မြန်မာနိုင်ငံကိုယ်စားပြု မစ္စတာတယောက်အနေနဲ့ ဟောင်ကောင်မှာကျင်းပပြုလုပ်ခဲ့တဲ့ Mister Asia 2014 ပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ခါရာ ဟာ ဆုတံဆိပ်တွေ ရရှိခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့တဲ့ သူတဦးဖြစ်ခဲ့ပါတယ်။
အဲဒီပွဲကနေမှ ပရိသတ်စိတ်ဝင်စားမှုရရှိခဲ့တဲ့ ခါရာက အခုအခါမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ သီချင်းသီဆိုနေပြီ ဖြစ်ပါတယ်။ ခါရာနဲ့ မိန်းကလေးအဆိုရှင် နိုရာတို့နှစ်ယောက်ပေါင်းပြီး သီဆိုထားတဲ့ “ကလိမ် ကကျစ်”လို့ အမည်ပေးထားသော တေးစီးရီးကို ယခုလာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ဖြန့်ချိပေးတော့မှာပါ။
ဒီတေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၁ ပုဒ် ထည့်သွင်းထားပြီး တေးသီချင်းပုံစံများကတော့ သီချင်းအေးအေးပုံစံများပဲ ဖြစ်ပါတယ်။ Mister တယောက်ကနေ သရုပ်ဆောင် အဲဒီကနေတဆင့် သီချင်းဆိုပြီး အဆိုတော်လုပ်တော့မယ့် ခါရာက သီချင်းဆိုဖြစ်ပုံနဲ့ပတ်သက်ပြီး “ဒီအခွေကို DVD အဖြစ်နဲ့ပါ တပါတည်းထွက်မှာ ဖြစ်ပါတယ်။ ဒီအခွေကို ကျနော်တို့ ရသပေါင်းစုံနဲ့ ဟာသအပျော်လေးတွေပါ ပေးနိုင်အောင် ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီအခွေကိုစပြီး လုပ်နေခဲ့တာက လွန်ခဲ့တဲ့သုံးနှစ်ကတည်းကပါ။ လုပ်နေတဲ့ ပထမတနှစ်အတွင်းမှာ ကျနော်တို့က ဂီတလောက ဘက်က မဟုတ်တော့ အခက်အခဲလေးတွေ ရှိခဲ့တယ်။ ပထမတနှစ် နှစ်နှစ်ကတော့ သီချင်းရွေးတာနဲ့ သီချင်းကို တီးတာနဲ့ တော်တော်လေးကို ခက်ပြီး အချိန်ကုန်ခဲ့တာပါ။ နောက်တော့ တေးရေး ကိုဆလိုင်းနဲ့တွေ့ပြီး သူက ကျနော်တို့ကို သီချင်းရေး ဆိုတာကစပြီး ဘေးကနေ သင်ကြားပေးတဲ့အတွက် အဆင်ပြေခဲ့ပါတယ်။ သီချင်းတွေကိုလည်း ရိုက်ကူးတဲ့နေရာမှာ နိုင်ငံခြားက MTV တပုဒ်ကို ကြည့်ရှူ့ ခံစားရသလို ဖြစ်အောင် အကောင်းဆုံးကြိုးစား တင်ဆက်ထားပါတယ်”လို့ ပြောပြပါတယ်။
ခါရာနဲ့ နိုရာကို တို့နှစ်ဦး သီဆိုထားတဲ့ “ကလိမ်ကကျစ်” တေးစီးရီးမှာ တေးသီချင်းများကို ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ အောင်မြတ်နဲ့ မေဘရဏီ တို့က ရိုက်ကူးပေးထားပြီး နာမည်ကြီး မော်ဒယ်လ် သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။