တေးသီချင်းလောကနဲ့ အတန်ငယ်ဝေးကွာနေတဲ့ Examplez အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ တေးသံရှင်ထွန်းထွန်းရဲ့ ပထမဆုံး တကိုယ်တော်တေးစီးရီး DVD ကို ဧပြီ ၃၀ ရက်နေ့မှာ စတင်ဖြန့်ချိပေးတော့မှာပါ။
ဒီတေးစီးရီးကို Superstar လို့ အမည်ပေးထားပြီး ၎င်းဟာ လွန်ခဲ့တဲ့လေးနှစ်ကတည်းက CD အဖြစ် ထွက်ရှိထားပြီး ဖြစ်ပါတယ်။
အဆိုတော် ထွန်းထွန်းရဲ့ Superstar တေးစီးရီးမှာ ပါဝင်တဲ့တေးသီချင်းတွေကို Featuring သီဆိုပေးထားတဲ့ အခြားသော အဆိုတော်တွေကတော့ လွှမ်းပိုင်၊ သားကြီး၊ ထိန်ဝင်း၊ သဇင်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ စင်ဒီနဲ့ Bobby Soxer တို့ဖြစ်ကြပါတယ်။
ယခုထွက်ရှိလာမယ့် Superstar တေးစီးရီးနဲ့ပတ်သက်ပြီး ထွန်းထွန်းက “ကျနော် ဒီအခွေလေးကို နောက်လထဲ ထွက်မယ်ဆိုပြီး ပြောပြောနေခဲ့တာ သုံးနှစ်လောက်ရှိပါပြီ၊ အခုတော့ ဒီအခွေကို တကယ်ထွက်နိုင်ခဲ့ပါပြီ၊ အခု Music Video မှာလည်း ကြည့်ရှူ့တဲ့ပရိသတ်တွေ စိတ်ကျေနပ်မှုရှိအောင် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြပါတယ်။ ကျနော် နောက်ထပ်လုပ်မယ့်အလုပ်တွေအတွက်လည်း အရမ်းအားရှိလာပါပြီ။ မျက်နှာလဲ မပူရတော့ပါဘူး” လို့ ပြောပြခဲ့ပါတယ်။
Superstar တေးစီးရီးထဲမှာ အရင် CD အဖြစ်ထွက်ရှိထားခဲ့တုန်းက ပါဝင်ခဲ့သောတေးသီချင်းများအပြင် နောက်ထပ် တေးသီချင်းများကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ အခွေထွက်မယ်နေ့ ဧပြီ ၃၀ ရက်နေ့မှာ ထွန်းထွန်းက ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ လက်မှတ်ရေးထိုးရောင်းချပေးသွားမှာ ဖြစ်ပါတယ်။