၂၀၁၅ ခုနှစ်ကို ကုန်လွန်ကျောခိုင်းလို့ အခုဆိုရင် ၂၀၁၆ ခုနှစ် နှစ်သစ်ထဲကို ရောက်ရှိလာပါပြီ။ ၂၀၁၆ ခုနှစ်ဟာဆိုရင် မြန်မာပြည်သူတွေအတွက် အပြောင်းအလဲတွေဖြစ်လာမယ့်နှစ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေးကောက်ပွဲကို အောင်မြင်စွာ ဖြတ်ကျော်ပြီးတဲ့နောက်မှာ အာဏာလွှဲပြောင်းရေးနဲ့အတူ ၂၀၁၆မှာ တက်လာမယ့် အစိုးရသစ်အနေနဲ့ နိုင်ငံတော်အတွက် ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်သွားမလဲ၊ ပြည်သူ တွေဘက်ကကော ဘယ်လိုပြောင်းလဲမှုတွေကို မျှော်လင့်နေကြလဲဆိုတာကို ဧရာဝတီ Lifestyle သတင်းထောက်များဖြစ် တဲ့ ယုမွန်ကျော်၊ သီဟတိုး၊ ထက်ဦးဝေတို့က နယ်ပယ်ကဏ္ဍအသီးသီးမှ အနုပညာရှင်များနဲ့ အတတ်ပညာရှင်လူငယ်များ ကို တွေ့ဆုံ မေးမြန်းထားပါတယ်။
ကိုဘိုစန်း (Bo Bo Entertainment Producer)
၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားကနေလည်း ဝင်လာမယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ဆိုရင် နယ်တွေမှာ ဒီထက်ပိုပြီး ရောင်းအား ဖြန့်ရမယ်။ ဘာလို့လဲဆိုတော့ နယ်တွေမှာအခွေရောင်းအားက သိပ်မရှိဘူး။ ဒါကြောင့် နယ်တွေက မြို့ကြီးလေးမြို့ လောက်ကို အော်ရီဂျင်နယ်အခွေ ရောက်အောင်လုပ်မယ်။ ဥပဒေအရလည်း ဖမ်းတာဆီးတာကို ထိထိရောက်ရောက် ပိုပြီး လုပ်ပေးနိုင်မယ်ဆိုရင် ပိိုအဆင်ပြေပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီထက်လည်း ပိုပျက်စရာ မရှိတော့ဘူးလို့ ထင်ပါ တယ်။ ၂၀၁၅ ခုနှစ်အထိကို အခွေရောင်းအားက ထောင်ဂဏန်းပဲ ရှိတော့တာကိုး။
အဲဒီထက်ဆိုးရင် အလကားပေးတဲ့ အဆင့် ဖြစ်သွားလိမ့်မယ်။ အွန်လိုင်းကနေတဆင့် သီချင်းတွေ ရောင်းတာကလည်း ရောင်းအားက သိပ်ပြီး မရှိဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ဆီမှာက ခရက်တစ်ကတ်စနစ်က မထွန်းကားသေး ဘူးလေ။ ခရက်တစ်ကတ်က လူတိုင်းမှာ မရှိဘူးဗျာ၊ ဒီစနစ်ကိုလည်း ပြင်ရဦးမှာပေါ့။ အင်တာနက်က မရလို့ကြာနေတာနဲ့ လူတိုင်းမှာ ခရက်တစ်မရှိရင် အဆင်မပြေဘူးလေ။ အွန်လိုင်းမှာလည်း ခိုးယူတဲ့ ဆိုဒ်တွေက အများကြီးပဲ။ အဲဒါတွေကို ထိ ထိ ရောက်ရောက် အရေးမယူရသေးခင်ကတော့ အွန်လိုင်းမားကတ်ကလည်း တွင်ကျယ်လာဖို့က အဆင်မပြေပါဘူး။ အခု အခွေတခွေ ရောင်းရတာ အွန်လိုင်းမှာက ဘယ်လောက်မှာ မရှိပါဘူး။ ကျနော်တို့လည်း အွန်လိုင်းမှာ စမ်းပြီးရောင်းခဲ့ဖူး တယ်လေ။ အွန်လိုင်းကတော့ လောလောဆယ် စမ်းသပ်ကာလပဲ ရှိသေးတာပေါ့။
