ဒီနှစ်နွေရာသီရဲ့ အပူရှိန်ကတော့ ခါတိုင်းနှစ်တွေထက် ပိုပူပါတယ်။ အပြင်ထွက်ရင်လည်း နေဒဏ် လေဒဏ်များကို ခါတိုင်းထက်ပိုပြီး ခံစားရစေပါတယ်။ အဲဒီအတွက် အသားအရေပျက်စီးမှုကလည်း အရင်ထက်ကို ပိုတာ အမှန်ပါပဲ။ ပူတဲ့အချိန်မှာ အသားအရေပေါ် တခြား ဘာလိုးရှင်း ခရင်မ်ကိုမှ ထပ်မတင်ချင်လောက်အောင် ဖြစ်နေပေမယ့် အပြင်ထွက်တဲ့အခါ နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ အသားအရေအတွက် တခုခုလိမ်းပြီးထွက်ရင်တော့ အကောင်းဆုံးပဲ မဟုတ်ပါလား။ ဒီနှစ်နွေရာသီ သင်္ကြန်ကလည်း မကြာခင်ကျရောက်တော့မှာပါ။ သင်္ကြန်ရောက်လို့ အပြင်ထွက်လည်ပြီး ပြန်လာတဲ့အခါ အသားအရေပျက်စီးတာကတော့ အားလုံး အနည်းနဲ့အများ ခံစားကြရတာချည်းပါပဲ။
အပြင်ကိုထွက်ရင်တော့ အနည်းဆုံးအကာအကွယ်တခုခုယူဖို့ လိုအပ်တာကတော့ အမှန်ပါပဲ။ ပူပြင်းတဲ့ ဒီလိုအချိန်မှာ အနုပညာရှင်တွေအနေနဲ့ရော ကိုယ့်ကိုကိုယ် ဘယ်လိုကာကွယ် ဂရုစိုက်နေကြလဲဆိုတာ သိချင်ကြမှာပါ။ အနုပညာရှင်တချို့ရဲ့ သင်္ကြန်ခံစားချက်နဲ့ နွေရာသီအပူကို ဘယ်လို ရင်ဆိုင်ကြမလဲဆိုတဲ့ အကြောင်းတွေကို ဖော်ပြပေးလိုက်တယ်နော်။
ဖြူဖြူကျော်သိန်း
သင်္ကြန်ခံစားချက်ကို ပြောရမယ်ဆိုရင် သင်္ကြန်ဆိုရင် အရမ်းပျော်တယ်။ အဆိုတော်တယောက်အနေနဲ့ သီချင်းဆိုနေရတာ အပျော်ဆုံးပဲ။ မနှစ်တုန်းက ဝါတာပါတီ ရေပါတီ သီချင်းကလည်း ဖြူဖြူအတွက် အရမ်းအမှတ်တရ ဖြစ်ခဲ့တာလေ။ ကိုယ်ပိုင်သံစဉ် သင်္ကြန်သီချင်းအသစ်လေးကို ရခဲ့တယ်။ အဲဒီမှာမှ တနိုင်ငံလုံးကလည်း အားပေးတယ်။ ဖြူဖြူအတွက် ပြောရမယ်ဆိုရင် ဂီတလျှောက်လှမ်းမှုမှာ ဒုတိယ အတွင်းကြွေလည်း ဖြစ်ခဲ့တယ်။
ကျန်းမာရေးအတွက် အခုလိုအရမ်းပူတဲ့အချိန်မှာ ရေအများကြီးသောက်ဖြစ်တယ် ။ ဓာတ်ဆားရေ ဆောင်ထား ဖြစ်တယ်။ အပူထဲက ပြန်လာရင် ရေခဲ သောက်တာမျိုးတွေ ရှောင်ကျဉ်တယ်။ ဒီနှစ်သင်္ကြန်က ငါးရက် တော်တော်လည်း ပူတော့ ကျန်းမာရေးအတွက် ဂရုစိုက်စေချင်တယ်။
နန်းဆုဦး
ဒီနှစ်သင်္ကြန်ကို နန်းဆု တရားစခန်းဝင်ဖို့ စဉ်းစားထားပါတယ်။ ဒီနှစ်က အရမ်းလည်းပူတော့ အပြင်ထွက်ပြီး မလည်ဖြစ်လောက်ပါဘူး။
အခု နွေရာသီမှာက အပြင်ထွက်ရင် အသားအရေ မပျက်စီးဖို့အတွက် ဘယ်လိုကာကွယ်ပြီး ထွက်ဖြစ်လဲ ဆိုရင် အမြဲတမ်း လိုးရှင်းတွေလိမ်းပြီးမှ ထွက်တယ်။ ဒါပေမယ့် နန်းဆုတို့က နေပူထဲကို ရှူတင် ရှိနေရင်လည်းထွက်နေရတော့ နေပူဒဏ်ကိုခံရပါတယ်။ အဲဒီအတွက် အတတ်နိုင်ဆုံးတော့ အသားအရေကို နေဒဏ်ကနေ အကာအကွယ်ယူပါတယ်။
သင်္ကြန် feeling က ဘယ်လိုရှိလဲဆိုတော့သင်္ကြန်ဆိုရင် အမြဲပျော်တယ်။ ဒီနှစ်သင်္ကြန်ကတော့ အရမ်းပူ နေတော့ အပြင်ထွက်ပြီး မလည်တော့ပါဘူး။ လည်မယ့်သူတွေအနေနဲ့ဆိုရင် အရမ်းပူနေတဲ့အချိန်မှာ သတိထားစေချင်ပါတယ်။ ပရိသတ်အားလုံးနှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ပျော်ရွှင်နိုင်ကြပါစေ။
