ဒီ ဖေဖော်ဝါရီလထဲမှာ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ် (၁၀၁)နှစ်ပြည့်မွေးနေ့၊ ချစ်သူများနေ့တွေ ဆက်တိုက် ရှိနေပါတယ်။ တချို့ကလည်း ပြည်ထောင်စုနေ့မှာ အပြင်သွားကြဖို့ ဗိုလ်ချုပ်မွေးနေ့မှာ ရပ်ထဲရွာထဲ မနက်စောစော ပဲပြုတ်နံပြားကျွေးဖို့၊ ချစ်သူများနေ့အတွက် ချစ်သူရှိသူတွေက ချစ်သူနဲ့အတူလျှောက်လည်ဖို့၊ လက်ဆောင်တွေပေးဖို့၊ ချစ်သူမရှိသူတွေက အိမ်တွင်းပုန်းကြဖို့ ကြိုတင်ပြင်ဆင်နေလောက်ကြပါပြီ။ တနင်္ဂနွေနေ့လည်း ဖြစ်ပြန်တော့ သူငယ်ချင်းအပေါင်းအသင်းနဲ့ အပြင်သွားမယ့်သူတွေလည်း အစီအစဉ်တွေ ဆွဲနေကြမှာပါ။
ဒီ ပွဲအခမ်းအနားတွေမှာ သုံးဖို့ပဲဖြစ်ဖြစ်၊ ချစ်သူကို ပေးဖို့ပဲဖြစ်ဖြစ် အဆင်ပြေစေမယ့် ပန်းစည်း၊ ပန်းခြင်း လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နှင်းဆီပန်းရောင်စုံ၊ အရောင်စပ်ပန်းတွေကို ချစ်စရာကောင်းပြီး လှပတဲ့ ပန်းစည်း၊ ပန်းခြင်းလေးတွေအဖြစ် အမှတ်တရလက်ဆောင်ပေးနိုင်မှာပါ။ နှင်းဆီပန်းတွေရဲ့ အပွင့် အရေ အတွက်နဲ့အရောင်တွေမှာ အချစ်နဲ့ပတ်သက်ပြီး အဓိပ္ပာယ်တွေရှိတယ်လို့ ကြားဖူးပါတယ်။ အဲ့ဒါကြောင့် မကြာခင်ရောက်လာတော့မယ့် ချစ်သူများနေ့နဲ့ အထူးလိုက်ဖက်မယ်လို့ ထင်ပါတယ်။
ကိုယ့်ချစ်သူကို အမှတ်တရလက်ဆောင်ပေးဖို့ အလုပ်များနေကြတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ အဲ့လိုစဉ်းစားနေကြသူတွေအတွက် ကိုယ်တိုင်လုပ် handmade card လေးနဲ့ နှင်းဆီပန်းစည်း၊ ဗယ်လင်တိုင်းသရုပ်ဖြစ်တဲ့ ချောကလက်တို့ကို အမှတ်တရအဖြစ် ပေးမယ်ဆိုရင်တော့ လက်ခံရမယ့် ချစ်သူ ကောင်လေး၊ ကောင်မလေးက ဝမ်းသာပျော်ရွှင်မှာပါ။
တချို့ကိုယ်တိုင်ပန်းအလှပြင်တတ်သူတွေ ရှိပါတယ်။ အဲ့လိုမျိုးဆိုရင်တော့ ပန်းဖိုးပဲကုန်မှာပေါ့နော်။ နှင်းဆီပန်းတွေကို လိုသလောက်ဝယ်ယူ၊ ကိုယ်တိုင်အလှဆင်ပြီး လက်ဆောင်ပေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။ ကိုယ်တိုင်မလုပ်တတ်သူတွေအနေနဲ့ အဲ့ဒီလိုပန်းအလှဆင် ပန်းစည်းပြုလုပ်ပေးတဲ့ ဆိုင်တွေရှိတာမို့ ဝယ်ယူလို့ရပါတယ်။