၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အခုနှစ် အစပိုင်းလောက်မှာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတာ တွေ့လာရပါတယ်။
အဆိုတော် သရုပ်ဆောင် သဇင်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်ကာလလောက်ကလည်း သူ့ရဲ့ လူမှုရေးနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုဖိုင်တခုကြောင့် သို့လော သို့လော ပရိသတ်တွေရဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့ခဲ့ရသူလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ခင်ပွန်းသည်ရှိရာ သြစတြေးလျနိုင်ငံမှာ အခြေချနေထိုင် နေခဲ့တာပါ။
အခုအခါမှာလည်း အဲ့ဒီ ဗီဒီယိုဖိုင် ဂယက်ကြောင့် သရုပ်ဆောင် အဆိုတော် သဇင်တယောက် အိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီး မြန်မာပြည်သို့ ပြန်လည်ပြောင်းရွှေ့လာပြီဆိုတဲ့ ကောလဟလ သတင်းတွေ ထွက်ပေါ်လာလို့ နေပါတယ်။
အဲ့ဒီအပေါ် သဇင်က“ကျမ အခုပြန်လာတာက ကျမ အမျိုးသားလည်းခွင့်ရတော့ သူနဲ့အတူတူ ပြန်လာတာပေါ့နော်၊ ထွက်ရှိနေတဲ့ အိမ်ထောင်ရေး ကောလဟလတွေအပေါ်မှာတော့ ဖြေရှင်းမှာ မဟုတ်ပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့ လက်ရှိမှာ ရန်ကုန်နဲ့ သြစတြေးလျကို သွားလိုက်လာလိုက်လုပ်နေပြီး ဟိုဘက်နိုင်ငံမှာ ခဏတဖြုတ်သာ နေဖြစ်မှာဖြစ်ကာ အနုပညာအလုပ်ကို နားထားတာကနေ ပထမဆုံးအဖြစ်နဲ့ MRTV-4 က ဇာတ်လမ်းတွဲတခုမှာ ပါဝင် သရုပ်ဆောင် ရိုက်ကူးထားပါတယ်လို့ ဆိုပါတယ်။
“အမ အနုပညာအလုပ်တွေပြန်လုပ်တာက အခက်အခဲရယ်လို့တော့မရှိပါဘူး။ အမတို့အရင်ရိုက်ခဲ့တုန်းက အခြေအနေတွေထက်စာရင်တော့ နည်းပညာပိုင်းတွေပိုပြီးတော့ တိုးတက်လာတဲ့အတွက် လူကတော့ အရမ်းကြီး မပင်ပန်းတော့ဘူးပေါ့နော်” လို့ အနုပညာအလုပ်တွေပြန်လည်လုပ်ကိုင်တဲ့အပေါ် သူရဲ့ ခံစားချက်ကိုပြောပြပါတယ်။
ဒီနှစ်သင်္ကြန်မှာတော့ ရန်ကုန်မှာပဲရှိနေမှာဖြစ်ပြီး မဏ္ဍပ်တစ်ခုမှာ သီချင်းဆိုဖြစ်ဖို့ရှိတယ်လို့လည်း ဆိုပါ တယ်။
ရှေ့ဆက်လျှောက်လှမ်းမယ့် အနုပညာနဲ့ပတ်သက်ပြီးတော့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေမှာဖြစ်ပြီး သီချင်းတွေဆိုဖို့ရှိသလို သူနဲ့ လိုက်ဖက်မယ့် ဇာတ်ရုပ်နဲ့ အံဝင်ဂွင်ကျဖြစ်မယ် ဇာတ်ကားများလည်း ဆက်လက်ရိုက်ကူးဖို့ ရှိဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။