အငြိမ့်ကို ကြိုက်နှစ်သူကြများအတွက် MNTV နဲ့ Bo Bo Entertainment က ပူးပေါင်း စီစဉ်တင်ဆက်မယ့် “ခေတ်သစ်အငြိမ့်” လို့ အမည်ပေးထားတဲ့ အငြိမ့်ပြိုင်ပွဲကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ကနေ ၁၈ ရက်အထိ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာ ဖြစ်ပြီး အကဲဖြတ်ဒိုင်များအဖြစ် မန္တလေးမြို့မှ ချစ်စရာ၊ မေတ္တာနဲ့ အရိုင်းတို့က ဆောင်ရွက်ပေးသွားကြမှာ ဖြစ်ပါတယ်။
ခေတ်သစ် အငြိမ့်ပြိုင်ပွဲ ဖြစ်တဲ့အတွက် အဓိက ဆန်းသစ်တဲ့ ပြက်လုံးများကို အမှတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်လို့ လူရွှင်တော် ပန်းသီးက “ကျနော်တို့ ဒီပွဲမှာ ဝတ်စားဆင်ယင်မှုအပိုင်းက စပြီး အမှတ်ပေးမှာ ဖြစ်သလို ပြက်လုံးတွေမှာလည်း နိုင်ငံရေးကို ဘယ်လောက်အထိ သရော်နိုင်သလဲ ဆိုတာကို ကြည့်ပါမယ်။ တချို့အဖွဲ့တွေက သီးသန့်ပြက်တာ ရှိသလို တချို့ကျတော့ ခေတ်ကို ကောင်းကောင်း သရော်နိုင်ကြတယ်။ ခေတ်ကို သရော်နိုင်တာကလည်း ဒါဟာ နိုင်ငံရေးပြက်လုံးဖြစ်တယ်။ အဲဒါကိုလည်း ကျနော်တို့ အမှတ်ပေးစည်းမျဉ်းစည်းကမ်းထဲမှာ ထည့်ထားပါတယ်” လို့ ပြောပါတယ်။
တခြား အမှတ်ပေးမယ့် အချက်များနဲ့ ပတ်သက်လို့ လူရွှက်တော် ပန်းသီးက “အငြိမ့်ဖြစ်တဲ့အတွက် မင်းသမီး အကကိုလည်း အမှတ်ပေးမှာပါ။ အမှတ်က လူရွှင်တော်နဲ့ မင်းသမီး၊ ဆိုင်းနဲ့ ဘယ်လောက်အထိ ချိတ်ဆက် ထားနိုင်မလဲပေါ် မူတည်ပြီး အမှတ်ပေးမှာပါ” လို့ ဆိုပါတယ်။
အမည်ပေးဖြစ်ပုံနဲ့ ပတ်သက်ပြီးတော့လည်း သူက ခုလိုပြောပါတယ်။
“ခေတ်သစ်အငြိမ့်လို့ နာမည်ပေးဖြစ်တာကလည်း ကျနော်တို့ရဲ့ အခု ၂၀၁၆ ခုနှစ်က နိုင်ငံရေးအသစ်နဲ့ စတင်တော့မှာ ဖြစ်တဲ့အတွက် ခေတ်သစ်အငြိမ့်ရယ်လို့ ပေးလိုက်တာ ဖြစ်ပါတယ်။ တိုင်းပြည်က ခေတ်သစ်ကို ပြောင်းသွားသလိုပဲ ကျနော်တို့ လူရွှင်တော်တွေကလည်း ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ဖြစ်စေချင်တယ်၊ ခေတ်နဲ့အညီ ပရိသတ်ကြိုက်တဲ့ လူရွှင်တော်တွေ ဖြစ်စေချင်တယ်။ မျိုးဆက်သစ်တွေ ပေါ်လာစေချင်တယ်။ နိုင်ငံတော်က ခေတ်သစ်ကို သွားနေပြီ၊ ငါတို့ လူရွှင်တော်တွေကလည်း ခေတ်သစ်ကို သွားရမယ်လို့ရည်ရွယ်ပြီး ပေးဖြစ်တာပါ” လို့ ဆိုပါတယ်။
ယခုအခေါက် ယှဉ်ပြိုင်မှုမှာ အငြိမ့်အဖွဲ့ ၁၆ ဖွဲ့ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး တဖွဲ့ကို အချိန် ၄၅ မိနစ်ဆီ ပါဝင်ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ကြပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်မယ့် “အာရှဟား” အဖွဲ့ဝင်တဦးဖြစ်တဲ့ လူရွှင်တော် Orange က “ကျနော်တို့ အဖွဲ့မှာ ပါဝင်ကြမယ့်သူတွေက အပြင်မှာလည်း ဒီအလုပ်ကို လုပ်နေကြဖူးတဲ့သူတွေပါပဲ။ ကျနော်တို့က ဒီအတိုင်းသွားလို့ မရဘူးလေ။ ပြိုင်ပွဲဆိုရင်လည်း ပြိုင်မှ၊ အလုပ်ဆိုရင်လည်း လုပ်မှ၊ ရပ်နေရင်တော့ မသွားဘူးလေ။ ကျနော်တို့က သွားနေရမှ ရမှာ။ ဒါကြောင့် ဒီပြိုင်ပွဲကို သွားပြိုင်ဖြစ်တာ။ ဒီပြိုင်ပွဲမှာ ကျနော်တို့က ခေတ်နဲ့လိုက်အောင် ရယ်ရအောင် ပြက်သွားမှာပါ။ ခေတ်နဲ့အညီဆိုရင်လည်း တဖက်စောင်းနင်း မဟုတ်ဘဲ အဓိက ရယ်ရအောင် လုပ်သွားမှာပါ။ နိုင်ငံရေးပြက်လုံးလည်း ပြက်မှာပါ။ ဒါပေမယ့် တဖက်ကမ်းတင် တဖက်သောင်ပြို အစွန်းဖြစ်တာကို ပြက်မှာ မဟုတ်ဘဲ အပြုသဘောနဲ့ပဲ ပြက်သွားမှာပါ” လို့ ပြောပြပါတယ်။
ခေတ်သစ်အငြိမ့် ပြိုင်ပွဲမှာ ဆုကြေးအဖြစ် ပထမဆုကို ကျပ် ၁၅ သိန်း၊ ဒုတိယဆုကို ကျပ် ၁၀ သိန်းနဲ့ တတိယဆုကို ကျပ် ၅ သိန်း ချီးမြင့်ပေးသွားမှာဖြစ်ပြီး MNTV ကနေ ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။