မနက်ဖန်ရောက်လာမယ့် ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေ အချင်းချင်းအမှတ်တရလက်ဆောင်ပေးဖို့ အခုလောက်ဆို စဉ်းစားနေလောက်ပြီပေါ့။ ချစ်သူတွေအနေနဲ့ လက်ဆောင်ပေးတဲ့နေရာမှာ ပန်းစည်း၊ ချောကလက်၊ မွှေးပွအရုပ် စတာတွေကိုပဲ လက်ဆောင်အပေးများပေမယ့် ဒီနှစ်မှာတော့ ထူးထူးခြားခြားလေး ကိုယ့်ပုံစံ အရုပ်သေးသေးလေးတွေလုပ်တာ၊ နောက်ပြီး ကိုယ်တိုင် သိုးမွှေးရုပ်ထိုးတာ စတာတွေ ခေတ်စားလာတာကို တွေ့ရပါတယ်။
သိုးမွှေးထိုးတာဟာ အရင်ကတည်းက ရှိခဲ့ပေမယ့် ကိုယ်လိုချင်တဲ့အရုပ်လေးတွေထိုးပြီး ချစ်သူများနေ့ လက်ဆောင်အဖြစ် ပေးတာမျိုးက ရှားပါတယ်။ ဒီနှစ်မှစပြီး ခေတ်စားခဲ့တယ်လို့ ဆိုရမှာပါ။ ကိုယ့်ချစ်သူကို ကိုယ်တိုင်လုပ်ထားတဲ့ handmade လက်ဆောင်ပေးချင်ပြီး အရင်က ခေတ်စားခဲ့တဲ့ handmade card လေးတွေကို သဘောမကျတော့ဘူးဆိုရင် ဒီ သိုးမွှေးထိုးတဲ့နည်းလေးကို သင်ပြီး ကိုယ်တိုင်ထိုးထားတဲ့ သိုးမွှေးရုပ်လက်ဆောင်လေး ပေးသင့်ပါတယ်။ ဒီလက်ဆောင်က ချစ်သူများနေ့တင်မဟုတ်ဘဲ အခြား အမှတ်တရလက်ဆောင်ပေးလို့ရတဲ့ မွေးနေ့၊ နှုတ်ဆက်လက်ဆောင်နဲ့ အခြားအထိမ်းအမှတ်များအတွက်လည်း လက်ဆောင်ပေးလို့ရပါတယ်။
နောက်တခုကတော့ အရုပ်သေးသေးလေးတွေရဲ့မျက်နှာမှာ ကိုယ့်ဓာတ်ပုံမျက်နှာကပ်ပြီး ဆင်တူစုံတွဲ အရုပ်လေးတွေ၊ တစ်ယောက်တည်းအရုပ်ကလေးတွေလုပ်တာပါ။ အဲ့ဒါက ဆိုင်မှာ ကိုယ်ကြိုက်တဲ့ အရုပ်ကိုရွေးပြီး ဓာတ်ပုံပေးလိုက်ရင် ဆိုင်က အရုပ်မှာပြန်လုပ်ပေးတာမျိုးပါ။ အဲ့အတွက် ဓာတ်ပုံက ကိုယ့်ဘာသာရိုက်လို့လည်း ရသလို ဆိုင်ကိုသွားပြီးမှ သူတို့ကို ရိုက်ခိုင်းရင်လည်း ရပါတယ်။ မျက်နှာကတော့ ရှေ့တည့်တည့်က ရိုက်တဲ့ပုံဖြစ်ရပါမယ်။ အရုပ်တွေကိုတော့ အပြင်ကနေယူသွားလို့မရပါဘူး။
ကြာချိန်ကလည်းအလွန်ဆုံး ၁၀ မိနစ် ၁၅ မိနစ်လောက်ပါပဲလို့ဆိုင်မှ တာဝန်ရှိသူတွေက ပြောပြပါတယ်။ ဈေးနှုန်းတွေကတော့ အရုပ်အရွယ်အစားကိုလိုက်ပြီး Single Doll ဆိုရင် (၅၀၀၀) ကနေ (၉၀၀၀)အထိဖြစ်ပြီး Couple Dollဆိုရင်တော့ (၉၀၀၀) ကနေ (၁၉၀၀၀)ထိရှိတယ်လို့ သိရပါတယ်။ ဒီအရုပ်လေးတွေကို ရွှေဂုံတိုင် Ocean ၊ Junction Square နဲ့ Junction Mawtin တို့မှာရှိတဲ့ “Just 4U” ဆိုတဲ့ ဆိုင်လေးမှာ လုပ်လို့ရပါတယ်။ ဆိုင်တွေကို မနက် ၉နာရီကနေ ည ၉နာရီအထိ ပိတ်ရက်မရှိဖွင့်ထားတယ်လို့လည်း သိရပါတယ်။