ပြင်ဦးလွင် ဇာတိသား ပန်းချီဇော်ထွန်းရဲ့ ပိုးထည်ပန်းချီကားများ (Silk Painting) ပြပွဲကို ရန်ကုန်မြို့၊ အလုံလမ်းရှိ The Yangon Gallery မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ က ၁၆ ရက်နေ့ အထိကျင်းပသွားမှာ ဖြစ်ပါတယ်။
ပန်းချီလက်ရာပေါင်း ၇၂ ကား ပါဝင်ပြီး ပိုးထည်စပေါ်မှာ ရှုခင်းပုံ၊ ပန်းပွင့်ပုံ၊ တိရစ္ဆာန်ပုံ၊ အမျိုးသမီးပုံ စသဖြင့် ရေးဆွဲထားတဲ့ ပန်းချီကားများက လှပပြီး စိတ်ဝင်စားစရာ ကောင်းတာတွေ့ရပါတယ်။
“ကျနော်က တလျှောက်လုံး ဆီဆေး၊ ရေဆေး၊ အခရိုင်းလစ်တွေပဲ ရေးခဲ့တာပါ။ ပိုးထည်စပေါ်မှာ ပန်းချီစရေးဖြစ် စမ်းရေးဖြစ်တာက ၂၀၁၃ မှာပါ။ အင်တာနက်မှာ ပိုးထည်စပေါ် ရေးဆွဲတဲ့ ပန်းချီကားတွေတွေ့ပြီး ကျနော် စိတ်ဝင်စားမိခဲ့ တယ်။ ဒါနဲ့ အင်္ဂလန်မှာ ရောက်နေတဲ့ တူမလေး အကူအညီနဲ့ ဆေးတွေဝယ်၊ အသုံးပြု လမ်းညွှန်တွေဝယ်ပြီး ကိုယ့်ဘာသာ ကိုယ် လေ့လာရင်း စမ်းသပ်ရင်းနဲ့ ပိုးထည်စပေါ်မှာ ပန်းချီးကားတွေ ရေးဆွဲဖြစ်ခဲ့တာပါ။ ကျနော် အစောပိုင်းက ရေးဆွဲခဲ့တဲ့ ပန်းချီကား ၇၀ လောက်ကို Royal Jasmine ဟိုတယ်က ဝယ်ယူ စုဆောင်းထားတယ်။ အခု ပြပွဲ အတွက်ကတော့ အချိန်၊ ငွေကြေးနဲ့ မိသားစုရဲ့ အကြံဉာဏ်တွေ ယူပြီး ပြင်ဆင်ခဲ့တာပါ” လို့ ပန်းချီဇော်ထွန်းက ပြောပြတယ်။
၁၉၅၄ ခုနှစ်ဖွား ပန်းချီဇော်ထွန်းဟာ ငယ်ရွယ်စဉ်ကတည်းက ဦးမျိုးသန့်၊ ဦးသောင်းဟန်၊ ဦးမြတ်စိုးတို့ထံမှာ ပန်းချီ အခြေခံကို သင်ယူခဲ့ပြီး မီဒီယံမျိုးစုံ ကျွမ်းကျင်သူ ပန်းချီဆရာ တဦးဖြစ်ပါတယ်။ သူ့လက်ရာတွေကို လေ့လာကြည့်ရင် ဒီဇိုင်းဆန်တဲ့ လက်ရာတွေ ဖြစ်သလို၊ တချို့ လက်ရာတွေက သရုပ်ဖော်ပန်းချီ (Illustration) ဆန်တဲ့ လက်ရာတွေ ဖြစ်နေတဲ့ အပြင် Realism အခြေပြု ဖန်တီးရေးဆွဲမှုတွေ ပါဝင်တာ တွေ့ရပါတယ်။
သတ္တုတူးဖော်ရေး (Mining) အထူးပြု ဘာသာရပ်နဲ့ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့တဲ့ ပန်းချီဇော်ထွန်းဟာ အချိန်ပြည့် ပန်းချီဆရာ အဖြစ် လုပ်ကိုင်လျက်ရှိပြီး အမှတ် ၅၃၊ ၁၀ ရပ်ကွက်၊ ပဒေသာရပ်ကွက် ပြင်ဦးလွင်မှာ မိသားစုနဲ့ အတူ နေထိုင်လျက် ရှိပါတယ်။