နောက်ပိုင်းမှာတော့ ဥပဒေတွေနဲ့ ခေတ်ပြောင်းလာရင်တော့ မျှော်လင့်ချက်တော့ရှိတာပေါ့။ လောလောဆယ်မှာတော့ မျှော်လင့်ချက်မရှိသေးပါဘူး။ ကျနော်တို့ ဘိုဘိုဖလင်နဲ့ အင်တာတိန်းမန့်ကနေ ၂၀၁၆ ခုနှစ် တချို့နယ်တွေမှာ ရုံးဖွင့်ဖို့ လုပ်နေပါတယ်။ နောက်ပြီး တချို့နယ်ဆိုင်တွေနဲ့ ပူးပေါင်းပြီး အခွေဖြန့်ဖို့ကိုလည်း စီစဉ်နေပါတယ်။ ကျနော်တို့က နောက် ပိုင်းမှာ ရုပ်ရှင်ပါ ပါလာမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ တခုတည်းဆိုရင် မကိုက်မှာဆိုးလို့လေ။
ထုတ်လုပ်ရေးပိုင်းနဲ့ ပတ်သက်ပြီးပြောနိုင်တာက အများကြီးတော့ မပြောင်းလဲနိုင်သေးဘူး။ ဒါက တက်လာမယ့် အစိုးရ သစ်ပေါ်မှာလည်း မူတည်ပါတယ်။ ခိုးကူးကလည်း ဖမ်းလည်း ခဏပဲ။ အခု ဖမ်းတယ် ခုနနေ ပြန်ဖွင့်တယ်။ ဒါကြောင့် အများကြီး ပြောင်းလဲဖို့ဆိုတာ အစိုးရအသစ်က ဘယ်လောက်လုပ်ပေးနိုင်မလဲ ပေါ်လည်း မူတည်တာပေါ့။ အစိုးရသစ် ကလည်း တက်တက်ချင်း သူလည်း လုပ်စရာတွေ အများကြီးရှိမှာပဲ။ ဒါကြောင့် ကျနော်တို့ဘက်မှာလည်း သူလုပ်ပေးမယ့် ပေါ် မူတည်တယ်။ ဒါပေမယ့် အရင်ကထက်စာရင်တော့ အများကြီးပြောင်းလဲလာမယ်လို့တော့ ထင်ပါတယ်။
ဒါရိုက်တာ ဝိုင်း
၂၀၁၆ခုနှစ်မှာ ရုပ်ရှင်ဘက်က အပြောင်းအလဲတွေဆိုရင် ကျနော်တို့က ပြန်ကြားရေးနဲ့သက်ဆိုင်တာ ဆိုတော့ ပြန်ကြား ရေးက မူဝါဒတွေ ပြောင်းလဲဖို့ပေါ။့ ကျနော်တို့ ဘက်မှာတော့ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ ကျနော်တို့ ရှေ့မှာ ရိုက်ခွင့်မရခဲ့တဲ့ သမ္မတကြီးထံ ပေးစာလိုတွေ ရိုက်လို့ရလာမယ်ထင်တယ်။ ပြီးတော့ တချို့ ရုပ်ရှင်ဘက်မှာ ပွင့်လင်းမြင်သာမှုမရှိတဲ့ အရာတွေ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာလိမ့်မယ်လို့ထင်ပါတယ်။
