“ဤအရာကို အချစ်ဟုခေါ်သလား” ရုပ်ရှင်ဇာတ်ကားမှာ အဓိကဇာတ်ဆောင် အနေနဲ့ ပါဝင် သရုပ်ဆောင်ခဲ့ပေမယ့် တက္ကသိုလ် ဂွမ်းပုံဟာ ဇာတ်ပို့ဆုသာ ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဧပြီ ၃ ရက်နေ့က Myanmar Event Park မှာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ် ၂ နှစ်စာအတွက် ပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ တက္ကသိုလ် ဂွမ်းပုံဟာ အမျိုးသမီး ဇာတ်ပို့ဆု ရရှိခဲ့တာပါ။
“ပရိသတ်ရဲ့ ရင်ထဲက ဆန္ဒနဲ့ မဂွမ်း တွေ့ကြုံ့နေရတဲ့ အတွေ့အကြုံလေးက တကယ်ကို ထပ်တူထပ်မျှ ကျသွားတာပေါ့။ အကယ်ဒမီ ရွှေစင်ဆုကို ရရှိခဲ့တဲ့အတွက် ‘အကယ်ဒမီနဲ့ တက္ကသိုလ်’ ဆိုတာ ကိုယ့်ရဲ့ သက်တမ်းတလျှောက် အတွက် မှတ်တိုင်လေး ဖြစ်သွားတယ်။ နောက်တခုက ပရိသတ်တွေ ကိုယ့်အပေါ် အားပေးမှုက ဘယ်လောက်ထိ ရှိတယ် ဆိုတာ သိလိုက်ရတဲ့ အတွက်လည်း မဂွမ်းတကယ့်ကို အရမ်းဝမ်းသာတယ်။ ဒီထက်မက ကြိုးစားပါမယ်” လို့ တက္ကသိုလ် ဂွမ်းပုံကို ဧရာဝတီကို ပြောပါတယ်။
အဓိက ဇာတ်ဆောင်နေရာက သရုပ်ဆောင်ခဲ့ပေမယ့် ဇာတ်ပို့ဆုနဲ့ ရရှိခဲ့တဲ့အတွက် အဲဒီအပေါ် ဘယ်လိုမြင်မိလဲ ဆိုတာကိုတော့ အနုပညာ သက်တမ်း နှစ်ပေါင်း ၃၀ အတွင်းမှာလည်း ကျရာဇာတ်ရုပ် ဇာတ်ပို့ နေရာကနေ သရုပ်ဆောင်ခဲ့တဲ့ တက္ကသိုလ်ဂွမ်းပုံက အခုလို ပြောပါတယ်။
“ဒါက ကားစရိုက်ရိုက်ခြင်းမှာပဲ အထက်ကို တင်ပြရတယ်လေ။ ဇာတ်ညွှန်းကျတော့မှ ရိုက်ခွင့်ရှိတာပါ။ မိုးဟေကိုရယ်၊ နိုင်းနိုင်းရယ်ကို အဓိက သရုပ်ဆောင်ပေါ့။ မဂွမ်းတို့ ၄ ယောက်ကတော့ ဇာတ်ပို့ ဇာတ်ရံ ဆိုပြီး ရိုက်ခဲ့တာပါ။ မဂွမ်းဆိုရင်လည်း ဒီကားမှာ တော်တော်ကောင်းတဲ့ အတွက် ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး) က ဇာတ်ဆောင်အနေနဲ့ ‘မိုးဟေကို၊ ဂွမ်းပုံ’ ဆိုပြီး တင်လိုက်မယ်ပေါ့။ အဲလိုတောင် ပြောပါသေးတယ်။ အမှန်အတိုင်း ပြောရရင် မဂွမ်းတို့က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ ကတ်ပြားလုပ်ထားတာ ဇာတ်ပို့ ဇာတ်ရံအလွှာ အနေနဲ့ပါ။ ကိုယ်က ဇာတ်ပို့ ဇာတ်ရံဘဝနဲ့ “ရင်ခုန်မိတာ အချစ်လား” ဆိုတဲ့ စရိုက်တဲ့ ကားထဲက ခံယူထားတဲ့ အတွက် မဂွမ်းကို