စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ မိုးကြိုးပြင်ကျေးရွာသူ ဒေါ်ခင်ဝင်း သေဆုံးမှုနှင့်ပတ်သက်ပြီး တနှစ်ကျော်ကြာ လူသတ်တရားခံ ဖော်ထုတ်တင်ပြနိုင်ခြင်း မရှိသေးသည့်အတွက် လာမည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြ မေးခွန်း မေးမြန်းသွားမည် ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောသည်။
“ဖြစ်ပွားတဲ့ အချိန်က နေ့လယ်ပိုင်းအချိန် လူတွေအများကြီး ရှိနေတဲ့နေရာမှာ အသတ်ခံရတဲ့ အမှုကို တနှစ် ကျော်ကြာ တဲ့အထိ လူသတ်သမား မဖော်ထုတ်နိုင်သေးဘူးဆိုတာ ဘာကြောင့်လဲ ကျနော်လည်း သိချင်တယ်။ လာမယ့် လွှတ်တော် မစခင်အထိ လူသတ်သမား မဖော်ထုတ်နိုင်ဘူးဆိုတော့ ဒါဟာ အမှု ထိန်ကျန်ထားတာလား၊ ဘယ်လို အခြေအနေလဲ ဆိုတာကို သိဖို့အတွက် စစ်ကိုင်းတိုင်း နယ်လုံ ဝန်ကြီးကို ကျနော် ကြယ်ပွင့်ပြ မေးခွန်း မေးသွားဖို့ စီစဉ်ထားတယ်” ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ဆိုသည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း လျော်ကြေးမပေးရသေးသည့် လယ်မြေများတွင် ဝမ်ပေါင်ကုမ္မဏီက ခြံစည်းရိုးခေတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး လယ်သမားများနှင့် လုံခြုံရေး ဝန်ထမ်းများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ယင်းပဋိပက္ခအတွင်း မိုးကြိုးပြင် ကျေးရွာနေ တောင်သူ ဒေါ်ခင်ဝင်းမှာ ဦးခေါင်းတွင် သေနတ် ထိမှန် သေဆုံးခဲ့ရသည်။
ဒေါ်ခင်ဝင်း သေဆုံးမှုနှင့် ပတ်သက်ပြီး ဆားလင်းကြီးမြို့နယ် တရားရုံးမှ ပ(၅၆/၂၀၁၅)(၃၀၂) ဖြင့် တရားစွဲဆိုထား သော်လည်း လက်ရှိအချိန်ထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ကတည်းက တနှစ်ကျော်ကြာ တရားခံ ဖော်ထုတ်ခြင်း မရှိခဲ့သည့် ဒေါ်ခင်ဝင်း သေဆုံးမှုကို ဆက်လက်ပြီး တရား ဥပဒေ အတိုင်း တရားခံ အမြန်ဆုံး ဖော်ထုတ်ပေးရေးအတွက် ဧပြီလ ၂၆ ရက်(ယမန်နေ့) ရက်စွဲဖြင့် ဒေါ်ခင်ဝင်း သမီးဖြစ်သူ ဒေါ်ခင်မာအေးက လက်ရှိ အစိုးရနှင့် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များထံ စာရေးသား ပေးပို့တောင်း ဆိုခဲ့ကြောင်း သိရှိရသည်။