ဆေးရုံ၊ ဆေးခန်းများဧ။်လိပ်စာများ၊ ဖုန်းနံပါတ်များ၊ အရေးပေါ်ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်များကို အလွယ်တကူ ရှာဖွေနိုင်ပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးများ၊ အထွေထွေဗဟုသုတများကို Dr Myanmar ဝက်ဘ်ဆိုဒ် (www.drmyanmar.com) မှာ ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။
Dr Myanmar ဝက်ဘ်ဆိုဒ်ကို မြန်မာနိုင်ငံမှ ဆရာဝန်များနဲ့ နည်းပညာကျွမ်းကျင်သူများက ၂၀၁၄ ခုနှစ်တွင် စတင် ဖန်တီး ရေးဆွဲခဲ့တာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီမှာ ဝက်ဘ်ဆိုဒ်ကို စတင်အသုံးပြုနိုင်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Dr Myanmar ဝက်ဘ်ဆိုဒ်မှာ အထူးကုဆရာဝန်ကြီးများထိုင်လေ့ရှိတဲ့ ဆေးရုံ၊ ဆေးခန်း လိပ်စာများ၊ ဖုန်းနံပါတ်များ၊ အရေးပေါ် ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်များကို Directory Program မှာ ရှာဖွေနိုင်မှာဖြစ်ပြီး သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများမှာ ရရှိနိုင်မယ့် ဝန်ဆောင်မှုများလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
“Dr Myanmar ဝက်ဘ်ဆိုဒ်မှာ ဆေးခန်းတည်နေရာတွေဘာတွေ ရှာလို့ရမယ့် ဝန်ဆောင်မှုတွေ ပါဝင်တယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးကဏ္ဍတွေ၊ ဆွေးနွေးမေးမြန်းတာတွေပါတယ်။ ထူးခြားတာတခုက BMI တွက်နည်း ပါတယ်။ ကိုယ် အလေးချိန်၊ အရပ်အမောင်းကို တွက်ချက်ပြီး ဝနေတာလား၊ အဝလွန်တာလားဆိုပြီး တွက်ပေးတာ ပါမယ်။ အမျိုးသမီးတွေ အတွက်ဆို ကိုယ်ဝန်ပတ်တွေ တွက်ပေးတာပါတယ်။ ပြည်ပက ဆေးရုံ၊ ဆေးခန်းတွေနဲ့ ချိတ်ဆက်ထားတာတွေလည်းရှိတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက် ဆောင်ရန်ရှောင်ရန်တွေကို ဗီဒီယိုဖိုင်တွေနဲ့တကွ အသေးစိတ်ဖော်ပြထားတယ်” လို့ ဝက်ဘ်ဆိုဒ်ကို တာဝန်ယူပြုလုပ်လျက်ရှိတဲ့ နေလရောင် မီဒီယာဂရု(ပ်)မှ ကိုပြည့်ဖြိုးက ပြောပါတယ်။
သူကဆက်ပြီး “ဒီဝက်ဘ်ဆိုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာ ရှိတဲ့ ကျန်းမာရေးကဏ္ဍအတွက် အဓိကထားတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ အလွယ်တကူရှာချင်သူတွေအတွက် ဝန်ဆောင်မှုပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီဝက်ဘ်ဆိုဒ်ကို ဖန်တီးရေးဆွဲထားတာပါ” လို့ ဆိုပါတယ်။