Lifestyle

နိုင်ငံအဆင့် ပွဲအခမ်းအနားမှာ ပထမဆုံး အခမ်းအနားမှူး လုပ်ခွင့်ရတဲ့ ကျော်ထက်အောင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မနေ့က ကျင်းပပြီးစီးခဲ့တဲ့ မြန်မာရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆု ပေးအပ်ပွဲ အခမ်းအနားမှာ အခမ်းအနားမှူးအဖြစ် ဆန်းထွဋ်၊ တင်မိုးလွင် တို့နဲ့အတူ Myanmar Idol ရဲ့ စီစဉ်တင်ဆက်သူ ကျော်ထက်အောင် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

Myanmar Idol ပရိသတ်များနဲ့ ရင်းနှီးပြီးသား ကျော်ထက်အောင်ကို အကယ်ဒမီ ထူးချွန်ဆုပေးအပ်ပွဲမှာ အခမ်းအနားမှူးအဖြစ် ပါဝင်ဆောင်ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

“ကျနော်က အကယ်ဒမီပေးပွဲမှာ ပါဝင်ချင်နေခဲ့တာပါ၊ ဒါနဲ့ ဒီနှစ်ကျတော့ အခမ်းအနားမှူးအဖြစ် မျိုးဆက်သစ်တွေ ထဲကလည်း ခေါ်မယ်ဆိုတော့ အဲဒီမှာ ရင်းနှီးတဲ့သူတွေက ပြောကြည့်ပါလားဆိုတော့ ကျနော်က အလှမ်းဝေးပါတယ်ဆိုပြီး နေလိုက်သေးတယ်။ အဲဒီမှာ အန်ကယ်လေး (လူမင်း) တို့ကလည်း မျိုးဆက်သစ်တွေ ခေါ်မယ်ဆိုပြီး ကျနော်ကို ခေါ်တွေ့ပါတယ်။ အဲဒါနဲ့ ပါဝင်လာဖြစ်တာပါ” လို့ ကျော်ထက်အောင်က ပြောပါတယ်။

ကျော်ထက်အောင်အနေနဲ့ နိုင်ငံအဆင့် ပွဲအခမ်းအနားမှာ ပထမဆုံး အခမ်းအနားမှူး လုပ်ခဲ့တာဖြစ်ပြီး  အမှားယွင်းနည်းအောင် တပတ်အလိုမှ ပြင်ဆင်မှုများကို အတတ်နိုင်ဆုံး ကြိုးစားခဲ့ရကြောင်းလည်း သိရပါတယ်။

Myanmar Idol မှာ ပြိုင်ပွဲဝင်များရဲ့ အမှတ်များကို ကြော်ငြာတဲ့အခါမှာ အချိန်ဆွဲတယ်ဆိုပြီး ဝေဖန်ခံရလေ့ ရှိတဲ့ ကျော်ထက်အောင်က “ကျနော့်ကို တချို့က နောက်ကျတယ်။ အွန်လိုင်းမှာ ရယ်စရာအနေနဲ့ ပြောကြတဲ့သူတွေရှိသလို၊ အပြုသဘောအနေနဲ့ ပြောကြတဲ့သူတွေ ရှိသလို တသဝေမတိမ်းထင်ပြီး ရေးကြတဲ့သူတွေလည်း ရှိပါတယ်။ ကျနော်နဲ့ ရင်းနှီးတဲ့သူတွေဆိုရင်လည်း ပွဲလာရင် ဒရမ်းဘက်လေး ယူလာရမလားပေါ့။ ပြောပြချင်တာလေးက ကျနော်တို့က ပွဲတခုနဲ့  ပရိသတ်ကြား ဆက်စပ်ပေးနေရတဲ့ သူတွေပါ။ ကျနော်တို့လည်း လောကဇာတ်ခုံပေါ်က သရုပ်ဆောင်တွေပါပဲ။ Myanmar Idol မှာ ကျတဲ့ ကျနော့် ဇာတ်ရုပ်က ဗီလိန် ဖြစ်ကောင်းဖြစ်ပေမယ့် တခြားမှာဆိုရင်တော့ ကျနော် ဇာတ်ပို့ဖြစ်နေပါလိမ့်မယ် အဲဒါကို အကုန်လုံးက နားလည် သဘောပေါက်မယ်လို့ ထင်ပါတယ်” လို့ ပြောပြထားပါတယ်။

Myanmar Idol အစီအစဉ်နဲ့ ပတ်သက်လို့ ပရိသတ်များကြား ပြောဆိုဝေဖန်နေမှုနဲ့ ပတ်သက်ပြီးတော့ ကျော်ထက်အောင်က “ကျနော့်ကို မကြိုက်ကြတာက ကျနော်မှာ လိုအပ်နေသေးလို့ပါ၊ ကျနော် ဆက် ကြိုးစားရဦးမှာပါ။ နောက်ပြီး Myanmar Idol မှာ စီစဉ်သူအဖြစ် ခေါ်ခဲ့တုန်းက ဘာမှန်းမသိဘဲ ကျနော် လျှောက်ခဲ့ပေမယ့် သူတို့က Myanmar Idol မှာ လုပ်ရမယ်၊ ရွေးလိုက်ပြီပြောတော့ ကျနော် မျက်ရည်ကျတဲ့အထိ ဝမ်းသာခဲ့ရတာပါ။  ပြီးတော့ ဒီအစီအစဉ်မှာ ပြောဆိုရတဲ့အခါမှာ ဘယ်စကားကို ဘယ်အချိန်မှာ ပြောရမယ်၊ ဘယ်နှစက္ကန့်အတွင်း ဘာပြောရမယ်ဆိုတာ ကျက်ထားရတာပါ။ ကျနော့်နားမှာ Ear Phone တပ်ထားရပါတယ်။ ကျနော်နောက်မှာ ဘယ်အချိန်မှာ ဘယ်စကားပြောဖို့ဆိုပြီး ပြောပေးတဲ့ သူတယောက်လည်း ရှိနေပါတယ်။ သူက တောက်လျှောက် ပြောပေးနေတာပါ၊ ဒီစကားကို ပြောရတော့မယ်၊ ဒီInformation ကျန်ခဲ့မယ် စသဖြင့် ပြောပေးနေပါတယ်” လို့ ရှင်းပြပါတယ်။

သူက ဆက်လက်ပြီး “အချိန်ဆွဲတယ် ဆိုတာကလည်း ပြိုင်ပွဲဝင်တွေ နည်းလာတာနဲ့အမျှ ဒီအပေါ်မှ Tempo မြင့်ဖို့ ကျနော့်ဘက်က ဆွဲရပါတယ်။ ကြည့်နေတဲ့ပရိသတ်ရော ပြိုင်ပွဲဝင်ပရိသတ်ရော အားမလို အားမရဖြစ်အောင်  ပြောတာ ကျနော်တယောက်ထဲရဲ့  တာဝန်ဖြစ်နေတာပေါ့၊ အားလုံးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တခုတည်းနဲ့ ဒီလို ပြောလို့မရပါဘူး၊ အဲဒါလေးကို သိစေချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ကျော်ထက်အောင် အနေနဲ့ စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်နေခဲ့တာ အခုဆိုရင် အချိန် ၇ နှစ်နီးပါး ရှိပြီးဖြစ်ပြီး ပြင်ပ ပွဲအခမ်းအနားများမှာလည်း အခမ်းအနားမှူးအဖြစ် ပါဝင်ဆာင်ရွက်ပေးနေကြောင်း သိရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading