အလုပ်ပိပြီး စိတ်ဖိစီးမှု ရှိလာတဲ့အခါ ခရီးတို ခရီးရှည်တွေ ထွက်ပေးပြီး အနားယူဖို့လိုပါတယ်။ စိတ်ပြေလက်ပျောက် အပန်းဖြေ ခရီးထွက်ခြင်းက စိတ်ပင်ပန်းမှုကို ပြေလျော့စေတယ်။ စိတ်ကူးသစ် အကြံဉာဏ်သစ် အတွေး အမြင်သစ်တွေ ရရှိစေနိုင်တယ်။ နွေရောက်တော့မှာမို့ အညာနွေရဲ့ အပူရှောင်ချင်တယ်ဆိုရင် ပန်းမြို့တော် ပြင်ဦးလွင်ကို တက်ကြစေလိုပါတယ်။
ပြင်ဦးလွင်-မန္တလေး က ၄၂ မိုင်ကွာဝေးတယ်ဆိုပေမယ့် ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေက များတယ်။ ဆလွန်းကားတွေသုံးတဲ့ ယာဉ်လိုင်း စီးချင်လည်းရတယ်။ ဆလွန်းကားတွေက ဖုန်းတချက် ဆက်ရုံနဲ့ အိုင်တိုင်ရာရောက် လာခေါ်ပြီး ပြင်ဦးလွင်ရောက်တဲ့အခါ သွားလိုရာကို ရောက်အောင်ပို့ပေးကြတယ်။ စရိတ်သက်သာချင်ရင် မှန်လုံကားတွေနဲ့လည်း တက်လို့ရတယ်။ တောင်ပေါ်နဲ့မြေပြန့် ၄၂ မိုင်သာကွာဝေးပေမဲ့ ရာသီဥတုက သိသိသာသာကွာတယ်။ ပြင်ဦးလွင်က ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀ ကျော်မြင့်လို့ အအေးဓာတ်ကဲတယ်။
ပြင်ဦးလွင်ကိုရောက်တဲ့အခါ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ သွားပြီး ပန်းအလှရောင်စုံကြည့်ရင်း နားနားနေနေ နေပါ။ ရောင်စုံပန်းတွေကြားက ဖြတ်သန်းလာတဲ့ သဘာဝလေကို အားပါးတရ ရှုသွင်းပါ။ ဥယျာဉ် အတွင်းက မြက်ခင်းစိမ်းစိမ်းတွေပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်တာက သောကတွေကို အထိုက်အလျောက် ပြေလျော့စေနိုင်ပါတယ်။ ရေကန်ထဲမှာ လွတ်လွတ်လပ်လပ် ကူးခတ်နေကြတဲ့ ငန်းနက်၊ ငန်းဖြူတွေနဲ့ ရွှေဟသာၤ တွေကို ကြည့်ပြီး စိတ်လက်ပေါ့ပါးမှု ရရှိနိုင်တယ်။ ခရီးစဉ်မှာ ကံကောင်းထောက်မလို့ ချစ်ခင်ရသူပါလာခဲ့ရင် ဥယျာဉ်ထဲက မြေနီလမ်းလေးပေါ်မှာ လက်ချင်းတွဲပြီး လျှောက်နိုင်တဲ့ အခွင့်အရေးရနိုင်ပါ့မယ်။ ပန်းရောင်စုံတွေက ကွန်ကရစ်တောက ခဏတာ ထွက်ပြေးလာသူတွေကို စိတ်လက်အေးချမ်းစေမှာ ဖြစ်တယ်။
အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို ကိုလိုနီခေတ်မှာ ကတည်းက အင်္ဂလိပ်တွေက စနစ်တကျ ထူထောင် ခဲ့တာဖြစ်တယ်။ အဲဒီတုန်းက ရုက္ခဗေဒ ဥယျာဉ်(Botanical garden) အဖြစ် ခေါ်ဝေါ်စေခဲ့တယ်။ သဘာ၀ ရေဝေရေလဲ ကန်ကြီး အနီးက တောအုပ်ကို စနစ်တကျထိမ်းသိမ်းပြီး ပန်းမျိုးတရာပွင့်စေအောင် အမြော်အမြင်ရှိရှိ ထိန်းသိမ်းခဲ့ကြတာဖြစ်တယ်။ ဥယျာဉ်အတွင်းမှာ နှစ်ပေါင်းရာချီရှိတဲ့ အပင်ကြီးတွေက ထီးသဖွယ် မိုးပေးထားတယ်။ အုပ်စိုးသူ မျက်နှာဖြူတွေက သစ်တောတွေ အပြောင်ရှင်း ကန်ကြီးမြေဖို့ အကွက်ရိုက် မြို့သစ်ဖော်ပြီး ဝေခြမ်းမယူခဲ့ကြဘူး။
