အကြမ်းခံ အဆင့်မြင့် မော်ဒယ် Wranglerရဲ့ ထုတ်လုပ်မှု သက်တမ်းက မနည်းတော့ဘူးဆိုပေမယ့် နှစ်ပေါင်း သုံးဆယ်လောက်ထိအောင် ပြည်တွင်းကို မော်ဒယ်အဝင် မရှိသလောက် နည်းသွားတဲ့ Jeepကို မှတ်မိကြ သေးရဲ့လားဗျာ။ ပြည်တွင်းကားစီးနင်းမှုရဲ့ အစ၊ လူသိများ အမှတ်တံဆိပ်တွေဖြစ်တဲ့ VWတို့နဲ့ အပြိုင် အောင်မြင် ကျော်ကြားခဲ့တဲ့ အမှတ်တံဆိပ်ပါ။ လက်ရှိ ပြည်တွင်းကားဈေးကွက် ပြန်လည် ဦးထောင်လာမှုနဲ့ အတူ Jeepတွေလည်း ပြန်မြင်လာရပြီ ဆိုတော့ လူကြိုက်များ မော်ဒယ်တခုကို မိတ်ဆက် ပေးချင်တာပါ။
မော်ဒယ်ရဲ့အဓိက အားသာချက်ကတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် ဖြစ်ပြီးတော့ လမ်းကြောင်းစုံ အနေအထားအတွက်ပါ အဆင်ပြေစေမှာပါ။ ပြီးတော့ ရုပ်ထွက်က မဆန်းပေမယ့် ဆွဲဆောင်မှု ကောင်းတယ်၊ သိသာပေါ်လွင်တယ်၊ ကိုယ် စီးနင်းမယ့် လမ်းကြောင်း အနေအထားအပေါ် မူတည်ပြီးတော့ အောက်ဖက် Frameအထိုင်ကို စိတ်ကြိုက် အနိမ့်၊ အမြင့် လုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး အပို ပစ္စည်း ဝန်ဆောင်စနစ်မှာ အကြီးစား အပို အပိုင်းတွေ အတွက် ကုမဏီက အာမခံ ပေးထားတာပဲ ဖြစ်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ အမြန်နှုန်း မြှင့်တင်မောင်းနှင်ရမှုတွေပါ ကောင်းမွန်လာတာကြောင့် စီးနင်းရမှု စိတ်ကြိုက်ဖြစ်စေမှာပါ။
အားနည်းချက်အနေနဲ့က ယာဉ်ပေါ်ပါ ခရီးသည်တွေ အတွက် မတော်တဆမှု ဆိုင်ရာ လုံခြုံစိတ်ချရမှု အပိုင်းမှာ တော့ စမ်းသပ်ချက်တွေ အရ တော်တော်လေး ရမှတ် နည်းတာတွေ့ရပါတယ်။ နောက်ပြီး ဘရိတ်စနစ်ကလည်း မြန်နှုန်းမြင့် အနေအထားကနေ ရပ်တန့်မှုမှာ တန်းတူ မော်ဒယ်တွေထက် အကွာအဝေး ပိုပြီး ယူတာ တွေ့ရပါ တယ်။ အသေးစား SUVတန်းဝင် မော်ဒယ်ဖြစ်ပြီးတော့ အလျားက ၁၃ပေနဲ့ ၈ ဒသမ ၃လက်မပဲ ရှိမှာ ဖြစ်သလို မျက်နှာစာ အကျယ်က ၆ပေနဲ့ ၁ ဒသမ ၇လက်မနဲ့ အမြင့်ကတော့ ၅ပေနဲ့ ၁၀ ဒသမ ၉လက်မပဲ ရှိမှာ ဖြစ်ပါတယ်။ Crossoverလို့ သတ်မှတ်နိုင်ပေမယ့် လမ်းကြမ်းပိုင်း စီးနင်းနိုင်အောင် ကိုယ်ထည်ကိုတော့ မြေပြင်နဲ့ ၈ ဒသမ ၃လက်မ လွတ်အောင် ဖန်တီးထားပါတယ်။
မော်ဒယ်မှာ ၃ ဒသမ ၆လီတာသုံး V6အင်ဂျင်ကို ထည့်ထားပြီး အခြေခံ လည်ပတ်အား တစ်မိနစ် အပတ်ရေ ၄၈၀၀ မှာ ရုန်းအား ၂၆၀ပေါင်-ပေ ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၂၈၅ကောင်အား ဖြစ်ပါတယ်။ ရှေ့ဘီးယက်စနစ်နဲ့ ဖန်တီးထားပြီး Transmissionစနစ်က Manualထည့်ထားပါတယ်။ ဂီယာချက် ၆ချက် ထိအောင်ပဲ သုံးနိုင်မယ့် အနေအထားကတော့ အာရှ ဈေးကွက် အတွက် ဒီလောက် ပြသနာ မရှိပေမယ့် ဥရောပ ဈေးကွက်မှာ လူကြိုက်နည်းစေပါတယ်။
ဆီ ၁ ဂါလံကို ပျမ်းမျှ ၁၉မိုင်ပဲ စီးနင်းနိုင်မယ့် မော်ဒယ်ကိုတော့ ဈေးကွက်မှာ နည်းနည်း စဉ်းစားစရာ ဖြစ်စေပါတယ်။ တပ်ဆင် ဆီတိုင်ကီက ၁၈ ဒသမ ၆ဂါလံထိအောင် ဝင်ဆံ့မှာ ဖြစ်ပြီးတော့ ခရီးတစ်ဆက်တည်း မောင်းနှင်နိုင်မှုက မိုင် ၃၄၅မိုင် ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာတော့ မော်ဒယ်က တစ်နာရီ မိုင် ၆၀နှုန်း အတွက် အချိန် ၆စက္ကန့် စွန်းစွန်းပဲ ယူမှာ ဖြစ်ကာ ရှေ့ထွက် Jeepတွေထက်တော့ စွမ်းဆောင်ရည် သိသိသာသာ ကောင်းမွန်လာတာလည်း ဖြစ်ပါတယ်။
Wranglerကို မှတ်ချက်ကောင်းပေးဖို့တော့ နည်းနည်း ခက်မယ်ဗျနော်။ အကောင်းဆုံး မဟုတ်ပေမယ့် လက်ခံနိုင် လောက်တဲ့ မော်ဒယ် တစ်ခုလို့ပဲ ဆိုလိုက်ရမှာပါ။