ပြည်တွင်းဈေးကွက်ရဲ့ Pick-up Truckဈေးကွက်မှာတော့ Vigoလို မော်ဒယ်တွေပဲ လူစီးများပြီးတော့ Navaraနဲ့ Hi-Landerတွေလည်း ဈေးကွက်နေရာရပြီး အမေရိက အခြေစိုက် မော်ဒယ်တွေထဲက ဆိုရင်တော့ Showroom ကနေ ရောင်းချပေးတဲ့ Rangerတွေရော ပြင်ပ ဈေးကွက်မှာ ဝင်ရောက်လာတဲ့ Rangerတွေပါ လူကြိုက်များ ပေမယ့် အဆိုပါ မော်ဒယ်တွေထက်စာရင် အင်ဂျင်တပ်ဆင်ထားရှိမှု ကြီးမားပြီး ဆီစားလည်း များချင်တဲ့ F Series တန်းဝင် မော်ဒယ်တွေကတော့ အရည်အသွေးကောင်းကောင်း၊ ဈေးချိုချိုနဲ့ ရနိုင်ပေမယ့် ဒီလောက်ကြီး လူစိတ်မဝင်စားတာ တွေ့ရပါတယ်။
အမေရိကန်ထုတ် မော်ဒယ်လည်း ဖြစ်မယ်၊ ဈေးလည်း တော်တော်ကို ချိုမယ် ဆိုရင်တော့ ဆီစားနည်းနည်း များတာကို ခဏမေ့ထားပြီး မော်ဒယ်ကို အဝယ်စာရင်းမှာ ခဏလောက် ထည့် သွင်း စဉ်းစားသင့်တာပဲ ဖြစ်ပါတယ်။
ပြင်ပဈေးကွက်မှာတော့ F Seriesတန်းဝင် မော်ဒယ်တွေထဲကမှ အင်ဂျင် အလယ်အလတ်တန်းစားလောက်ပဲ တပ်ဆင်ထားတဲ့ F-250တွေ ဈေးကွက်ဝင်နေတာ တွေ့ရပါတယ်။ အစီးရေ အများအပြား ဝင်ရောက်နေတာ မဟုတ်လို့ အရောင်ပိုင်းက အစ ရွေးချယ်နိုင်စရာ အားနည်းတာ မှန်ပေမယ့် တစ်ဖက်က ရုပ်ထွက်ပိုင်း သိသာ ထင်ရှားမှု၊ အောက်ပိုင်း အထိုင် တောင့်တင်းခိုင်မာမှု၊ လမ်းကြမ်းမောင်းနှင်နိုင်မှု၊ ဝန်တင်ဆောင်နိုင်မှု၊ အတွင်း ခန်း အနေအထားနဲ့ ရေရှည်စိတ်ချရမှုတွေ အတွက်ကတော့ လှည့်ကြည့်စရာ မလိုအောင် ကောင်းမွန် တာပါ။
ဈေးကွက်အတွင်းမှာတော့ ပြိုင်ဖက် အနေနဲ့ ဆိုရင် Vigoနဲ့ Navaraလောက်ပဲ ရှိမှာ ဖြစ်ပြီး ပြင်ပ ဈေးကွက်မှာတော့ ၂၀၀၅ခုနှစ်ဝန်းကျင် ထုတ်လုပ်ထားတဲ့ မော်ဒယ်တွေ ဈေးကွက် ဝင်နေတာ တွေ့နိုင်ပြီး သူတို့ရဲ့ အရည်အသွေးကောင်းမွန်မှု အပြင် နောက်ထပ် အားသာချက်ကတော့ ဈေးနှုန်း ချိုသာမှု ဖြစ်ပါတယ်။
Vigoဆိုရင် ၂၀၀၅ခုနှစ်ဝန်းကျင်ထုတ် မော်ဒယ်၊ ရုပ်ထွက် သန့်ဦးမယ်၊ အရောင် စိတ်ကြိုက်ဖြစ်မယ်၊ တပ်ဆင် ပစ္စည်း အစုံပါမယ် ဆိုရင် ဒီဈေးထက် များနိုင်ပါတယ်။ F-250ကတော့ အစောက ပြောသလို ဈေးချိုတယ်၊ အရည်အသွေး စိတ်ချရမယ်၊ ဆီစားလေး နည်းနည်း များချင်နေတာ တခုတော့ ရှိတာပေါ့။
ဒါတောင် ပြည်တွင်းမှာ ဈေးကွက်ဝင်လာတော့ Original ပစ္စည်းတွေကို အတတ်နိုင်ဆုံး စုံလင်အောင်၊ ကောင်းမွန်အောင် ပြင်ဆင်ထားတဲ့ အပြင် ထိုင်ခုံတွေကို Leatherနဲ့ ပြန်လည် ပြင်ဆင်ထားရှိမှုတွေ ရှိနေသေးတာ တစ်ခုက ကိုယ့်အတွက် လက်တင် စီးနင်းဖို့ ဖြစ်လာစေပါတယ်။ ဒီနေရာမှာ တစ်ခု ပြောဖို့ ကျန်နေသေးတာ တစ်ခုက ဒီဇယ် အင်ဂျင်စနစ်နဲ့ ဖြစ်နေတာပါ။ တချို့က ဓါတ်ဆီအင်ဂျင်ကိုပဲ ကြိုက်ကြပါတယ်။
မြို့တွင်းစီး မဟုတ်ဘဲ လမ်းကြမ်းမောင်း မော်ဒယ်အတွက် ဒီဇယ် အင်ဂျင်ကို ပိုပြီး အဆင်ပြေနိုင်ပါတယ်။ XLT Gradeတွေ ဈေးကွက် အဝင်များတာ တွေ့ရပြီး ဈေးကွက်ဝင် အရောင်က အပြာများပါတယ်။ ဒါပေမယ့် ရောင်းလက်တွေရဲ့ ကွင်းဆက်အရတော့ အရောင်ရွေးချယ်နိုင်မှု နည်းနည်း ရှိလာနိုင်ပြီး တကယ်လို့ ကိုယ်က ရောင်းလက်ရဲ့ လက်ထဲက အရောင်ကို အကြိုက်နည်းမယ်၊ နည်းနည်း ရွေးချယ်တယ် ဆိုရင်တော့ တစ်ဖက်က ခေါ်ဈေး မြင့်ချင်ပါလိမ့်မယ်နော်။ အခု ကျွန်တော် ပြောသွားတဲ့ မော်ဒယ်နှစ်၊ အရောင်နဲ့ အနေအထား အတိုင်း ကတော့ ခေါ်ဈေး သိန်း ၃၂၅လောက် ရှိပေမယ့် အမေရိကန် မော်ဒယ်လည်းဖြစ်၊ Brand New Showroom လည်း ရှိနေတဲ့ အနေအထားက ဈေးအကျဘက်မှာပဲ ရှိနေပါတယ်။