ဇာတ်ဆောင် အဖြစ် တင်လိုက်မယ် ဆိုရင်တောင် ကိုယ့်စိတ်ထဲမှာ တမျိုးဖြစ်နေတာလေ။ အဓိက ကျတဲ့ မင်းသမီးအဖြစ် မပါချင်ခဲ့ ဘူး။ တကယ်လို့များ အကယ်ဒမီသာ ပေးခဲ့ရင်လည်း ငါသည် ဇာတ်ပို့ စစ်စစ်အဖြစ်နဲ့သာ လိုချင်တယ် ဆိုပြီး ဇာတ်ပို့ အနေနဲ့ပဲ တင်ပေးပါ၊ ခံယူချင်ပါတယ် ပြောခဲ့တာပါ” လို့ ရှင်းပြပါတယ်။
ဇာတ်ပို့ဇာတ်ရံ လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင် ခင်လှိုင် အကယ်ဒမီနဲ့ လွဲချော်ခဲ့ရတာနဲ့ ပတ်သတ်ပြီးတော့လည်း တက္ကသိုလ်ဂွမ်းပုံက “ဒါကတော့ သူ့ကို ပရိသတ်က “အောင်ဘာလေ” ကားမှာ အရမ်းကောင်းထားတော့ ဒီနှစ်မှာတော့ ရစေချင်ကြတာပေါ့။ သူကတောင် နောက်နေသေးတယ်၊ နှစ်ယောက်လုံး ကံကောင်းချင်တယ်လို့၊ စင်ပေါ်မှာ တွေ့ကြ မယ်လို့လေ။ ဘာဖြစ်လို့လဲ၊ မဂွမ်းကို အကယ်ဒမီ ရဖို့ ပရိသတ်က တစ်ပေးထားသလို ကိုခင်လှိုင်ကိုလည်း ပရိသတ်က ရမယ်လို့ တစ်ပေးထားကြတာကိုး” လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး “ဟာသ ဆိုတာ ကလည်း အနုပညာပဲလေ။ ငိုမှ အနုပညာ မဟုတ်ပါဘူး။ ဟာသပိုင်း ဆိုင်ရာကိုလည်း ပေးလိမ့်မယ်လို့ မျှော်မှန်းထားတဲ့ အတွက် အောင်ဘာလေမှာ ကိုခင်လှိုင် ရလိမ့်မယ်လို့ မဂွမ်းတို့ ယူဆခဲ့ပါတယ်။ ဒါပေမယ့် ဦးဗေလု၀ ဆိုတာကလည်း ခင်ရတဲ့ အစ်ကိုကြီး ပါပဲ။ သူလည်း သူ့ ပညာနဲ့သူ တော်ပါတယ်။ ၉၉ ရာခိုင်နှုန်းလောက် တစ်ပြေးထားပြီး ပရိသတ်ရင်ထဲမှာ ရှိနေတဲ့ ကိုခင်လှိုင် မရတဲ့အခါမှာ အားလုံးက ပက်လက်တွေ လန်ကုန်တာပေါ့နော်။ နှစ်ယောက်စလုံးသာ ရမယ်ဆိုရင် အရမ်းဝမ်းသာမှာလေ။ အခုတော့ ဝမ်းနည်းဝမ်းသာ ဖြစ်နေရပါတယ်။ တကယ်လို့သာ ဒီကားလေးမှာ ဦးဗေလုဝကို ဇာတ်ဆောင်အနေနဲ့ တင်ခဲ့ရင် ကိုခင်လှိုင်က ဇာတ်ပို့ဆု ရဖို့အတွက် အခွင့်အရေးတွေတော့ အများကြီး ရှိတာပေါ့လေ” လို့ ပြောပြခဲ့ပါတယ်။
တက္ကသိုလ်ဂွမ်းပုံဟာ “ဤအရာကို အချစ်ဟုခေါ်သလား” ရုပ်ရှင်ဇာတ်ကားမှာ ဟာသရော ဒရာမာကိုပါ ပိုင်နိုင်စွာ သရုပ်ဆောင်ထားနိုင်တဲ့ အတွက် အကယ်ဒမီ တစ်ကြိုပြေးနေခဲ့ပြီး ပရိသတ်ပေး တစ်ကြိုပေးထားတဲ့အတိုင်း အကယ်ဒမီထူးချွန်ဆုကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။