၁၉၉၇ နောက်ပိုင်း Metal Rock တခေတ် ခေတ်စားခဲ့ပါတယ်။ မန္တလေးမြို့ရဲ့သင်္ကြန်လို အထင်ကရပွဲတော်တွေမှာ သူသီဆို ဖျော်ဖြေတာ တွေ့ရဖူးပါတယ်။ ပရိသတ်နဲ့ သူ့ကြားမှာ အထစ်ငေါ့မရှိ၊ အပေးအယူမျှမျှနဲ့ ခုန်ပေါက်ကခုန်နေတာကို တွေ့ရဖူး ပါတယ်။
ကွယ်လွန်သူ မန္တလေးသား Rocker ကြီး ကိုဃ(ခ) ဟယ်ရီလင်းကိုယ်တိုင်စီစဉ်မှုနဲ့ “နာရီဆိုးများအောက်” ဆိုပြီး Metal Rock တခွေထွက်ရှိဖူးထားပြီး ခု ကိုယ်ပိုင်မြန်မာ Metal Rock ၇ ပုဒ် ပါဝင်တဲ့ ခုနစ်စင်ကြယ်တေးစီးရီးကို မကြာသေးမီအချိန်က အင်တာနက်ပေါ်မှာ တင်ခဲ့ပါတယ်။ Metal Rock ချစ်သူများ သွားရောက် ဒေါင်းယူကြပြီး ကြိုက်နှစ်သက်သူများလည်း တဖွဲ့တနွဲ့ ပြောဆိုနေကြတာ တွေ့ရပါတယ်။ မန္တလေးသား Metal Rock အဆိုတော် လင်းမီးထက်နဲ့ ဧရာဝတီက ကော်ပီအယ်ဒီတာ K ငြိမ်းချမ်း မေးမြန်းထားမှုများကို ဖော်ပြလိုက်ပါတယ်။
မေး ။ ။ ကိုလင်းမီးထက် ဂီတဖြတ်သန်းခဲ့ပုံလေး ပြောပြပေးပါဦး။
ဖြေ ။ ။ သီချင်းနဲ့ပဲ ကြီးပြင်းခဲ့ရတာပါ။ တလျှောက်လုံးဆိုပါတော့။ ဂီတနဲ့ပဲ နေခဲ့ရတာပါ။ အခုထိ ဖြတ်သန်းဆဲပါဗျာ။ စိတ်ချပါ။ ဂီတနဲ့ပဲ ရှင်သန်နေမှာပါ ။ဒါ ကျနော့်ရဲ့ဂီတပေါ်မှာထားရှိတဲ့ ဖြတ်သန်းမှုပါ။ ပထမခွေ “နာရီဆိုးများအောက်”က ၉၇ မှာ ထွက်တာဗျ။ ကျနော် အရင်တုန်းက ညရောက်တာနဲ့ မန်းလေးအဆောင်တွေ ရှေ့တန်းရောက်တာ Rock သီချင်းတွေကို နေ့တိုင်း ညတိုင်းအော်တာ၊ ကြိုးတွေပျက်တာလည်း ပြောမနေနဲ့။
အဲလိုနေရင်းနဲ့ တည သီချင်းဆိုရင်း ပြန်လာတာ နောက်က ဆံပင်ရှည်နဲ့လူတယောက် ကျနော့်လိုက်ကြည့်နေတာ သတိ ထားမိတယ်။ အဲဒီလူက တခြားလူ မဟုတ်ပါဘူး။ ကို ဟယ်ရီလင်း ဖြစ်နေတာပေါ့ ။ အဲလိုနဲ့ ကျနော့်အိမ်ကို ရောက်လာပါ လေရော။ ညီလေးအခွေ လုပ်ပေးမယ်ဆိုပြီး ရန်ကုန်ပါသွားရင်းက “နာရီဆိုးများအောက” စီးရီး ထုတ်ဖြစ်သွားတာပါ။ မန်းရှိုး ပွဲလုပ်ဖြစ်တာတော့ ကိုဟယ်ရီ့ အမှတ်တရပွဲပါ။ အဲ့ပွဲမှာ သီချင်း၃ပုဒ် ကိုဟယ်ရီ့အတွက် ဆိုပေးခဲ့ပါတယ်။ ဆိုတဲ့ သီချင်းတွေကတော့ မယူချင်ဘူး၊ မျက်ရည်၊ အိပ်ရာအောက်က သီချင်းတပုဒ် စတဲ့ သီချင်း ၃ပုဒ် သီဆိုပေးခဲ့ပါတယ်။ အဲဒါ မန်းမှာ လုပ်ဖြစ်တဲ့ ရှိုးဖြစ်ပါတယ်။
