သရုပ်ဆောင် အဆိုတော် ဆုပန်ထွာရဲ့“သေလောက်အောင်ချစ်တယ်” လို့ အမည်ပေးထားတဲ့ တေးစီးရီးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖြန့်ချိပေးတော့မှာ ဖြစ်ပါတယ်။
ဆုပန်ထွာက ဒီ တေးစီးရီးကို လေးနှစ်ကြာ အချိန်ပေး ဖန်တီးခဲ့တာဖြစ်ပြီး သီချင်း ၁၃ ပုဒ် ပါဝင်ပါတယ်။ Featuring အနေနဲ့ ဖိုးကာ၊ ညီမင်းခိုင်၊ ဆိုတေးနဲ့ တင်ဇာမော်တို့ ပါဝင်ကြပါတယ်။
ဒါ့ထက် “သေလောက်အောင်ချစ်တယ်” ဆိုတဲ့ စကားက သူ့ရဲ့ အမျိုးသားဖြစ်သူ ပြောနေကျ စကားဖြစ်လို့ ဒါကို သီချင်းခေါင်းစဉ်အဖြစ်ပေးဖြစ်တာလို့ သိရပါတယ်။
“ဒီအခွေကို ခေါင်းစဉ်ပေးဖို့ စဉ်းစားလိုက်တော့ အမျိုးသား ကိုဥက္ကာကျော်နဲ့ ပန်ပန်တို့ အကြောင်းကို စဉ်းစားပြီး ပေးချင်လို့ တေးရေး ကိုညီမင်းခိုင်ကို ပန်ပန်တို့အကြောင်းကို ပြောပြပြီး ဖန်တီးပေးဖို့ ပြောပြခဲ့တာပါ။ ဒါနဲ့ပဲ ပန်ပန်တို့နှစ်ယောက်အကြောင်းကို သူရေးပေးခဲ့တာပါ။
သေလောက်အောင် ချစ်တယ်ဆိုတဲ့ စကားလေးက ကိုဥက္ကာ ပန်ပန်ကို အမြဲတမ်းပြောနေကျ စကားလေးပါ။ ဒါလေးကို ခေါင်းစဉ်ပေးပြီး ချစ်သူများနေ့မှာ ထွက်မယ်လို့လေ ။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေ့ကလည်း ပန်ပန်တို့ အမေရိကားမှာ မင်္ဂလာဆောင်ခဲ့တာ နှစ်ပတ်လည်နေ့လေး ဖြစ်သလို ဒီအခွေအတွက်လည်း တော်တော်လေး ကြိုးစားခဲ့ရတဲ့အခါကျတော့ ဒီအခွေထဲမှာ ကိုယ့်ရဲ့ စိတ်တွေရော၊ ခံစားချက်တွေရော တွေ့ကြုံခဲ့ရတဲ့ ခံစားချက်တွေရော အကုန်ပါတယ်။ ဒါကြောင့် ဒီအခွေလေးကို ဒီနှစ် ချစ်သူများနေ့မှာ ထွက်ဖို့ ဆုံးဖြတ်လိုက်တာပါ”လို့ ပြောပြပါတယ်။
“သေလောက်အောင် ချစ်တယ်” တေးစီးရီးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ Audio အဖြစ် စတင်ဖြန့်ချိပေးမှာ ဖြစ်ပြီး ဖြန့်ချိမယ့်နေ့ နေ့လည်တစ်နာရီအချိန်မှာ ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း တောင်ဘက်မုဒ်မှာရှိတဲ့ Happy World ကလေးကစားကွင်းတွင် ပါဝင်ကြတဲ့ အနုပညာရှင်များက လက်မှတ်ရေးထိုး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။