“F4 ချစ်သူ”လို့ မြန်မာပရိသတ်များ သိထားကြတဲ့ “Boys Over Flower” ရုပ်သံဇာတ်လမ်းတွဲမှာ ဂျီဟို အဖြစ် ပါဝင် သရုပ်ဆောင်ခဲ့တဲ့ K-Pop Boy Band “SS501” အဖွဲ့မှ အဆိုတော် မင်းသား ကင်ဟွန်ဂျွန်း (Kim Hyun Joong) ဟာ စစ်မှုတာဝန် ထမ်းဆောင်နေရင်းနဲ့ ချစ်သူဟောင်းရဲ့ တရားစွဲဆိုမှုကို ရင်ဆိုင်နေရပါတယ်။
၂၀၁၅ ခုနှစ် မေလကစတင်ပြီး ကင်ဟွန်ဂျွန်းဟာ စစ်မှုတာဝန် ထမ်းဆောင်ခဲ့ပါတယ်။ စစ်သင်တန်းကို မေလ ၁၂ ရက်နေ့ ကနေ ဇွန်လ ၁၈ ရက်နေ့အထိ တက်ခဲ့ရပြီး ပါဂျူးနယ်မြေစစ်စခန်းမှာ ဇွန်လ ၁၉ ရက်နေ့မှ စတင်ပြီး တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ကင်ဟွန်ဂျွန်းရဲ့ ချစ်သူဟောင်းဖြစ်သူက သူမွေးဖွားခဲ့တဲ့ ကလေးရဲ့ ဖခင်ဟာ ကင်ဟွန်ဂျွန်း ဖြစ်တာကြောင့် ကလေးရဲ့ ဖခင်အမည်မှာ ကင်ဟွန်ဂျွန်းအမည်ကို သုံးစွဲခွင့်ပြုဖို့ တရားရုံးတင် ဦးတိုက် လျှောက်ထားခဲ့တာကြောင့် ကင်ဟွန်ဂျွန်းမှာ တာဝန်ထမ်းဆောင်နေရင်း တရားရင်ဆိုင် နေရပါတယ်။
ကင်ဟွန်ဂျွန်းဟာ အမှုရင်ဆိုင်ရန်အတွက် တပ်အတွင်း တာဝန်ထမ်းဆောင်ရက်မှာ ရက် ၁၀၀ မပြည့်သေးတာကြောင့် ခွင့်မရခဲ့ဘဲ တရားရုံးသို့ ကိုယ်တိုင် လာရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ သူ့ရဲ့ရှေ့နေဖြစ်သူ လီဂျေမန်းသာ တရားခွင်သို့ လာရောက်ပြီး တရားရင်ဆိုင်ခဲ့ပါတယ်။ ကိုရီးယားမီဒီယာများက Ms Choi လို့ အမည်တပ်ထားတဲ့ ကင်ဟွန်ဂျွန်းရဲ့ ချစ်သူဟောင်း မိန်းကလေးဟာ ၂၀၁၅ခုနှစ် စက်တင်ဘာလက ကလေးမွေးဖွားခဲ့ပါတယ်။
ဒီကလေးရဲ့ ဖခင်ဟာ ကင်ဟွန်ဂျွန်းဖြစ်တယ်လို့ သူမက အခိုင်အမာ ဆိုထားပြီး ကလေးဖခင် အမည်နေရာမှာ ကင်ဟွန်ဂျွန်းရဲ့ အမည်ကို သုံးစွဲခွင့်ကို တရားရုံးကို ဦးတိုက်လျှောက်ထား တောင်းဆိုထားပါတယ်။
Ms Choi ဟာ ဘယ်မှာ နေထိုင်တယ်၊ ဘာအလုပ်ကို လုပ်ကိုင်တယ်ဆိုတာတော့ မီဒီယာများက အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် ၂၀၁၄ခုနှစ်၊ သြဂုတ်လမှ စတင်ပြီး သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ် တွဲခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
တရားရုံးမှနေပြီး Ms Choi ရဲ့ သားလေးကို DNA စစ်ဆေးဖို့အတွက် အမိန့်ချမှတ်ခဲ့ကာ DNA စစ်ဆေးရန်အတွက် Seoul National University Hospital မှ တပါး တခြားနေရာများတွင် စစ်ဆေးခွင့် ပိတ်ပင်ခဲ့ပါတယ်။ ထိုသို့သွားရောက် စစ်ဆေးရာတွင် မီဒီယာများမှ သတင်းသမားများ ဓာတ်ပုံရိုက်ကူးခွင့်ကို တရားရုံးမှ တားမြစ်ခဲ့ပါတယ်။
