စစ်ကိုင်းတိုင်း၊ မုံရွာမှာ ဧပြီ ၁၉ ရက်နေ့ အထိ ကြက်ကောင်ရေ ၂ သောင်းနီးပါး သုတ်သင်ခဲ့တဲ့ သတင်းတွေကြောင့် အာရှတခွင်မှာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်ကတည်းက ပေါ်ပေါက်ခဲ့တဲ့ ကြက်ငှက်တုပ်ကွေး ရောဂါဟာ အခုဆိုရင် မြန်မာနိုင်ငံမှာ တကြော့ပြန် ခေါင်းထောင် လူးလွန့်လာနေပြီလားလို့ သံသယရှိစရာ ဖြစ်လာပါတယ်။ စတင် ဖြစ်ပွားစဉ်က H5N1 ဗိုင်းရပ်စ်ပိုး၊ မုံရွာမှာတော့ H9N2 ဗိုင်းရပ်စ်ပိုးလို့ သတင်းတွေက ဆိုပါတယ်။
တုပ်ကွေးရောဂါ
အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါတမျိုး ဖြစ်တဲ့ တုပ်ကွေးရောဂါဆိုတာ လူတဦးက တဦးကို နှာချေ၊ ချောင်းဆိုးတာက တဆင့် ကူးစက်စေပါတယ်။ တုပ်ကွေးရောဂါပိုးများကို အေ၊ ဘီနဲ့ စီ ဆိုပြီး အုပ်စု ၃ စု ခွဲခြား သတ်မှတ်တယ်လို့ သိရပါတယ်။
အေ အုပ်စုထဲမှာ ပါတဲ့ ဗိုင်းရပ်စ်ပိုးတွေက ဘဲ၊ ကြက်၊ ဝက်၊ ဝေလငါးများနဲ့ လူတွေကိုလည်း ကူးစက်နိုင်တဲ့ အန္တရာယ် ဗိုင်းရပ်စ်ပါ။ အဲဒီ အေ အုပ်စုကိုလည်း မျက်နှာပြင်ပေါ်မှာ ပေါ်ထွက်နေသော ပရိုတင်းအမျိုးအစားများ အရ ၂ မျိုးခွဲခြားထားပါတယ်။
ပရိုတင်း Haemagglutinin ပါသော ဗိုင်းရပ်စ်ကို HA ၊ ပရိုတင်း Neuraminidase ပါသော ဗိုင်းရပ်စ်ကို NA ဆိုပြီး အတိုကောက် သင်္ကေတပြု သတ်မှတ်ပါတယ်။
ပညာရှင်များက HA အမျိုးအစားမှာ အမျိုးအစားခွဲပေါင်း ၁၆ မျိုးနဲ့ NA အမျိုးအစားက ၉ မျိုးရှိကြောင်း ရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် အေ ဗိုင်းရပ်စ်ပိုးမှာ တွဲစပ်ပြီး တွေ့ရတဲ့ အမျိုးအစားပေါင်းက (၁၆ x ၉ ) ၁၄၄ မျိုး ရှိပါတယ်။
ဆောင်းရာသီအချိန်များမှာ ပေါ်ပေါက်လာလေ့ရှိတဲ့ တုပ်ကွေးရောဂါပိုးဟာ တဖြည်းဖြည်း သန္ဓေ ပြောင်းလဲ သွားလေ့ ရှိပြီး၊ တနှစ်နဲ့ တနှစ် ရောဂါကူးစက်ပုံ၊ ခံနိုင်ရည် ရှိပုံ ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။ ကူးစက်ခံရတဲ့ အရေအတွက် ကလည်း ကမ္ဘာ့လူဦးရေရဲ့ ၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ကြက်ငှက်တုပ်ကွေးကို ဘယ်လို ကာကွယ်မလဲ
(၁) ရာသီအလိုက် ဖြစ်ပွားတတ်တဲ့ သာမန်တုပ်ကွေးရောဂါ မဖြစ်ရလေအောင် ဆင်ခြင်နေထိုင်ဖို့ လိုပါတယ်။ ဆရာဝန်က ကာကွယ်ဆေး ထိုးရန် လိုအပ်တယ်လို့ ညွှန်ကြားပါက မပျက်မကွက် လိုက်နာဖို့ လိုပါတယ်။
(၂) အရေးကြီးတဲ့ တချက်က H5N1 ဗိုင်းရပ်စ်ပိုးဟာ ၇ဝ ဒီဂရီစင်တီဂရိတ်မှာ သေဆုံးတာကြောင့် စားသောက်မယ့် ကြက်သားနဲ့ တခြား အစားအသောက်များကို စနစ်တကျ ချက်ပြုတ် ပြီး စားသုံးသင့်ပါတယ်။
(၃) နောက်ပြီး အသက်ရှူလမ်းကြောင်းကနေ ဗိုင်းရစ်စ်များ မကူးစက်နိုင်အောင် နှာခေါင်းစည်းတပ်ဆင် သင့်ပါတယ်။
(၄) အထူးသဖြင့် ကြက်ငှက်များနဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ နီးနီးကပ်ကပ် ပွတ်သပ် ဆော့ကစားတဲ့ အခါမျိုးမှာ ဂရုစိုက် တပ်ဆင်သင့်ပါတယ်။
(၅) နောက်ပြီး ကြက်ငှက်နဲ့ အိမ်မွေးတိရစ္ဆာန် မွေးမြူသူများ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များကို တိတိကျကျ လိုက်နာဖို့နဲ့ ကြက်ငှက်တုပ်ကွေးလို့ ယူဆရတယ် ဆိုရင် သက်ဆိုင်ရာ တာဝန်ရှိသူများကို အမြန်သတင်းပို့ ကာကွယ်သွားဖို့ပါ။