ဂျာမနီနိုင်ငံ အခြေစိုက် The Ideal Beauty ဝက်ဘ်ဆိုက်မှာ ၂၀၁၃ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ Miss Universe အလှမယ်ပြိုင်ပွဲ အပါအဝင် ပြိုင်ပွဲ ၆ ခုကနေ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အလှမယ် ၅၈၅ ဦးထဲကနေပြီး အလှဆုံးမယ် ၁၀၀ ကို ရွေးချယ်ပြီး အဲဒီ အလှမယ် ၁၀၀ ထဲကမှ ၁ ဦးကို စိန်နဲ့ ပြုလုပ်ထားတဲ့ ဆုတံဆိပ်ချီးမြှင့်မယ့် အစီအစဉ်မှာ မြန်မာအလှမယ် ခင်ဝင့်ဝါ ပါဝင်နေတယ်လို့ သိရပါတယ်။ ခင်ဝင့်ဝါဟာ Miss Supranational 2013 ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Title ဆု ၄ ဆု ရရှိခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် ခင်ဝင့်ဝါက သူ့ရဲ့ မျက်ကြည်လွှာကို လှူဒါန်းထားကြောင်းလည်း သိရတဲ့အတွက် အလှမယ်ခင်ဝင့်ဝါကို ဧရာဝတီသတင်းဌာနက တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ The Ideal Beauty ဝက်ဘ်ဆိုက်ကနေ ၂၀၁၃ ခုနှစ်အတွက် ပြိုင်ပွဲ ၆ ခုထဲကမှ အလှဆုံးအယောက် ၁၀၀ ကို ရွေးတဲ့ထဲမှာ ခင်ဝင့်ဝါ ပါဝင်နေတာ တွေ့ရတဲ့အတွက် ဘယ်လို ခံစားရပါသလဲ။
ဖြေ။ ။ ဒီလိုမျိုး အယောက် ၅၀၀ ကျော်ထဲကမှ ၁၀၀ ပဲရွေးတာ။ အဲဒီထဲမှာ ပါဖို့ဆိုတာက ကံအရမ်းကောင်းမှ ရမှာပါ။ ညီမက နံပါတ် ၅၆ ဖြစ်တဲ့အတွက် အရမ်းအရမ်းကို ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားပြိုင်ခဲ့ပြီး ဒီလိုမျိုးလည်း ထပ်ပြီးရွေးချယ်ခံရတယ်၊ အသိအမှတ်ပြု ခံရတဲ့အတွက် အရမ်းလည်း ဝမ်းသာပါတယ်။
မေး။ ။ တကယ်လို့ The Winners of Ideal Beauty သာရခဲ့မယ်ဆိုရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ။
ဖြေ။ ။ သူတို့တတွေက ဘယ်လိုပုံစံမျိုး ရွေးချယ်သွားမယ်တော့ မသိဘူး။ ငါ ရကိုရရမယ်လို့တော့ မျှော်မှန်းထားတာမျိုး မရှိပါဘူး။ ကိုယ့်ထက် အများကြီးသာတဲ့ မယ်တွေ၊ ကိုယ့်ထက် အရမ်းအရမ်း လှတဲ့သူတွေလည်း ရှိတော့ အရမ်းကြီး မျှော်လင့် မထားပါဘူး။ တကယ်လို့ အဲဒီစိန်ကို ရယူနိုင်မယ်ဆိုရင် အတိုင်းမသိ ပီတိဖြစ်မိမှာ အသေအချာပဲ။ ရတဲ့ဆုကိုလည်း ဘုရားကိုလှူမှာပါ။ ရွှေတိဂုံဘုရား ဌာပနာထဲမှာ ထည့်ပြီးလှူဒါန်းချင်တယ်။
မေး။ ။ ခင်ဝင့်ဝါ အနေနဲ့ ပြိုင်ပွဲတွေ ဝင်တဲ့အချိန်မှာ၊ အလုပ်တွေ လုပ်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဘယ်လို တည်ဆောက်လဲ။
