“ဖာရုပ်” လို့ ကြမ်းကြမ်းရမ်းရမ်း နာမည်ပေးကာ အနုပညာလောကမှာရော အပြင်လောကမှာပါ နှစ်ရှည်လများ တည်တံ့နေဆဲ စပွန်ဆာယဉ်ကျေးမှုနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းရေးသားသီဆိုခဲ့ဖူးတဲ့ ရက်ပ်ပါ အဆိုတော် မလေး နှစ်ဦးကို မှတ်မိကြဦးမလားပဲ။ အဲ့ဒီ တေးသီချင်းဟာလည်း ၂၀၁၃ ခုနှစ်လောက်တုန်းက Underground အနေနဲ့ MTV ထွက်ခဲ့ဖူးပါတယ်။
သူတို့အဖွဲ့နာမည်က YAK လို့ ပေးထားပြီး အဖွဲ့ဝင်တွေကတော့ သဇင်နဲ့ Triple-A ဆိုတဲ့ အမျိုးသမီးနှစ်ဦးပါ။
အခု သူတို့ Solo Album အနေနဲ့ ထွက်ရှိလာမယ့် တေးစီးရီးကာဗာဓာတ်ပုံမှာလည်း ထူးခြားနေတာကို တွေ့ရပါတယ်။
ဘာလို့လဲဆိုတော့ ရက်ပ်ဆိုမယ့် အမျိုးသမီးငယ်နှစ်ဦးရဲ့ ဝတ်စားဆင်ယင်ပုံက သာမန် ရက်ပ်ပါသမားတွေရဲ့ ဝတ်စားဆင်ယင်ပုံဒီဇိုင်းမျိုးဖြစ်တဲ့ အကျီပွပွ ဘောင်းဘီဂွကျ ဦးထုပ်တစောင်း နဲ့ Bling Bling ဆွဲကြိုးကြီးတွေ၊ ဘွတ်ဖိနပ်ကြီးကြီးတွေ ဝတ်ဆင်ထားတာမျိုးမဟုတ်ဘဲ အကျီပွပွ အစား မြန်မာအကျီ၊ ဂွကျနေတဲ့ ဘောင်းဘီ အစား မြန်မာချိတ်ထဘီ၊ Bling Bling ဆွဲကြိုးကြီးအစား မြန်မာအမျိုးသမီးတွေရဲ့ အဆင်တန်ဆာ ပုလဲပုတီး၊ နဲ့ ဘွတ်ဖိနပ်ကြီး အစား မြန်မာပုံတော် ဖိနပ်တို့ကို ဝတ်ဆင်ထားခြင်းက အတော်လေး ထူခြားနေတာပါ။
“ကျမတို့ ဒါကို ရိုက်ဖို့အတွက် ပြင်သစ် ဓာတ်ပုံဆရာတယောက်ကို အပ်တော့ ရက်ပ်ပါမှန်လို့ရှိရင် Bling Bling တွေနဲ့ တော်တော်များများရိုက်ကြတယ်။ ဒီမှာရော ဟိုမှာရောပေါ့။ ကျမတို့က အရှင်းဆုံးပြောရရင် အဲ့လို အဝတ်အစားတွေအများကြီးလည်း မဝယ်နိုင်ဘူး။ အသုံးအဆောင်ပစ္စည်းတွေဆိုတာက သိတဲ့အတိုင်း လိုက်လို့ကို မမှီနိုင်ဘူးလေ။ နာရီဆိုလည်း အကောင်းစား၊ ဦးထုပ်ဆိုရင်လည်း အသစ်အသစ်တွေ ဆောင်းမှပေါ့။ နောက်ဆုံး သူကလည်း မြန်မာရိုးရာ ပါတာလေးလည်း သူလုပ်ချင်တယ်ပေါ့။ နောက် ကျမတို့ရဲ့ လက်အနေအထားပုံစံတွေ မျက်နှာအနေအထားတွေကတော့ ကျမတို့ ဟစ်ဟော့ပ်ဘက်ကို သွားတဲ့ ပုံစံမျိုး တွေကို ယူပြီးတော့ အဝတ်အစား ဒီဇိုင်းကတော့ ရိုးရာနဲ့ပေါင်းပြီးတော့ ဒါမျိုးလည်း ရိုက်လို့ရတယ်ဆိုတာကို ချပြချင်တာပါ။ မြန်မာအဝတ်အစားနဲ့ ရက်ပ်ဆိုတာကတော့ သိပ်ပြီး ကြည့်လို့မကောင်းဘူးပေါ့နော်။ ဒါပေမယ့် ကျမတို့က အငြိမ်ပုံစံမျိုး ရိုက်ထားတာဆိုတော့ လုံလုံခြုံခြုံပဲ ဒါပေမယ့် ကျမတို့ရဲ့ မျက်နှာအမူအရာပုံစံတွေကို ဟစ်ဟော့ပ် ဘက်ကို သွားလိုက်တာပေါ့။ အရမ်း နူးနူးညံ့ညံ့ပုံစံမျိုးကြီးဖြစ်မနေဘဲ ကျမတို့ရဲ့စတိုင်ပုံစံမျိုးလည်း မပျောက်အောင် ရိုးရာပုံစံမျိုးလည်း မပျောက်အောင် ယူလိုက်တာပါ။” လို့ YAK မှ အဖွဲ့ဝင်တဦးဖြစ်တဲ့ သဇင်က ဧရာဝတီကို ပြောပါတယ်။
အဲ့ဒီ solo album ရဲ့ အမည်ကိုလည်း “မိန်းမ Rap ရူးတွေ” လို့ အမည်ပေးထားတာပါ။
ဒီတေးစီရီးထဲမှာ “ဖာရုပ်”လိုမျိုး ခေတ်ရဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုရေးသားထားတဲ့ သီချင်းပုံစံမျိုးတွေတော့ တရားဝင်မှာ ဆင်ဆာအခက်အခဲရှိနိုင်တာကြောင့် ပါဝင်မှာမဟုတ်ဘဲ ဘဝအကြောင်းတွေ ၎င်းတို့နှစ်ဦးရဲ့ ဘဝနေထိုင်မှုပုံစံ အကြောင်းအရာမျိုးတွေ ပါဝင်မယ်လို့ သိရပါတယ်။
“လမ်းမပေါ်က ရက်ပ်စတား ဆိုတဲ့ လမ်းမပေါ်မှာတော့ လျှောက်နေရပြီး ပိုက်ဆံတပြားမှမရှိဘူး။ ဒါပေမယ့် အိမ်မက်ကတော့ အောင်မြင်တဲ့ ရက်ပ်စတားတယောက်ဖြစ်ဖို့ ဆိုတဲ့ အကြောင်းအရာလေးတွေပါတယ်။” လို့ သဇင်က ဆိုပါတယ်။
တေးရေးတွေအနေနဲ့ ဂျေမီ၊ ဆိုင်ကလုံး၊ K-cash၊ နက်ကျော်၊ လန်ဘား၊ စောရဲပိုင်၊ K lar ၊ T-zin တ့ိုဖြစ်ပါတယ်။
YAK ရဲ့“မိန်းမ Rap ရူးတွေ” ဆိုတဲ့ တေးစီးရီး မိတ်ဆက်ပွဲကို မနက်ဖန်နေ့လည် ၁ နာရီ Orchid Hotel မှာ ပြုလုပ်မှာဖြစ်ပြီး တေးစီးရီးကတော့ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထွက်ရှိမှာပါ။ တေးစီးရီးထွက်ရှိတဲ့ ညနေ ပရိုမိုးရှင်းပွဲကို ပြည်လမ်းပေါ်က ပြင်သစ် ယဉ်ကျေးမှုကျောင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။