ကိုဖြိုးကိုကို
အသက် (၂၈) နှစ်
IT Officer
ကျနော်ကလက်ရှိ INGO (International Non-government Organization) တခုမှာ IT Officer အနေနဲ့ အလုပ်လုပ်နေပါတယ်။ ကျနော် IT နည်းပညာကို ဘယ်ကနေဘယ်လိုစပြီး စိတ်ဝင်စားဖြစ်လဲဆိုတော့ ကျနော် ငယ်ငယ်ကတည်းက အခုချိန်ထိပဲ သိပ္ပံကားတွေကြည့်တယ်၊ Satellite တွေ၊ သိပ္ပံစာအုပ်တွေ အဲဒီကတည်းက ကျနော် အခုချိန်ထိ ဖတ်ခဲ့တယ်။
အဲဒီကတည်းက ကျနော် စဉ်းစားထားတာ ကျနော်ကြီးလာရင် သိပ္ပံပညာရှင်တယောက်၊ ဒါမှမဟုတ် IT နည်းပညာရှင်တယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီးတော့ စိတ်ကူးရှိခဲ့တာပါ။
ကျနော် ဆယ်တန်းပြီးတော့ ကျနော် အမှတ်မီတာနဲ့ ကိုယ်ဝါသနာပါတဲ့ နည်းပညာတက္ကသိုလ်ကို လျှောက်ပြီး မန္တလေးနည်းပညာတက္ကသိုလ် တက်ခဲ့ပါတယ်။ အဲဒီမှာ ကျနော်နဲ့ ကိုက်တဲ့ ကျနော့် ဝါသနာနဲ့လည်း ထပ်တူကျတဲ့ IT ဘာသာရပ်ကို မေဂျာယူခဲ့ပြီး နည်းပညာကိုစပြီး လေ့လာခဲ့ပါတယ်။
ကျောင်းတက်တုန်းကတော့ ကျောင်းမှာက သီအိုရီပဲများတယ်၊ လက်တွေ့ကနည်းတယ်။ ဒါပေမယ့် ကျနော်ကနည်းပညာနဲ့ ပတ်သက်ပြီး အပြင်မှာစာအုပ်တွေဖတ်ပြီး လေ့လာတယ်။ အင်တာနက်ကနေတဆင့် Googling လုပ်ပြီးကိုယ်သိချင်တဲ့ နည်းပညာအကြောင်းအရာတွေကို လေ့လာတယ်။ ပြီးတော့ သူငယ်ချင်းအချင်းချင်း ပြန်ပြီး Sharing လုပ်တယ်။ သူများတွေ Share ထားတဲ့ နည်းပညာဝက်ဘ်ဆိုက် တွေကိုလည်း ဝင်ပြီးတော့ လေ့လာတယ်။ အဲဒီကနေတဆင့် နည်းပညာလောကထဲကို စပြီးရောက်လာတာပါ။
ကျောင်းပြီးသွားတော့ ကျနော် မန္တလေးတိုင်းဒေသကြီးထဲမှာရှိတဲ့ Toll Gate ကုမ္ပဏီတခုမှာ IT Engineer အနေနဲ့ အလုပ် စဝင်ခဲ့တယ်။ အဲဒီမှာကျနော် (၂) နှစ်လောက် အလုပ်လုပ်ခဲ့တယ်။ အဲဒီမှာ အလုပ်လုပ်ပြီး ကျနော် မန္တလေးကနေ ရန်ကုန်ကိုတက်လာခဲ့တယ်။
မန္တလေးကနေ ရန်ကုန်ကိုတက်လာတဲ့ အကြောင်းရင်းကတော့ မန္တလေးနဲ့ ရန်ကုန်က ကွာဟချက်တွေ အများကြီးရှိတယ်။ ရန်ကုန်မှာဆိုရင် နည်းပညာနဲ့ပတ်သက်တဲ့ သင်တန်းတွေ အများကြီးရှိတယ်၊ Seminar တွေရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်းလည်းပိုများတယ်၊ အဲဒီလိုမျိုးကွာဟချက်တွေ အများကြီးရှိတာပေါ့။