ဖြေ။ ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မွေးမြူတဲ့ နေရမှာ ကြိုတင် စိတ်ကူးထားတာမျိုးတော့ မရှိပါဘူး။ ဘယ်အလုပ်ကိုမဆို အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ယုံကြည်မှုရှိရှိ လုပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း လိုအပ်သေးတယ်ပဲ တွေးဖြစ်တယ်။ ငါ Perfect ဖြစ်နေပြီလို့ ဘယ်တော့မှ မတွေးမိဘူး။ အဲဒါကြောင့်လည်း Perfect ဖြစ်တဲ့သူဆိုတာ မရှိဘူး။ ဘယ်အရာ မဆို လိုအပ်သေးတာပဲလို့ မြင်ပြီး ကြိုးစားဖြစ်သွားတာပါ။ ဘယ်အလုပ်ကိုမဆို အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားတာပေါ့။ အရမ်းကြီး လွန်လွန်ကဲကဲကြီးတော့ ယုံကြည်ချက်ကို မထားပါဘူး။
မေး။ ။ ပြိုင်ပွဲဝင်နေတဲ့ ကာလတလျှောက်မှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ပြီး အောင်မြင်မှုကို ရယူခဲ့ရတော့ အခုလိုမျိုး ထပ်လောင်းရွေးချယ် ခံရတဲ့အပေါ် ဘယ်လိုမြင်မိသလဲ။
ဖြေ။ ။ ကံတရားအပေါ် မူတည်တယ်လို့ ပြောရပါမယ်။ အဓိကကတော့ ဘုရားတရားပေါ့။ ကိုယ်က ဗုဒ္ဓဘာသာ တယောက် ဖြစ်တဲ့အတွက် ဘုရားတရား အပေါ်လည်း ယုံကြည်တယ်။ ဘုရားမတာလည်းပါတယ်။ အခက်အခဲကနေ ကြိုးစားမှုအပေါ် မူတည်လာတဲ့ ရလဒ်တခုလို့ မြင်မိပါတယ်။ ညီမကို တိုက်ခိုက်မှုတွေတော့ ကြုံရပါတယ်။ အဲဒီလို တိုက်ခိုက်တဲ့ သူတွေကိုလည်း ဘယ်လိုမှ မတုံ့ပြန်ပါဘူး။ အားပေးတဲ့သူ ရှိသလို၊ အားမပေးတဲ့သူလည်း ရှိတယ်။ ဝေဖန်တဲ့သူရှိသလို ချီးမွမ်းတဲ့ သူလည်း ရှိတဲ့အတွက် အကုန်လုံးကိုတော့ တသမတ်တည်းပဲ စိတ်ထားပါတယ်။
မေး။ ။ ခင်ဝင့်ဝါ မျက်ကြည်လွှာလှူထားတယ်လို့ သတင်းကြားမိတယ်။ အဲဒါဟုတ်လား၊ ဘယ်လိုဖြစ်လို့ လှူဖြစ်ခဲ့တာလဲ။
ဖြေ။ ။ လှူဒါန်းဖြစ်တာက တော်တော်လေး ကြာပါပြီ။ မျက်ကြည်လွှာ လှူဒါန်းဖြစ်တာက ညီမ သူငယ်ချင်းတွေကနေ စတာပေါ့။ အမှန်အတိုင်း ပြောရရင် ညီမအရင်တုန်းက မျှော်မှန်းထားတာက ခန္ဓာကိုယ်ကို လှူဒါန်းချင်တာပေါ့။ ခန္ဓာကိုယ် ဆိုတာက ကိုယ်သေသွားရင် ဘာမှ မလိုအပ်တော့ဘူးလေ။ တကယ်လိုအပ်တဲ့ သူတွေအတွက် ကိုယ့်မှာရှိတဲ့ မျက်လုံးပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ် အစိတ်အပိုင်းထဲက ဘယ်ဟာကိုပဲ ဖြစ်ဖြစ် လှူဒါန်းလိုက်ရတဲ့ အတွက် ကိုယ်သေသွားလည်း ကုသိုလ် ရတယ်လို့ မြင်တယ်။ ငယ်ငယ်လေးကတည်းက လှူဒါန်းချင်ခဲ့တာပါ။ တကယ်တမ်း အသက်အရွယ်ရလာတော့ လှူဒါန်းချင်လို့စုံစမ်းတော့ ခန္ဓာကိုယ်လှူဒါန်းမှုက ပြည့်သွားလို့ လက်မခံတော့ဘူး ဆိုပြီးကြားတယ်။ ဒါပေမယ့် လှူဒါန်းလို့ရတာ မျက်ကြည်လွှာတော့ အဆင်ပြေမယ်ပေါ့။ အဲဒါကြောင့် မျက်ကြည်လွှာပဲ လှူဖြစ်ခဲ့တာပါ။ ကိုယ်သေဆုံးသွားလို့ ကိုယ့်အတွက် တန်ဖိုးမရှိတဲ့အရာက သူများတွေအတွက် အထောက်အပံ့ဖြစ်ရင် ဝမ်းသာမိမှာပါ။