ယုသန္တာတင်
ဒီနှစ်သင်္ကြန်ကို မန္တလေးဖြစ်မလား ရန်ကုန်မှာ ဖြစ်မလား မသိသေးပါဘူး သီချင်းဆိုဖြစ်မှာပါ။
အခုနွေရာသီမှာ အသားအရေကို ဘယ်လိုထိန်းသိမ်းပြီး အပြင်ထွက်ဖြစ်လဲဆိုရင် အသားအရေအတွက်က ထိန်းသာထိန်းတာပါ အခုအရမ်းပူနေတော့ ဘာအလှကုန်မှာ အသားအရေမှာ မကပ်နိုင်ဘူးဖြစ်နေတယ်။ သနပ်ခါးလိမ်းဖြစ်တယ် နောက်ပြီး ရှားစောင်းလပတ်ကိုများများလိမ်းဖြစ်တယ်။ ကျန်တာက သူများတွေကိုသာ ထိန်းသိမ်းခိုင်းဖို့ပြောနေတာ ကိုယ်တိုင်တော့ ဘာမှမလိမ်းနိုင်ဘူးဖြစ်နေတာ။
သင်္ကြန်မှာလည်းအပြင်ထွက်ရင် လှအောင်လည်းဝတ်ကြပါ အပူဒဏ်ကနေလည်းကာကွယ်ပေါ့ ကိုယ်တိုင်လည်း အတိုဝတ်ဖြစ်တဲ့အခါ ရှိပါတယ်။ အဲဒီအခါဆိုရင် များသောအားဖြင့် နေရောင်ခြည်ဒဏ်က ကာကွယ်ပေးတဲ့ ခရင်မ် မျိုးကို လိမ်းဖြစ်တယ်။ ဒါပေမယ့် နေလောင်ခံတွေ လိမ်းလဲ များသောအားဖြင့် သင်္ကြန်ရေတွေက ယားတာတွေ များတယ်လေ။ အဲဒီတော့ ဂျင်းဘောင်းဘီအရှည်ဝတ်တာ အကောင်းဆုံးပါပဲ။ အတိုကလည်းလှတော့လည်းလှပေမယ့် ရေရှည်က ယားတော့လည်း မခံနိုင်ဘူးပေါ့။ ဒီနှစ်သင်္ကြန်မှာ ပေါ့ပေါ့ပါးပါးနဲ့ ရေစိုပြီးရင်လည်း မြန်မြန်ပြန်ခြောက်မယ့် အဝတ်အစားတွေပဲဝတ်ဖြစ်မယ်။ ဆံပင်စတိုင်လ်ပြောင်းပြီး အရောင်တွေဆိုးချင်ပေမယ့် သင်္ကြန်ပြီးရင် ကားရိုက်တွေ ရှိသေးတော့ မပြောင်းဖြစ်တော့ဘူး။ အခုနွေရာသီမှာတော့ အရောင်နုနုလေးတွေ ကြိုက်နေမိတယ်။
အိုင်းရင်းဇင်မာမြင့်
သင်္ကြန်ကို အိုင်းရင်းက နေပြည်တော်က စကိုင်းနက်မဏ္ဍပ်မှာ ငါးရက်လုံးဖျော်ဖြေပေးမှာပါ။ သင်္ကြန်မှာ သီချင်းဆိုရတဲ့အခါ အပြင်မှာနေလောင်ဒဏ်ကနေ ဘယ်လိုကာကွယ်ဖြစ်လဲဆိုရင် အရင်တုန်းက သီချင်းဆိုရတဲ့ မဏ္ဍပ်ကြီးတွေက အမိုးတဝက်ပဲပါတယ်။ အခုဆိုမယ့် မဏ္ဍပ်ကတော့ ဘယ်လိုလည်းဆိုတာ သူငယ်ချင်းတွေကို မေးကြည့်ဦးမယ်။ အရင်နှစ်တွေက သင်္ကြန်မှာသီချင်းဆိုခါနီးရင် အသားအရေကို SPF များများ ပါတဲ့ Sun Cream တွေလိမ်းဖြစ်ပါတယ်။ သင်္ကြန်မလည်တာလည်းပါမယ်ထင်တယ်။ အဲဒါနဲ့ အသားအရေက လုံလောက်တယ် သိပ်ပြီး ပျက်စီးသွားတာမရှိဘူး။ ဒီနှစ်က အယ်နီညိုလည်း ရှိနေတော့ အဝတ်အစားကို လက်ရှည်တွေ အရှည်တွေ ဝတ်ရမှာပေါ့။ ဘာဖြစ်လို့လည်းဆိုရင် နေလောင်တာက တော်တော်နဲ့မပျောက်တတ်တော့လေ။
သင်္ကြန်မှာအပြင်ထွက်ကြမယ်ဆိုရင် အသားအရေကို အကာအကွယ်လုပ်ဖို့နဲ့ အရက် ဘီယာ မသောက်စေချင်ဘူး။ သိပ်ပူနေတဲ့အချိန်ဆိုတော့လေ သောက်ဖြစ်ရင်တောင် လျော့သောက်ပေါ့။ သတိလေးနဲ့ဆင်ခြင်ပြီး သောက်စေ ချင်တယ်။ အဲလိုဆို ကားမောင်းတဲ့အချိန်ဆိုရင်လည်း အဆင်ပြေတယ်လေ။