နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် အသီးသီး၌ ဝင်ရောက် ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၅၀၃ ဦး ရှိခဲ့သည့်အနက် ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ် တင်ပြရန် ကိုယ်စားလှယ်လောင်း၂၁၀ ကျန်ရှိနေကြောင်း သိရသည်။
“တတိုင်းလုံးမှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၅၀၃ ဦး ရှိတယ်။ အခုချိန်အထိ ၂၉၃ ဦးပဲ ရွေးကောက်ပွဲအသုံးစရိတ် တင်ပြလာ တယ်။ ကိုယ်စားလှယ်လောင်း ၂၁၀ လောက်က ရွေးကောက်ပွဲ အသုံးစရိတ်တွေ အခုချိန်အထိ တင်ပြလာတာ မရှိသေးဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ဧရာဝတီကို ပြောသည်။
ရွေးကောက်ပွဲ အသုံးစရိတ်တင်ပြရန် ကျန်ရှိနေသည့် ကိုယ်စားလှယ်လောင်းများမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၆၃ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၂၈ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ၁၁၇ ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအားလုံး၏ ၄၁ ရာခိုင်နှုန်း ရှိနေကြောင်း သိရသည်။
ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲရလဒ် ကြေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း မိမိတို့သုံးစွဲခဲ့သည့် ရွေးကောက်ပွဲ ကုန်ကျစရိတ်များ တင်ပြရန် တာဝန်ရှိကြောင်း လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေများတွင် ပြဌာန်းထားသည်။
ဧရာဝတီတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို ဒီဇင်ဘာ ၁၄ ရက်နေ့ နောက်ဆုံးထား၍ တင်ပြကြရန် နိုင်ငံရေးပါတီ အသီးသီးနှင့် ကိုယ်စားလှယ်လောင်းများကို ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များက အသိပေး အကြောင်းထားကြောင်း သိရသည်။
“ရွေးကောက်ပွဲ ကုန်ကျစရိတ်တွေကို ဒီလ ၁၄ ရက်အထိ ကျနော်တို့ စောင့်ပေးမယ်။ ကြားထဲမှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်လည်း ကော်မရှင်ရုံးတွေဖွင့်ပြီး လက်ခံပေးမယ်။ တကယ်လို့ သတ်မှတ်ရက်အတွင်းမှ လာမတင်ခဲ့ရင်တော့ အရည်အချင်း ပျက်ယွင်းသူအဖြစ် သတ်မှတ်ပြီး နိုင်ငံတော်ပြန်တမ်းနဲ့ သတင်းစာကနေ ကြေညာခြင်း ခံရမယ်”ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က ဆိုသည်။
ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခြင်းခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သည် နောင်ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရမည်မဟုတ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က သတိပေး ပြောဆိုထားသည်။
“ကျနော်တို့ ပါတီကတော့ ဧရာဝတီတိုင်းမှာ ၇၄ ဦး ဝင်ပြိုင်တာ ၅၀ လောက်တော့ တင်ပြီးသွားပါပြီ။ ကုန်ကျစရိတ် တင်ပြဖို့ နည်း နည်း နောက်ကျသွားတာက တချို့ကျတော့လည်း ဒါကိုသိပ်ဂရုမထားသလို တချို့ကျတော့လည်း အရေးနိမ့်သွားတော့ စိတ်ဓာတ် ကျတာတွေလည်း ပါတာပေါ့။ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအားလုံး ကုန်ကျစရိတ်တွေ တင်ပြဖို့ လုပ်ဆောင်သွားမှာပါ”ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၏ ဧရာဝတီတိုင်း တာဝန်ခံ ဦးစန်းလေးက ဧရာဝတီကို ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း အတွင်းရှိ မဲဆန္ဒနယ် ၉၂ နေရာ၌ ပါတီပေါင်း ၁၇ ခုမှ ကိုယ်စားလှယ်လောင်း ၄၉၁ ဦးနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁၂ ဦး၊ စုစုပေါင်း ၅၀၃ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က(NLD) မဲဆန္ဒနယ် ၈၈ နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၄ နေရာ အနိုင်ရရှိခဲ့သည်။