မေး။ ။ လှူဒါန်းမယ့် မျက်ကြည်လွှာကို ဂရုတစိုက် လုပ်ဖြစ်တာရှိလား။
ဖြေ။ ။ လှူဒါန်းမယ့် မျက်ကြည်လွှာကိုလည်း ကိုယ်သေသွားတဲ့အခါ တခြားတယောက် ထပ်မံ အသုံးပြုလို့ရအောင် လေ့ကျင့်ခန်းတွေ၊ မျက်လုံးသန့်စင်နည်းတွေနဲ့ ဂရုစိုက်ဖြစ်ပါတယ်။
မေး။ ။ ပရဟိတ ဆိုတဲ့ အဓိပ္ပာယ်ကို ဘယ်လိုနားလည်သလဲ။ ဘာကြောင့် ပရဟိတတွေ အလုပ်တွေ လုပ်ဖြစ်တာလဲ။
ဖြေ။ ။ ပရဟိတတွေ လုပ်ဖြစ်တယ်။ ဒါပေမယ့် ညီမက ပရဟိတဆိုတဲ့ အဓိပ္ပာယ်ကို သေချာနားမလည်ပေမယ့် လိုအပ်နေတဲ့ နေရာတွေမှာ သွားကူညီဖြစ်တယ်။ တကယ်လိုအပ်တဲ့ သူတွေကို လှူဒါန်းခွင့်ရလို့ ကိုယ်လည်း ပီတိဖြစ်ရသလို သူတို့လည်း ဝမ်းသာနိုင်မယ်။ အဲဒါကြောင့် ပရဟိတ အလုပ်တွေကို လုပ်ဖြစ်နေတာပါ။
မေး။ ။ ညီမအနေနဲ့ ၂၀၁၃ ဆီးဂိမ်းမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်ဖို့ စိတ်ကူးထားသလဲ။
ဖြေ။ ။ ညီမအနေနဲ့ ဆီးဂိမ်း အစတုန်းကတော့ ကူညီပေးဖြစ်တယ်။ နယ်တွေမှာ အားကစားသမားတွေကို သွား အားပေးတာတော့ လုပ်ပေးဖြစ်တယ်။ အခုတော့ ဆီးဂိမ်းမှာပါဝင်ဖို့ ကမ်းလှမ်းထားတာမျိုး မရှိသေးပါဘူး။ ကိုယ့်မြန်မာနိုင်ငံမှာ လုပ်တဲ့အတွက် ဘယ်လိုအခန်းကဏ္ဍ မျိုးပဲဖြစ်ဖြစ် ကမ်းလှမ်းလာရင်လည်း လုပ်ပေးသွားဖို့ရှိပါတယ်။
မေး။ ။ လတ်တလော အနုပညာ လှုပ်ရှားမှုတွေ ပြောပြပါအုံး။
ဖြေ။ ။ သစ္စာနေခြည်၊ ရွှေစင်ဦး ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးတို့နဲ့ ဇာတ်ကားနှစ်ကား ရိုက်ပြီးပြီ။ ၁၀ ကားစီ စာချုပ်လည်း ချုပ်ထားပါတယ်။ ဒါရိုက်တာတွေက ညီမနဲ့လိုက်မယ့် ဇာတ်တွေကိုပဲ ရွေးပြီးရိုက်ပေးတယ်။ ညီမကလည်း သဘောကျတယ်။ စိတ်နဲ့ ထပ်တူကျပါတယ်။
မေး။ ။ ခင်ဝင့်ဝါကိုစောင့်ကြည့်နေတဲ့ ပရိသတ်ကို ဘာများပြောချင်သေးလဲ။
ဖြေ။ ။အခုနောက်ပိုင်း facebook သိပ်မသုံးဖြစ်တော့ ပရိသတ်တွေက ညီမဘာလုပ်နေသလဲဆိုတာ မသိကြဘူး။ အလုပ်တွေ အရမ်းရှုပ်နေတော့ ပရိသတ် ထိတွေ့မှုလည်း အားနည်းခဲ့ပါတယ်။ အဲဒါကြောင့် ပရဟိတတွေ၊ လူမှုရေး လှုပ်ရှားမှုတွေ လုပ်ဖြစ်နေပြီး ဇာတ်ကားတွေလည်း ရိုက်ဖြစ်နေတဲ့အတွက် အားပေးကြပါ၊ ဝေဖန်ကြပါ။ ပရိသတ်တွေလည်း နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အရာအားလုံး ပြီးပြည့်စုံပါစေလို့ ဆုတောင်းပါတယ်။