မေး ။ ။ Metal Rဝck ကို ပြင်းပြင်းထန်ထန် ရူးသွပ်ခဲ့ပြီး တခွေနဲ့တခွေကြား ဘာလို့ တော်တော်ကြာခဲ့တာလဲ။
ဖြေ ။ ။ Metal Rock က ကျနော့်ဘဝပါပဲ။ ဘာကြောင့် ကြာရတာလဲဆိုတော့ ထုတ်လုပ်သူမရှိတာရယ် ပိုက်ဆံပြဿနာပေါ့ ။ ဒါကြောင့်ကြာရတာပါ။
မေး ။ ။ ဒုတိယခွေ (ခုနစ်စင်ကြယ်) လုပ်တော့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ။ အမှတ်တရဖြစ်စရာ။
ဖြေ ။ ။ ခုနှစ်စင်ကြယ် ၂၀၀၂ ခုနှစ်တည်းက ပြီးခဲ့တာ။ ကိုယ်တိုင် မထုတ်နိုင်ခဲ့ဘူး။ ဘာကြောင့်လဲ ပိုက်ဆံပါပဲ။ ဆုံးဖြတ်ချက်ချပြီး online မှာ free ပေးလိုက်တယ်။ onlie မှာလည်း ရောင်းမစားချင်တာလည်း ပါပါတယ်။ ရောင်းရင်ရမှန်း သိပါ တယ်။ ဘယ်လောက်ရမှာလဲ။ ကိုယ်ပရိတ်သတ်ကိုပဲ အလကားပေးလိုက်တာပဲ ကောင်းမယ်ဆိုပြီး တင်လိုက်တာပါ။ စေတ နာသက်သက်ပါ။ ယူကြပါစေ ကျနော် ပိုက်ဆံ အများကြီးကုန်ခဲ့ပါတယ်။ အချိန်တွေလည်း ပေးရတယ်။ အများကြီးပဲဗျာ ။
အမှတ်တရထက် ဆိုးပါတယ်။ ကျနော့် အမေဆုံးတဲ့ အသုဘ ကျနော် လိုက်မပို့ခဲ့ရပါဘူး။ ခုနစ်စင်ကြယ် စီးရီးလုပ်နေတဲ့ အချိန်ပေါ့။ ဘယ်လိုမှ ပြန်လို့မရဘူးဗျာ ဝမ်းနည်းခဲ့ရပါတယ်။
မေး ။ ။ တေးရေးတွေပြောပြပေးပါဦး။
ဖြေ ။ ။ ခုနှစ်စင်ကြယ်တေးရေးတွေက ကိုဒြပ်၊ ဒီလှိုင်မင်း၊ ခိုင်ရင်၊ လင်းမီးထက်ပါ။
မေး ။ ။ ပထမခွေ (နာရီဆိုးများအောက်ခွေ )မှာ တိတ်စနစ်နဲ့ ဖြန့်ချိခဲ့ပြီး ခု ခုနစ်စင်ကြယ်ခွေမှာ online ပေါ်မှာ ဘာလို့ အလကား ဒေါင်းခွင့်ပေးခဲ့တာလဲ။
ဖြေ ။ ။ ခုနှစ်စင်ကြယ်ကို ဒေါင်းခွင့်ပေးတာ စေတနာပါ ။ တင်ကတည်းက နားထောင်စေချင်ခဲ့တာလေ။
မေး ။ ။ ကိုလင်းမီးထက် အားကျခဲ့တဲ့ နိုင်ငံတကာက Metal Rocker တွေလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ နိုင်ငံတကာ Rocker တွေ အများကြီးပါ။ ကောင်းကြပါတယ်။ ရွေးပြောဖို့ ခက်ပါတယ်။
မေး ။ ။ ဒီ ခုနစ်စင်ကြယ်ခွေထဲမှာ ကိုလင်းမီးထက်ကိုယ်တိုင် ရေးခဲ့တဲ့သီချင်း အကြောင်း၊ ရေးဆိုဖြစ်ပုံလေး ပြောပြပါဦး။
ဖြေ ။ ။ အင်းဗျ ခံစားမှုသက်သက်ပါ သီချင်းနာမည်က အလင်းညကမ္ဘာပါ။ အဆိုးရှောင် အကောင်းယူပေါ့ ဒါပါပဲ။
မေး ။ ။ Metal Rock အပေါ် ကိုလင်းမီးထက် သွေးနွေးယုံကြည်မှုက….
