားအဆီးတခုသဖွယ်ဖြစ်အောင် အခြားသော လူမျိုးစုများ အပေါ်တွင် မယုံကြည်မှုများ နက်ရှိုင်းစွာထားခဲ့ကြသည့် ရှေ့က မျိုးဆက်ဟောင်းများကို အပြစ်တင်ဝေဖန် ခဲ့ သည်။
“ကျနော်တို့ ဘိုးဘွား၊ မိဘတွေရဲ့ သွန်သင်မှုက တခါတလေကျရင် လမ်းလွဲနေတယ်။ သူတို့က မကောင်းတဲ့ အမွေတွေ ထားခဲ့ကြတယ်။ သူတို့ကပြောတယ် ဗမာတွေကို မယုံနဲ့၊ သူတို့က လူဆိုးတွေတဲ့။ အဲဒါ ကျနော်တို့လူကြီးတွေ ကျနော် တို့ကို သင်ပေးတတ်တဲ့ အကြောင်းအရာပဲ” ဟုသူကဆိုသည်။
အမုန်းတရား၊ လူမျိုးရေး ရှေ့တန်းတင်မှု နှင့် အခြားသူတဦးအပေါ် မေတ္တာထားနိုင်မှုကင်းမဲ့ခြင်းတို့ကြောင့် ဘာသာရေး လူမျိုးရေး ပဋိပက္ခများ၊ ဆယ်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ ပြီဖြစ်သော တိုင်းရင်းသားလူမျိုးစုများကြားမှ လက်နက်ကိုင် စစ်ပွဲ များ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်ဟု စောဖိုးခွားက ယုံကြည်သည်။
“ရက်ဂေး ဂီတသမားတွေမှာ တူညီတဲ့ ခံစားမှုနဲ့ အတွေးအခေါ် အယူအဆတွေရှိတယ်။ တကယ်လို့ ချင်းမိုင်မြို့မှာ ဖြစ်ဖြစ် ပါရီမှာ ဖြစ်ဖြစ် ရက်ဂေး အဆိုတော်တယောက်ကို ခင်ဗျားတွေ့မယ်ဆိုရင် ရန်ကုန်မှာ ကျနော့်ကို ဒီလို ရက်ဂေး အဝတ် အစား နဲ့ မြင်ခဲ့ဖူးတာကို သတိရလိမ့်မယ်” ဟုလည်း သူကပြောသည်။
“ကျနော်တို့က တူညီမှုနဲ့ မျှတမှုကို ယုံကြည်တယ်။ လူတိုင်းဟာ တန်းတူခံစားခွင့်ရှိတယ်။ ဒါက ကျနော် ပြည်သူတွေကို ပေး ချင်တဲ့ သတင်းစကားပါပဲ”
စောဖိုးခွားက လူမျိုးရေး ရှေ့တန်းတင်မှုကို ပြင်းထန်စွာ ဆန့်ကျင်သည်။ မျိုးချစ်ဝါဒ နှင့် အချို့သောသူတို့၏ အခြား တိုင်း ရင်းသား လူမျိုးစုတို့၏ တန်းတူညီမျှမှုကို အလေးမထားမှုတို့ကြောင့် မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကာလရှည်ခဲ့ရပြီး လူများစု ဖြစ်သော ဗမာတွေက ကရင်အပါအဝင် အခြားသော တိုင်းရင်းသား လူနည်းစုများကို နှစ်ပေါင်းများစွာ ဖိနှိပ် အုပ်ချုပ်ခဲ့သည် ဆိုသည့် အမြင်များကိုလည်း ဖြစ်ပေါ်လာစေခဲ့သည် ဟု သူက ယူဆသည်။
“ကရင် ဘာသာနဲ့ သီဆိုထားတဲ့ ကျနော့်ရဲ့ သီချင်း တပုဒ်ထဲမှာ ကျနော် ပြောချင်တဲ့ အချက်တွေကို မေးခွန်းတခု အနေနဲ့ ထည့် ထားတယ်။ ဗမာတွေကို သတ်ဖြတ် ဖျက်ဆီးတာက ကျနော်တို့ (ကရင်လူမျိုးတွေ)က ကျနော်တို့ ကရင်လူမျိုးတွေကို ချစ်လို့လား။ တခြားသော တိုင်းရင်းသားတွေကို တိုက်ခိုက်အနိုင်ယူခြင်းကို မျိုးချစ်စိတ်ဓာတ်လို့ ဆိုနိုင်မှာလား လို့”
( Saw Yan Naing နှင့် Lawi Weng တို့၏ Singing Reggae, Seeking Reconciliation ကို နိုင်မင်းသွင် ဘာသာပြန်သည်)
စောဖိုးခွား၏ ချစ်ကြပါသီချင်း