Coupeလို့ ခေါ်တဲ့ နှစ်ယောက်စီး မော်ဒယ်တွေဆိုတာ ပုံမှန် အိမ်စီး မော်ဒယ်တွေလောက် အများအပြား ဈေးကွက်ဝင်လေ့မရှိသလို နည်းပညာမြင့် မော်ဒယ်တွေကို ဖန်တီးနိုင်တဲ့ ကုမ္ဗဏီတွေလောက်ပဲ ထုတ်လုပ် ရောင်းချတာမျိုး တွေ့ရပါတယ်။ အခု ပြောမယ့် Audi RS5ဟာ ကနဦးက Coupe မဟုတ်သေးဘဲ Convertible လို့ ခေါ်တဲ့ အမိုးဖွင့် အနေနဲ့ ဈေးကွက်ဝင်နေတာ ဖြစ်ပြီး အခုတော့ ရွေးချယ်နိုင်စရာ များလာအောင် Coupe အဖြစ်နဲ့ပါ ထုတ်လုပ်လာပုံရပါတယ်။ မော်ဒယ်ရဲ့ အဓိက ပြိုင်ဖက်တွေလို့ ဆိုနိုင်မယ့် BMW M4 Coupeနဲ့ Lexus RC Fတွေနဲ့ စာရင် ရုပ်ထွက်ပိုင်းက တော်တော်လေးကို တည်ငြိမ်လွန်းတာ တွေ့နိုင်ပြီး ထူးခြား ပေါ်လွင်မှုကို ပေးနိုင်တာပါ။
မော်ဒယ်ရဲ့ အားသာချက်က ဟန်ချက်ညီမှုလို့ ခြုံပြီး ပြောရမလိုပါပဲ။ ဆီစားလည်း အရမ်း မသက်သာလှပါဘူး။ ဈေးလည်း အချိုဆုံး မဟုတ်ပါဘူး။ စွမ်းဆောင်ရည်လည်း အမြင့်ဆုံး မဟုတ်ပါဘူး။ အလယ်အလတ်တန်းစား ဖြစ်နေပါတယ်။ ပြိုင်ဖက်မော်ဒယ်တွေကို ကျော်တက်နိုင်လောက်အောင် မမြန်ပေမယ့် မျက်ခြေမပြတ်အောင် လိုက်နိုင်နေပါတယ်။ ဈေးနှုန်း သိသာလောက်အောင် မချိုပေမယ့် ရွေးချယ်နိုင်စရာ ပုံစံ အများအပြားနဲ့ အပို ပစ္စည်း အပါအဝင် နည်းပညာ ထည့်သွင်းနိုင်မှု အားကောင်းနေပြန်ပါတယ်။ လေးဘီးယက်စနစ်နဲ့ ရနိုင်နေတဲ့ တစ်ချက်က လမ်းကြောင်းစုံ မောင်းနှင်နိုင်လာပြီး နောက်ဘီးယက်စနစ်နဲ့ ပြိုင်ဖက်မော်ဒယ်တွေထက် နှာတဖျား ပြန်သာသွားပြန်ပါတယ်။
ဒါပေမယ့် မော်ဒယ် အနေနဲ့ အင်ဂျင်သံ တည်ငြိမ်အောင် အပါအဝင် စွမ်းဆောင်ရည် ကောင်းမွန်အောင် ရည်ရွယ်ပြီးတော့ V8အင်ဂျင်ကို တပ်ဆင်ထားတာ တွေ့ရပေမယ့် ပြိုင်ဖက်ကောင်း မော်ဒယ်ဖြစ်တဲ့ Lexus RC Fမှာ တပ်ဆင်ထားတဲ့ အင်ဂျင်ထက် အရွယ်အစား ငယ်ပေမယ့် ဆီစားနှုန်း အပိုင်းမှာ ပိုများချင်နေတာက လူကြိုက် နည်းသွားစေနိုင်ပါတယ်။ ဒါကလည်း ဘီးစုံယက် စနစ်ကို ထည့်သွင်းထားတာကြောင့် ဖြစ်နိုင်ပြီးတော့ တန်ကြေးသင့် Coupeတစ်စီးကို စိတ်ကူးထားသူတွေ အတွက်ကတော့ ထည့်တွက်စရာ မလိုတဲ့ အချက် တစ်ချက်ပါနော်။ အလတ်တန်းစား အရွယ် နှစ်ယောက်စီး မော်ဒယ်ဖြစ်ပေမယ့် တံခါးစနစ်ကိုသာ Coupeပုံစံ ချိုးထားပေမယ့် လိုက်ပါနိုင်တဲ့ ခရီးသည် အရေအတွက်ကတော့ လေးယောက်ထိအောင် ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ အလျားက ၄ ဒသမ ၇မီတာ၊ မျက်နှာစာ အကျယ်က ၁ ဒသမ ၈၄မီတာနဲ့ အမြင့်ကတော့ ၁ ဒသမ ၃၉ မီတာ ဖြစ်ပါတယ်။
မော်ဒယ်မှာ ဓါတ်ဆီသုံး V8အင်ဂျင်ကို တပ်ဆင်ထားပြီး အင်ဂျင်အရွယ်က ၄ ဒသမ ၂လီတာ ဖြစ်ပါတယ်။ အင်ဂျင် လည်ပတ်အား တစ်မိနစ် အပတ်ရေ ၄၀၀၀မှာတင် ရုန်းအား ၃၁၇ပေါင်-ပေ ထွက်ရှိမှာ ဖြစ်ပြီးတော့ စွမ်းအင် ထွက်ရှိမှုကတော့ မြင်းကောင်ရေ ၄၄၄ကောင်အားထိအောင် ဖြစ်ပါတယ်။ Transmission အပိုင်းမှာ Dual-clutchစနစ်ကို ထည့်ထားပြီး Autoပုံစံနဲ့ သွားမှာပါ။
ဂီယာချက် ၇ချက်ထိအောင် သုံးနိုင်မှာ ဖြစ်ပြီးတော့ ဇိမ်ခံ ပုံစံ ထုတ်လုပ်ထားတဲ့ RC Fထက် ဂီယာချက် နည်းပေမယ့် စွမ်းဆောင်ရည်ပိုင်း ဦးစားပေး မော်ဒယ် တစ်ခု အတွက်တော့ ၇ချက်လောက်ပဲ အဆင်ပြေမယ်လို့ ယူဆမိပါတယ်။ အမြန်နှုန်း မြှင့်တင်နိုင်မှုက တစ်နာရီ မိုင် ၆၀နှုန်းအတွက် အချိန် ၄ ဒသမ ၅ စက္ကန့်ပဲ ယူမှာ ဖြစ်ပြီး BMW M4 Coupeထက် ၀ ဒသမ ၂ စက္ကန့်လောက်တော့ ကျန်နေခဲ့ပေမယ့် RC Fလို မော်ဒယ်နဲ့ စွမ်းဆောင်ရည် တူနေတာလည်း ဖြစ်ပါတယ်။ မော်ဒယ်ရဲ့ ဆီစားနှုန်း အပိုင်းမှာတော့ ဆီတစ်ဂါလံကို ပျမ်းမျှ ၂၇မိုင်လောက်ထိအောင် မောင်းနှင်နိုင်မှာ ဖြစ်လို့ အရမ်းကြီး များလွန်းတဲ့ နှုန်းတော့ မဟုတ်ပါဘူး။
RS5 ရဲ့ တည်ငြိမ်တဲ့ ရုပ်ထွက်တစ်ခုကတော့ ပွဲတက်လမ်းတက် အနေအထားတွေ အတွက်ပါ အဆင်ပြေလာစေနိုင်ပါတယ်။ ဈေးနည်းနည်းနဲ့ မော်ဒယ်၊ စွမ်းဆောင်ရည်သင့်တဲ့ မော်ဒယ်၊ တည်ငြိမ်တဲ့ ရုပ်ထွက်နဲ့ မော်ဒယ်ဆိုရင်တော့ RS 5ကလွဲလို့ ရွေးချယ်စရာ ရှိမယ် မထင်ပါဘူး။