ပြီးခဲ့တဲ့ နှစ်ရက်ခန့်က ဖြစ်ပေါ်ခဲ့တဲ့ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးများကြွေကျခဲ့မှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်များမှ နေအိမ်များ သဘာဝဘေးဒဏ်သင့်ကာ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဒေသရှိကျေးရွာများမှ ပြည်သူများနဲ့ နေအိမ်များ ပျက်စီးဆုံးရှူံးမှုများ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဝေဠုကျော် ဖောင်ဒေးရှင်းက သွားရောက်ပြီး အလှူငွေနဲ့ဆေးဝါးများကို သရုပ်ဆောင် ဝေဠုကျော်နဲ့ အဖွဲ့သားများက သွားရောက် လှူဒါန်းမှုများပြုလုပ်ခဲ့ကြပါတယ်။
လက်ရှိမှာ ဝေဠုကျော်ဖောင်ဒေးရှင်းအနေနဲ့ မန္တလေးတိုင်းရှိ အေးကျွန်းကျေးရွာနားသို့ရောက်ရှိနေပြီး လှူဒါန်းမှုနဲ့ပတ်သက်လို့ “ကျနော်တို့ ဧပြီ ၂၃ ရက်နေ့ကစပြီး စဉ့်ကိုင်မြို့ အနီးအနားက ရွာတွေရယ်၊ ကျောက်ဆည်ထဲက ရွာတွေကိုသွားပါတယ်။ အဲဒီမှာ ကျနော်တို့ လိုအပ်တဲ့ သွပ်အချပ်တွေရယ် ငွေက သိန်းငါးဆယ်နီးပါး လှူဒါန်းခဲ့တယ်။ လူသေတဲ့ ကျောက်ဆည်ခရိုင်မှာလည်း ငွေကြေးလှူဒါန်းမှုတွေ လုပ်ပေးခဲ့တယ်။ နောက်ထပ်ကျနော် ကောလင်းဘက်ကို ထပ်တက်ဖို့တော့ အစီအစဉ်တွေ လုပ်ထားပါတယ်။ အခု ရောက်နေတဲ့ ဒေသမှာတော့ လူအသေအပျောက်မရှိဘဲ ထိခိုက်ဒဏ်ရာ ရတာလောက်ပဲ ရှိပါတယ်”လို့ ဖောင်ဒေးရှင်းမှာ လိုက်ပါဆောင်ရွက်နေတဲ့ သရုပ်ဆောင် ဟန်ဆက်လူက ဧရာဝတီကို ပြောပြပါတယ်။
ဆက်လက်ပြီးတော့လည်း “သွားတုန်းကတော့ ကျနော်တို့ဖောင်ဒေးရှင်းက သတ်သတ်သွားတာ၊ ဟို ရောက်တော့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့တွေ့ရတယ်။ အဲဒီတော့ သူတို့နဲ့ပေါင်းပြီး လုပ် ဖြစ်ကြတယ်လို့” လည်း လက်ရှိကယ်ဆယ်ရေး ၊လှူဒါန်းရေးနဲ့ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။
လက်ရှိမှာတော့ မိုးသီးနဲ့လေပြင်းဒဏ်ခံရတဲ့ဒေသများရဲ့လိုအပ်ချက်မှာ အိမ်အမိုးသွပ်ပြားများနဲ့ ထိခိုက်ဒဏ်ရာရရှိသူများအတွက် ဆေးဝါးကုသမှုများ လိုအပ်နေတယ်လို့လည်းသိရပါတယ်။