ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးဂမ္ဘီရ ခေါ် ဦးညီညီလွင်ကို တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ ဖြင့် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် ၆ လ အမိန့်ချမှတ်ခဲ့သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် ထွက်ခွာသွားသည်ဟု ဆိုကာ ဦးဂမ္ဘီရ(ခ) ဦးညီညီလွင်အား ယခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးကာ ၁၉၄၇ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးဂမ္ဘီရသည် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဦးဆောင်သံဃာအဖြစ် ကမ္ဘာက သတိပြုမိခဲ့သည်။ ဦးဂမ္ဘီရသည် ယင်းနှစ်တွင် အဖမ်းခံခဲ့ရပြီးနောက် ၂၀၁၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
အကျဉ်းကျရာတွင် ထိခိုက်ခံစားရမှုများကြောင့် စိတ်ပိုင်းဆိုင်ရာ ဝေဒနာဖြစ်နေသည့်အတွက် အာမခံလျောက်ထားခဲ့သော်လည်း တရားရုံးက အကြိမ်ကြိမ် ပယ်ချခဲ့သည်။
ဦးဂမ္ဘီရအမှုကို ပလပ်ရန် အမေရိကန်အခြေစိုက် လှု့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ဧပြီလ ၂၆ ရက်နေ့တွင် တောင်းဆိုခဲ့သေးသည်။
“ဦးဂမ္ဘီရအမှုကို ပယ်ဖျက်ပေးသင့်ပါတယ်။ သူက စစ်အာဏာရှင်ကို ဆန့်ကျင်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင် လှုပ်ရှားခဲ့တဲ့အတွက် ပတ်မှတ်ထားခံနေရတာပါ။ စစ်အုပ်ချုပ်ရေးအောက်မှာ ဦးဂမ္ဘီရဟာ ဆိုးဆိုးရွားရွား ဒုက္ခတွေ ခံစားခဲ့ရပါတယ်။ အဲဒါကြောင့် သူ့အနေနဲ့ ထောင်ထဲမှာ တရက်လေးတောင်မှ ရှိမနေသင့်တော့ပါဘူး” ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့၏ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာ Phil Robertson ကပြောသည်။
နိုင်ငံတကာ ဥပဒေကျင့်ထုံးအဖြစ် သတ်မှတ်ခံထားရသော ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း Universal Declaration of Human Rights ပုဒ်မ ၁၃ တွင် “ လူတိုင်းအနေဖြင့် မိမိနိုင်ငံအပါအဝင် မည်သည့်နိုင်ငံမှမဆို ထွက်ခွာခွင့်ရှိပြီး မိမိနိုင်ငံသို့လည်း ပြန်လာခွင့်ရှိသည်” ဟု ဖော်ပြထားသည်။