အခုလာမယ့် ၂၀၁၆ ခုနှစ်မှာ ရုံတင်မယ့်ကားတွေက ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ခုနှစ်မှာ ရိုက်ခဲ့တဲ့ကားတွေ များပါတယ်။ အဲဒီ တော့ ရုံတင်တဲ့အခါ သေချာရိုက်ထားတဲ့ကားတွေသည် သုံးပုံ တပုံလောက်ပဲ ပါတော့မယ်။ ကျန်တဲ့ကားတွေသည် ပြီးပြီး ရော ပြီးစလွယ်ရိုက်ထားတဲ့ကားတွေဖြစ်လိမ့်မယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်ထက်စာရင် ၂၀၁၆ ခုနှစ်က ရုပ်ရှင်လောက ကျ ဆင်းတဲ့နှစ်လို့ ယေဘုယျ သုံးသပ်လို့ရပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျနော်ရဲ့ ဖန်တီးမှုပိုင်း ဘယ်လိုမြင် တွေ့လာရဖို့ရှိမလဲ ဆိုရင် ကျနော်ကြိုးစားနေပါတယ် ပုံသဏ္ဌာန်ဖန်တီးမှု အသစ်တွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားနေပါတယ်။ သို့သော်ငြားလည်း ပရိသတ်လက်ခံ လက်မခံဆိုတဲ့ စိန်ခေါ်မှုကတော့ ရှိနေပါတယ်။ သူတို့ ကြည့်နေကျ ပုံစံမဟုတ်တဲ့အတွက် ပရိသတ် လက် ခံ မခံ ဆိုတာပေါ့။
အစိုးရသစ်တက်လာတဲ့အခါ ပြောင်းလဲမှုက အနှေးအမြန်ရှိမှာပါ။ တိုးတက်မှုဆိုတာ အဓိက ကောင်းတဲ့ အရိပ်အယောင်ကို တွေ့ရဖို့ လိုတာပါ။ ကျနော်တို့တိုင်းပြည်မှာ ရုပ်ရှင်ထက် အရေးကြီးအရာတွေ အများကြီးရှိပါတယ်။ ဒီတော့ ကျနော်တို့ ရုပ်ရှင်လောကထက် ပိုပြီး အရေးကြီးတဲ့ အရာတွေကို အခု ၂၀၁၆ ခုနှစ်မှာ လုပ်လိမ့်မယ်လို့ထင်ပါတယ်။ ရုပ်ရှင်လောက အတွက်က သိပ်ပြီး အပြောင်းအလဲ လုပ်နိုင်ဦးမယ် မထင်မိဘူး။ အခု နှစ်သစ်က စပြီး ရုံပြိုင်စနစ်နဲ့ ရုပ်ရှင်ဇာတ်ကားတွေ တင်တာက ဒီမှာက ရုပ်ရှင်ရုံ နည်းနည်းလေးနဲ့ လုပ်တာဆိုတော့ ဒါကလည်း မအောင်မြင်နိုင်သေးဘူးလို့ ကျနော်တော့ မြင် ပါတယ်။
ကိုခွန်နေထွန်း (Digital Marketing Manager @iMyanmarHouse.com)
လာမယ့် ၂၀၁၆ အစိုးရသစ် လက်ထက်မှာ အပြောင်းအလဲဆိုတာထက် ဖြေရှင်းရမယ့် ပြဿနာပေါင်းစုံ တက်လာမယ့် အစိုးရသစ်အတွက် ကြိုဆိုနေတာတော့ အမှန်ပဲ။ ယခင် အစိုးအရကတည်းက ဖြေရှင်းမပေးနိုင်ခဲ့တဲ့ မြေသိမ်းမှု ၊ လယ် သိမ်းမှု ၊ ပြည်တွင်းစစ် အပါအဝင် ဒုက္ခသည်ပေါင်းများစွာကို ကူညီကယ်တင်ဖို့အတွက်ရယ် ဝန်ထမ်းလုပ်ခလစာ ပြဿနာ တွေက အဓိက စိန်ခေါ်မှုတွေ ဖြစ်လာလိမ့်မယ်။ ကျနော် နိုင်ငံသားတယောက်အနေနဲ့ လာမယ့်အပြောင်းအလဲမှာ တိုင်း ပြည် စီးပွားရေး တိုးတက်လာစေချင်တယ် ။ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိလာစေချင်တယ်။ ကိုယ်တိုင် လည်း တိုင်းရင်းသားတယောက်ဖြစ်တဲ့တွက် မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းစစ်တွေ ရပ်တန့်စေဖို့ မျှော်လင့်တယ်။