ဖြေ ။ ။ Metal Rock က Rock ကိုအခြေခံပြီးပေါ်ပေါက်ခဲ့တာပါ Rock က ကနဦး သက်ရင့်ဂီတတခု။ ကျနော်တို့ အဲထဲမှာ ကြီပြင်းခဲ့ရတာ Metal Rock ဆိုတာက Rock ကို အခြေခံပြီး ပေါ်ပေါက်ခဲ့တဲ ဆန်းသစ်ဂီတတခုပေါ့။ ဘာပဲဖြစ်ဖြစ် အဲဒီ Metal Rock ကို ရူးသွပ် ရင်ခုန်ဆဲပါ။ Rock ပဲဖြစ်ဖြစ် Metal Rockပဲ ဖြစ်ဖြစ် ခွဲခြားမနေဘဲ Rock ကို အခြေခံလို့ လုပ်သင့်တယ်။ Rock ကစခဲ့လို့ သူ့ကိုတော့ မမေ့သင့်ဘူးလေ။ ကမ္ဘာမှာ ဂီတတွေ ပြောင်လဲ ဆန်းသစ်နေကြပြီဆိုပေမယ့် မှုရင်း သက်ရင့် Rock တွေ ရှိနေဦးမှာပါပဲ။ အဲဒါကြောင် Rock ဂီတကနေ ခွဲထွက်လာတဲ့ဟာတွေ အကုန်လက်ခံတယ်ဗျာ။ ဆက်ပြီး လည်း ရူးသွပ်ခွင့် ပေးကြပါလို့ ပြောရင်းနဲ့ ကျနော့်ရဲ့ဒါဟာ Metal Rock ရင်ခုန်သံအစစ်ပါပဲဗျာ။
မေး ။ ။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲမှာ ဂီတရေစီးကြောင်းကရော ဘာတွေဖြစ်လာမယ်လို့ ကိုလင်းမီးထက် ထင်သလဲ။
ဖြေ ။ ။ အရင်ထက်စာရင် ပိုလွတ်လပ်လာမှာပေါ့။
မေး။ ။ မန္တလေးသားတယောက်ဖြစ်တဲ့ ကိုလင်းမီးထက်အနေနဲ့ မန္တလေးမြို့ကိုချစ်တဲ့အကြောင်းသဘောနဲ့ Metal Rock တပုဒ်ဆိုဖို့ အစီအစဉ်ရှိမရှိ သိချင်ပါတယ်။
ဖြေ ။ ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ။ မန္တလေးအကြောင်း ရေးထားတာ။ အခု တီးနေတာ။ မကြာခင် တင်ဖြစ်လိမ့်မယ်။ မန္တလေး က ဂီတကို အစဉ်တစိုက်ရူးသွပ်တဲ့မြို့တမြိုပါ။ မြို့နဲ့ ပတ်သက်တဲ့အကြောင်းလေး သီချင်းရေးထားတာလေးရှိပါတယ်။ ပြီး ရင်လည်း တင်ပေးပါဦးမယ်။
မေး ။ ။ ကိုလင်းမီးထက်ကို မန္တလေးမှာ ပြုလုပ်တဲ့စာပေပွဲ၊ လူထုဒေါ်အမာ နှစ်တရာပြည့်ပွဲလိုမျိုးမှာ တွေ့တွေ့နေရတတ် တယ်။ စာဖတ်လား။ ဘယ်လိုစာပေမျိုးတွေ ဖတ်သလဲ။ စာပေနဲ့ဂီတ ဆက်စပ်မှု နည်းနည်းပြောပြပေးပါ။
ဖြေ ။ ။ မီသလောက်တော့ ဖတ်ဖြစ်ပါတယ်။ စာပေကို ကိုယ့်အတွက်ရမယ့် ဗဟုသုတဆိုရင် ဖတ်ဖြစ်ပါတယ်။
မေး။ ။ ကိုလင်းမီးထက်နဲ့ Metal Rock ကို အစဉ်တစိုက်အားပေးနေတဲ့ ပရိသတ်ကို ဘာများပြောချင်ပါလဲ။
ဖြေ ။ ။အားပေးကြပါ။ သီချင်းပေါ်မှာ အကျိုးအမြတ်နဲ့ ဆိုနေချင်တာမဟုတ်ပါဘူး။ အားလုံးအတွက် ROCKER တယောက်အနေနဲ့ ရပ်တည်ချင်တယ်။ ပရိတ်သတ်ကို အမြဲတန်ဖိုးထားမယ်။ သူတို့က ကျနော့်ရဲ့အသက်။