ကျနော်က အခုလက်ရှိမှာတော့ Relief International ဆိုတဲ့ INGO တခုမှာ IT Officer အနေနဲ့ လုပ်ကိုင်နေပါတယ်။ အဲဒီမတိုင်ခင်က ကျနော် OXFAM INGO မှာလည်း အလုပ်လုပ်ခဲ့ပါတယ်။ ကျနော်က ငယ်ငယ်လေးကတည်းက ပရဟိတလုပ်ကိုင်ရတာ ဝါသနာပါတော့ အခုလို Non-Government Organization တွေ၊ Non-profit Organization တွေ စတဲ့ လူမှုကယ်ဆယ်ရေးလုပ်တဲ့ လုပ်ငန်းတွေမှာ ကိုယ်တတ်ကျွမ်းတဲ့ IT အလုပ်နဲ့ Support လုပ်ပေးနေပါတယ်။
ကျနော့် ဝါသနာကိုပြောရမယ်ဆိုရင် ငယ်ငယ်တုန်းက အိမ်မှာပန်ကာတို့၊ မော်တာတို့ရှိတယ်ဆိုရင် ကောင်းတဲ့ ပစ္စည်းတွေဆိုရင်လည်း ဖျက်ပြီး ပြန်ပြင်တယ်။ ကျနော်က အဲဒီလိုပစ္စည်းတွေကို လျှောက်ပြီးတခုခုပုံဖော်ရတာ ကြိုက်တယ်။ ငယ်ငယ်တုန်းကဆိုရင်လည်း သိပ္ပံစာအုပ်တွေဖတ်ပြီး အတွေးလွန်တယ်။ ကျနော် တနေ့ သိပ္ပံပညာရှင်ကြီး ဖြစ်လာရင် Robot (စက်ရုပ်) တွေ ထွင်မယ်တို့၊ ဘာတို့ပေါ့။ အဲဒီလိုအိုင်ဒီယာတွေ ရှိခဲ့တယ်။
ကျနော့်ရည်မှန်းချက်က ကိုယ်တတ်ကျွမ်းတဲ့ပညာရပ်နဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားချင်တယ်။ ပိုက်ဆံလည်း အရမ်းကြီးမရှိချင်ဘူး။ ပိုက်ဆံကိုအလယ်အလတ်ပဲသုံးနိုင်ရင် တော်ပြီ။ ကိုယ်တတ်ကျွမ်းတဲ့ ပညာရပ်နဲ့ လူတွေ အများကြီးနဲ့အတူ အလုပ်လုပ်ကိုင်ပြီးလုပ်ငန်းအတွေ့အကြုံတွေ အများကြီးယူမယ်။ ကိုယ့်အလုပ်အတွေ့အကြုံတွေကိုလည်း ကိုယ့်နောင်လာနောက်သားတွေကို ပြန်ပြီး မျှဝေပေးမယ်။
ဒီနေ့ခေတ် လူငယ်တွေအပေါ် အမြင်ပြောရမယ်ဆိုရင် အခုခေတ်က နည်းပညာတွေ အရင်ကထက်စာရင် ပိုပြီးတော့ တိုးတက်မြန်ဆန်လာတယ်။ အင်တာနက်ဆိုရင်လည်း အရင်ကထက် ပိုကောင်းလာတယ်။ အရင်က ဆိုမိုဘိုင်းဖုန်းတွေ မပေါ်သေးတော့ အင်တာနက်သုံးချင်ပြီဆိုရင် အင်တာနက်ဆိုင်တွေမှာ သွားသုံးရတယ်။ ဒါမှမဟုတ် Wifi Hotspot လွှင့်ပြီး Laptop နဲ့ တွဲသုံးရတယ်။
အခုဆိုရင် ကိုယ်ဘယ်နေရာပဲရောက်ရောက် Mobile Data လေးဖွင့်ပြီး အင်တာနက်သုံးလို့ရတယ်။ အင်တာနက်ကနေတဆင့် ကိုယ်သိချင်တဲ့ အကြောင်းအရာတွေ၊ ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာတွေကို အချိန်တိုအတွင်းမှာ လွယ်လွယ်ကူကူနဲ့ ရှာဖွေလေ့လာလို့ရတယ်။ ဒီနေ့ခေတ် လူငယ်တွေမှာ လေ့လာဖို့ အခွင့်အလမ်းတွေပိုပြီး ရှိတယ်လို့ မြင်မိပါတယ်။
အဲဒါကြောင့် လေ့လာဖို့ အခွင့်အလမ်းတွေ ပေါများတဲ့ ဒီနေ့ နည်းပညာခေတ်ထဲမှာ လူငယ်တွေကို ပြောချင်တာ ကိုယ်ဝါသနာပါတဲ့ အလုပ်၊ ကိုယ့်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို လေ့လာပါ၊ သင်ယူပါ၊ ကြိုးစားနေတဲ့ လူငယ်တွေကိုလည်း ဆက်ပြီးကြိုးစားပါ၊ ဇွဲမလျှော့ပါနဲ့လို့ ပြောချင်ပါတယ်။ ။