ပြီးခဲ့တဲ့ငါးနှစ်အတွင် ကြောက်ခမန်းလိလိ ကျယ်ပြန့်လာတဲ့ ဆက်သွယ်ရေးစနစ် ကောင်းမွန်လာတာဟာ နည်းပညာ နယ် ပယ်မှာ ဖွံ့ဖြိုးမှု ရှိလာတာအမှန်ပဲ။ လာမယ့် ၂၀၁၆ အတွင်းမှာ ကိုပဲ နိုင်ငံတကာ ရင်းနှီးမြုနှံမှုတွေနဲ့အတူ အင်တာနက် က နေ တဆင့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းတွေ တိုးတက်ပြောင်းလဲလာမယ်လို့ မျှော်လင့်တယ်။ လက်ရှိ ကျနော် ကျင် လည်နေတဲ့ နည်းပညာ နယ်ပယ်က ဘာသာရပ်တခုဖြစ်တဲ့ Digital Business လုပ်ငန်းဟာလည်း ပိုပြီး တိုးတက် ကောင်း မွန်လာမယ် ။ ကိုယ်ကိုယ်တိုင် ပြောင်းလဲမှုထက် နည်းပညာနယ်ပယ်မှာ လူငယ်တွေ နေရာပိုရလာစေဖို့အတွက် အင်တာ နက်အွန်လိုင်းဝန်ဆောင်မှုနဲ့ ပတ်သက်လို့ လူငယ်တွေကို ကြိုးစားမျှဝေပေးသွားပါမယ်။
မျိုးကိုကိုစန်း (Miss International Queen Myanmar 2014, Gay အလှမယ်)
၂၀၁၆ ခုနှစ်နဲ့ ပတ်သက်ပြီး အဓိကကတော့ ညီမက အခု ကျောင်းတက်နေတုန်းဆိုတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ မျှော်လင့်မိတာပေါ့။ ပညာရေးစနစ်ကို ဒီထက်ပိုပြီး ကောင်းစေချင်တယ်၊ ဒီထက်ပိုပြီး တိုးတက်စေချင်တယ်။ နောက်ပြီး ကျ တော့ ညီမတို့က LGBT (Lesbian, Gay, Bisexual, Transgender) ဆိုတော့ ညီမတို့ အပေါ်ကို ဖိနှိပ်ထားတဲ့ ဥပဒေကို ပြင်ဆင်စေချင်တယ်။ ညီမတို့ကို ထောက်ခံခြင်း မဟုတ်ရင်တောင်မှ ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ပြင်စေချင်တယ်။
ရှေ့ဖြစ်လာမယ့် ကိစ္စဆိုတော့ ပြောလို့တော့ မရဘူးပေါ့။ အဓိကကတော့ ညီမအနေနဲ့ ဖြစ်လာမယ့်ကိစ္စတွေ အပေါ်မှာ အကောင်းဆုံးပဲ ကြိုးစားလုပ်ဆောင် ပြင်ဆင်သွားမှာပါ။ ကြီးကြီးမားမား အပြောင်းအလဲတော့ မဖြစ်နိုင်လောက်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ညီမတို့ ဒီနိုင်ငံမှာက အခွင့်အရေးလည်း မရသေးဘူး၊ လုံး၀ လက်ခံတာလည်း မဟုတ်သလို နည်း နည်း ပါးပါး လက်ခံလာတဲ့ အခြေအနေမှာ ကြီးကြီးမားမား အပြောင်းအလဲဆိုတာ ဒီအစိုးရသစ်သက်တမ်း အတွင်းမှာ မဖြစ် နိုင်လောက်သေးဘူးလို့ ညီမထင်တယ်။