DNA စစ်ဆေးမှုကနေ ရလဒ် ထွက်လာတဲ့အခါမှာတော့ ကင်ဟွန်ဂျွန်းရဲ့ သားဖြစ်ကြောင်း ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ဆိုတဲ့ အဖြေကို ထွက်ပေါ်လာခဲ့ပါတယ်။ ကင်ဟွန်ဂျွန်းရဲ့ ရှေ့နေလီဂျေမန်းကတော့ ကင်ဟွန်းဂျွန်းဟာ Ms Choi ကို ကိုယ်ဝန်ဖျက်ချဖို့ တားမြစ်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတွေ မပြုလုပ်ခဲ့ပါဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။
ကိုယ်ဝန်ရရှိတယ်လို့ ကင်ဟွန်ဂျွန်းက သိသိခြင်းမှာ သူတို့ဟာ ဆေးရုံမှာ စစ်ဆေးမှုပြုလုပ်ခဲ့ပေမဲ့ ဆေးရုံရလဒ်ဟာ Negative ဖြစ်တာကြောင့် ကင်ဟွန်ဂျွန်းဟာ Ms Choi က သူ့အား လိမ်လည်နေတယ်လို့ပဲ ထင်မှတ်ခဲ့တယ်လို့ မီဒီယာများကို ဆိုခဲ့ပါတယ်။
ရှေ့နေလီက ဆက်လက်ပြီး ကင်ဟွန်ဂျွန်းက Ms Choi ကို ကလေးရှိတယ်လို့ ပြောပြောချင်းမှာ ကိုရီးယားဝမ် သန်း ၆၀၀ (အမေရိကန်ဒေါ်လာ ၅ သိန်း ၁ သောင်း) ပေးခဲ့ကြောင်း Ms Choi က ဝမ် ၁ ဒသမ ၆ ဘီလီယံ တောင်းခံခဲ့ရာမှာ ကင်ဟွန်ဂျွန်းက ငြင်းပယ်ခဲ့တယ်လို့ ဆိုခဲ့ပြီး ကင်ဟွန်ဂျွန်းဟာ ကလေးနဲ့ ပတ်သက်ပြီး တာဝန်ယူမှုအပြည့် ပြုလုပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆေးရုံမှတ်တမ်းတွေအရ Ms Choi ဟာ ပထမကိုယ်ဝန် ပျက်ကျခဲ့ဖူးတဲ့ လက္ခဏာရပ်တွေ ရှိတယ်လို့ ဆိုထားပြီး အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုခြင်း မရှိပါဘူး။ ကင်ဟွန်ဂျွန်းရဲ့ မိဘများကတော့ သားဖြစ်သူအတွက် တောင်းပန်ကြောင်း Ms Choi ကိုပြောကြားခဲ့ပြီး သူတို့ မြေးအတွက် သူတို့ တာဝန်ယူမယ်လို့ ပြောကြားခဲ့ပါတယ်။
သူတို့ သားကို လက်ထပ်ရန်အတွက် အကြိမ်ကြိမ် နားချခဲ့ပေမဲ့ သားဖြစ်သူက သူအမှန်တကယ် လက်ထပ်မယ့် မိန်းကလေး မရှိသေးဘူး ဆိုခဲ့တာကြောင့် မိဘများအနေနဲ့ ဒီလိုကိစ္စဖြစ်ပေါ်မှုကို မတားဆီးနိုင်လိုက်ဘူးလို့ မီဒီယာများကို ပြောကြားခဲ့ပါတယ်။
ကင်ဟွန်းဂျွန်းဟာ အသက် ၂၉ နှစ်ရှိပြီ ဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး သရုပ်ဆောင်၊ အဆိုတော်၊ မော်ဒယ်လ် တဦး ဖြစ်ပါတယ်။ တချိန်က SS501 အဖွဲ့ရဲ့ ခေါင်းဆောင်တဦးဖြစ်ခဲ့ပြီး Boys Over Flower ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင် ခဲ့ပြီးတဲ့နောက် အဖွဲ့ကနေ ထွက်ခွာခဲ့ပြီး တကိုယ်တော် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပြီး ရုပ်သံဇာတ်လမ်းတွေနဲ့ တေးအယ်လ်ဘမ်များစွာ ဖြန့်ချိခဲ့ပါတယ်။ ကင်ဟွန်ဂျွန်းနဲ့ နီးစပ်သူများအဆိုအရ သူဟာ အလုပ်ပင်ပန်းမှုဒါဏ်နှင့် အောင်မြင်မှုဒါဏ်များကြောင့် စိတ်ဖိစီးမှုများစွာ ရှိခဲ့ပြီး စိတ်ရောဂါ ဆရာဝန်များနဲ့ တိုင်ပင်ရတဲ့ အထိဖြစ်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။ လက်ရှိမှာတော့ ကင်ဟွန်ဂျွန်းဟာ စစ်မှုတာဝန် ထမ်းဆောင်နေပြီး ၂၀၁၇ ခုနှစ် ဖေဖဝါရီလမှ တာဝန်ပြီးဆုံးမှာပဲ ဖြစ်ပါတယ်။
Ref : allkpop.com