လွတ်လပ်ရေးရပြီးခေတ်မှာတော့ ရုက္ခဗေဒ ဥယျာဉ်ရဲ့ စီမံခန့်ခွဲမှုကို လယ်ယာနှင့်သစ်တော ဝန်ကြီး ဌာနက ရယူခဲ့တယ်။ အာဏာသိမ်းစစ်အစိုးရ လက်ထက်နောက်ပိုင်းမှာတော့ အမျိုးသားကန်တော်ကြီး ဥယျာဉ်လို့ အမည်ပြောင်းခဲ့သလို ဥယျာဉ်စီမံခန့်ခွဲမှုကိုလည်း ပုဂ္ဂလိက လက်ထဲ ထည့်ပေးလိုက်တယ်။ ပုဂ္ဂလိက လက်ထက်မှာတော့ နန်းမြင့်မျှော်စင် ကို ဥယျာဉ်အတွင်း အသစ်တည်ဆောက်လိုက်ကြတယ်။ ရွှံ့နွံတော လျှောက်လမ်း၊ ငှက် ဥယျာဉ် နဲ့တောတွင်းလျှောက်လမ်းတွေပါ အသစ်ထပ်ဖြည့်တယ်။ တခါတရံ စတိတ်ရှိုးတွေကိုပါ
ဥယျာဉ်အတွင်း ပြုလုပ်ခွင့်ပေးထားတယ်။ ဥယျာဉ်အတွင်းမှာ စိတ်အေးလက်အေး နားနေချင်ရင် စတိတ်ရှိုး မလုပ်တဲ့ရက်တွေနဲ့ အခါကြီးရက်ကြီးတွေကို ရှောင်ကွင်းပြီးသွားတာ ပိုအဆင်ပြေပါတယ်။
ဥယျာဉ်အတွင်းမှာ စိတ်တိုင်းကျ နားပြီးရင် ပွဲကောက်ရေတံခွန်လို့ ခေါ်တဲ့ ဘီအီးဖောလ်(BE fall)ဘက်ကို ခြေဦးလှည့်ကြပါဦး။ စစ်အင်ဂျင်နီယာတပ်က ထိန်းသိမ်းစောင့်ရှောက်ခဲ့လို့ ဘီအီးဖောလ်လို့ အမည်တွင်နေတာပါ။ ပွဲကောက်ရေတံခွန်နားနေစခန်းရဲ့ သက်တမ်းကလည်း မနည်းတော့ပါဘူး။ လွတ်လပ်ရေး မတိုင်မီခေတ်မှာပဲ အင်္ဂလိပ်တွေက အပန်းဖြေစခန်းအဖြစ် ဖွင့်လှစ်ခဲ့တာပါ။ ပွဲကောက်ရေတံခွန်ကလည်း ထုံးစံအတိုင်း ဝင်ကြေးပေးကြရပါတယ်။ ရေတွေ တဝေါဝေါ ဝါးလုံးထိုး စီးဆင်းနေတဲ့ ရေတံခွန်မှာ ရေချိုးသူတွေက ၁၂ ရာသီပါတ်လုံး မပြတ်ရှိနေပါတယ်။ အမျိုးသမီးတွေအတွက် အဝတ်အစားလဲလှယ်ခန်းတွေလည်းရှိတယ်။
ရေတံခွန်က ကျလာတဲ့ရေတွေ မြောင်းငယ်ချောင်းငယ်တွေထဲ မဖြတ်သန်းခင် ဒလတ်တွေကို ရေစီးအားနဲ့ လည်ပတ်အောင်ပြုလုပ်ထားတယ်။ အဲဒီ လည်နေတဲ့ ဒလတ်တွေကို ဒိုင်နမိုတွေနဲ့ချိတ်ဆက်ထားပြီး လျှပ်စစ်မီးရအောင် ဖန်တီးထားတယ်။ ရေအားလျှပ်စစ် ထုတ်ယူပုံကို လက်တွေ့ မြင်နိုင်တဲ့ နေရာပါပဲ။ ပွဲကောက်ရေတံခွန်မှာ ချောင်းကို ဖြတ်ပြီး ဆောက်ထားတဲ့ ကြိုးတံတားရှိတယ်။ ကြိုးတံတားရဲ့ အရှည်က ပေ ၁၀၀ ဝန်းကျင်သာရှိပေမဲ့ လှုပ်လီလှုပ်လဲ့ ကြိုးတံတားပေါ် ဖြတ်လျှောက်ရတာ အသဲတယားယားနဲ့ ရင်ဖိုစရာ
ကောင်းတယ်။ ရေတံခွန်တွေအောက် ဖြတ်လျောက်တဲ့အခါ ရေညှိတက်နေတဲ့ ကျောက်တုံးတွေရှိလို့ သတိထားလျှောက်ဖို့လိုတယ်။
ပွဲကောက်ရေတံခွန်မှာ ဈေးဆိုင်ခန်းတွေရှိတယ်။ ဒေသထွက် အစားအစာတွေ ဝယ်လို့ကောင်းတယ်။ အထူးသဖြင့် ဝိုင်အမျိုးမျိုး၊ဆေးဘက်ဝင် သစ်မြစ်သစ်ဖု၊ မလိုင်လုံး မလိုင်ခဲ၊မက်မန်းသီး၊ စတော်ဘယ်ရီ၊ခြံထွက် ဟင်းသီးဟင်းရွက်တွေက အိမ်ရှင်မတွေရဲ့ ပိတ်ထားတဲ့ ပိုက်ဆံအိတ်တွေကို ပွင့်လာအောင် စွမ်းဆောင်နိုင်တယ်။ ဒေသထွက် သိုးမွှေး ယုန်မွှေး တွေနဲ့ ယက်လုပ်ထားတဲ့ ဆွယ်တာတွေအပြင် တရုတ်ပြည်ဖြစ် ဆွယ်တာတွေလည်း ဒီဇိုင်းစုံ အရောင်စုံ ရွေးချယ်ဝယ်ယူနိုင်တယ်။
ကဲ … အလုပ်တွေကို ခဏမေ့ပြီး ကျောပိုးအိပ်ကိုပြင်လိုက်ပါတော့ မိတ်ဆွေ။