အဲဒီလိုမျိုး ပြောင်းလဲလာဖို့ ညီမတို့ LGBT တွေဘက်က အထူးသဖြင့်တော့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေ ဆင်ခြင်ရမယ်လို့ ထင်တယ်။ ညီမတို့ကလည်း ဒီနိုင်ငံ တိုးတက်ရေးမှာ တတပ်တအားနဲ့ ပါဝင် ကူညီပေးသွားမယ်ဆိုရင် ပြည်သူတွေဘက်ကလည်း အမြင်တွေ ပြောင်းလဲလာမယ်။ ညီမတို့ ကိုယ်တိုင်ကလည်း အပြုအမူ၊ အနေအထိုင်ပိုင်းတွေ အကုန်လုံးလည်း အရင်ကလောက် အဆိုးဝါးကြီး မဖြစ်တော့ဘူးလို့ ညီမထင်တယ်။
အဓိကကတော့ နိုင်ငံတနိုင်ငံ တိုးတက်ပြောင်းလဲဖို့ဆိုရင်၊ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် လူအရင်းအမြစ်ရှိရမယ်၊ သယံဇာတ အရင်းအမြစ်ရှိရမယ်။ လူသားအရင်းအမြစ်ဆိုတာထက် လူသားအရင်းအမြစ်တိုးတက်ဖို့ဆိုရင် အဓိက ပညာ ရေးမှာ အရမ်း အရေးကြီးတယ်။ ညီမတို့နိုင်ငံမှာရှိတဲ့ သယံဇာတ အရင်းအမြစ်တွေကို ကုန်ကြမ်းကနေ ကုန်ချောအဖြစ်နဲ့ နိုင်ငံတကာကို ပြန်လည် တင်သွင်းနိုင်ဖို့ဆိုတာ နည်းပညာတွေ အများကြီး လိုအပ်တယ်လေ။ အဲဒီနည်းပညာတွေ လိုတဲ့ အတွက် ပညာရေးက အရေးကြီးတယ်။ ပညာရေးမှာ ညီမတို့ အဆင့်အတန်းမြင့်မြင့် ဖြစ်သွားပြီဆိုရင် နည်းပညာတွေ က လည်း အလိုလိုဝင်လာမှာပဲလေ။ အဲဒါကြောင့်မို့ ညီမက အဓိကတိုးတက်ရေးကို ပညာရေးလို့ ပြောတာပါရှင့်။
မသဉ္ဇာရွှန်းလဲ့ရည် (လူငယ်ရေးရာ ဆောင်ရွက်လှုပ်ရှားသူ)
၂၀၁၆မှာ အရေးကြီးတဲ့အပြောင်းအလဲတရပ်ကို မျှော်လင့်ပါတယ်။ အဲဒါဘာလဲဆိုတော့ ရပ်/ကျေး ဥပဒေ ကိစ္စတွေ နောက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှာ အပြောင်းအလဲတွေ၊ အုပ်ချုပ်ရေးပိုင်းတွေမှာ အရပ်သားတွေ ပိုပြီးပါဝင်လာဖို့ မျှော် လင့်တယ်။ ပြီးတော့ စစ်တပ်နဲ့ ပြည်သူလူထုကြား၊ ဒီမိုကရေစီအင်အားစုတွေကြား နားလည်မှု သဘောတူညီမှု တွေ လည်း မျှော်လင့်တယ်။ ငြိမ်းချမ်းရေးကိစ္စတွေလည်း အများကြီး မျှော်လင့် ထားတယ်။ ရပ်/ကျေးဥပဒေတွေမှာလည်း လိုအပ်ချက် တွေကို အာရုံစိုက်စေချင်တယ်။
လူငယ်တွေအတွက်တော့ ခုအဖမ်းခံထားရတဲ့ ကျောင်းသားတွေ၊ လူငယ်ရေးရာတက်ကြွလှုပ်ရှားတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေ နောက်ပြီး နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကို ပြန်လွှတ်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူငယ်တွေရဲ့ ရပိုင်ခွင့်တွေနဲ့ အခွင့်အရေးတွေ၊ သူတို့ရဲ့လုပ်နိုင်တဲ့ လုပ်ပိုင်ခွင့်တွေကို ကာကွယ်ပေးထားနိုင်တဲ့ လူငယ်ရေးရာမူဝါဒ ပေါ် ပေါက်လာဖို့ အတွက်လည်း မျှော်လင့်ပါတယ်။ ၂၀၁၂လောက်မှာတည်းက စပြီးတော့ လုပ်နေတာ။ ဒါပေမယ့် ခုထိကို လူ ငယ်တွေကြားထဲမှာလည်း အသိပေးမှုတွေ အားနည်းနေသေးတယ်ဆိုတော့ ၂၀၁၆မှာ လူငယ်ရေးရာမူဝါဒကို အားလုံး ပူးပေါင်းပါဝင်ပြီး ရေးဆွဲထားတဲ့ လူငယ့်အသံကို ထင်ဟပ်နိုင်မယ့် မူဝါဒ အဖြစ် မျှော်လင့်ပါတယ်။ သူတို့မှာ ယုံကြည်ရာကို လုပ်နေပေမယ့် ပံ့ပိုးမှုအားနည်းနေတယ်။ ပံ့ပိုးပေးလို့မရဘူး။ အဲ့ဒါကြောင့် ပံ့ပိုးမှု အားကောင်းဖို့လည်း လိုအပ်ပါတယ်။ နောက်ပြီး လိုအပ်တဲ့ဥပဒေတွေရှိရမယ်။ ခွင့်ပြုပေးရမယ်။ လူမှုရေး၊ ပညာရေး အားလုံးပေါ့နော်။
ကိုမျိုးကျော်သူ (Corporate Affairs Executive)
လွှတ်တော် ပြန်စရင်တော့ Private Education ကို လုပ်ဖြစ်မယ်လို့ထင်တယ်။ တကယ်လို့သာ လုပ်ဖြစ်ခဲ့ရင် နိုင်ငံတကာ ကျောင်းတွေ ဒီမှာလာပြီး ဖွင့်လို့ရတာတွေ ရှိလာမယ်။ ၂၀၁၆ မှာ ဒီကလူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းတွေ ပိုရှိ လာမယ်ပေါ့။ နောက်တခုက နောက်တက်လာမယ့် အစိုးရအသစ်က ပညာရေးပိုင်းဆိုင်ရာမှာ ဘတ်ဂျက်တွေ ပိုချတာ ဖြစ် ဖြစ်၊ ပညာရေးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးတာပဲဖြစ်ဖြစ်၊ တခုခုညှိနှိုင်းတာမျိုးပဲ ဖြစ်ဖြစ် လုပ်လာနိုင်မယ်ဆိုရင်တော့ ပညာရေးမှာ အများကြီးမဟုတ်ရင်တောင် နည်းနည်းတော့ အပြောင်းအလဲဖြစ်လာမယ် ထင် ပါတယ်။
တက္ကသိုလ်က ဆရာ၊ ဆရာမတွေကိုလည်း နိုင်ငံတကာနဲ့ ပူးပေါင်းပြီးတော့ Training တွေ ဘာတွေ ပေးလာနိုင်ဖို့ မျှော် လင့်တယ်။ နောက်ပိုင်းမှာ သင်ရိုးညွှန်းတမ်း ပြင်ဆင်ဖို့လိုတာတွေလည်း ပြင်ဆင်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျောင်းသား တွေကိုလည်း နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ ပညာရေးဆိုင်ရာအခွင့်အလမ်းတွေကို ပိုပြီးတော့ ရလာဖို့ကိုလည်း မျှော်လင့်ပါ တယ်။