ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီးတခုဖြစ်တဲ့ Miss World အလှမယ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံက အလှမယ်များ သွားရောက်ယှဉ်ပြိုင်စေခဲ့တာ ၂နှစ်ရှိပြီဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှ စတင်ကာ Miss World ပြိုင်ပွဲကို မြန်မာနိုင်ငံက အလှမယ် ဝိုင်းလေးက ပထမဆုံး သွားရောက် ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက်ကိုတော့ ခင်ရတနာသိန်းမြင့်က မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တာပါ။
ယခုလည်း Miss World 2016 အတွက် မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သွားရောက်ယှဉ်ပြိုင်မယ့်အလှမယ်များကို ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ Miss Myanmar World လျှောက်ထားလိုသူများအနေနဲ့ ဧပြီ ၂၉ ရက်နေ့က စတင်ပြီး မေလ ၃ ရက်နေ့အထိ မနက် ၉နာရီ ကနေ ညနေ ၅ နာရီအတွင်း ကိုယ်လုံးပေါ် အလှဓာတ်ပုံ ၂ ပုံ၊ သန်းခေါင်စာရင်း မိတ္တူတို့နဲ့ Myanmar Event Park (MEP)မှာ လူကိုယ်တိုင် လာရောက် လျှောက်ထားရမှာဖြစ်ပါတယ်။
လျှောက်ထားသူများကို လူတွေ့စစ်ဆေးပြီး စကာတင် အယောက် ၅၀ ကိုရွေးချယ်ကာ Body Check Up ပြုလုပ်မှာပါ။ နောက်ဆုံးဖိုင်နယ် အယောက် ၂၀ ကိုတော့ မေလ ၆ ရက်နေ့မှာ ရွေးချယ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီနှစ်အတွက် ရွေးချယ်ခံရမယ့် Miss Myanmar World 2016 ရရှိမယ့် ဆုကြေးငွေဟာ ကျပ်သိန်း ၁၀၀ ဖြစ်ပြီး နောက်ထပ် ဘန်ကောက်မှ Phuket Pearl ဆိုတဲ့ ရတနာဆိုင်က ချီးမြင့်မယ့် ကျပ်သိန်း ၃၅၀ ထက်ပိုတဲ့ သရဖူကို လည်း ရရှိမှာ ဖြစ်ပါတယ်။
“ကျနော်က ဒီလို Miss Myanmar world တယောက်ဖြစ်ခဲ့တဲ့အတွက် ပြည်ပ ပြိုင်ပွဲအတွေ့အကြုံတွေ အများကြီး ရှိခဲ့ပါတယ်။ မြန်မာအမျိုးသမီးလေးတွေအနေနဲ့လည်း ကိုယ့်ရဲ့ အရည်အချင်းတွေကို ကမ္ဘာကို ချပြဖို့အတွက် ဒီပွဲမှာ လာပြီးယှဉ်ပြိုင်စေချင်ပါတယ်။ အနုပညာအလုပ်ကိုလုပ်ဖူးမှမဟုတ်ဘဲ အပြင်က မိန်းကလေးတွေအနေနဲ့လည်း ကိုယ်ပိုင်အရည်အချင်းကို ပြသနိုင်မယ့် အခွင့်အရေးပါပဲ” လို့ Miss Myanmar World 2015 ဖြစ်တဲ့ မန္တလေးသူ ခင်ရတာသိန်းမြင့်က ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဖိတ်ခေါ်ပြောကြားထားသွားပါတယ်။
Miss Myanmar World 2016 ရွေးချယ်ပွဲကြီးကိုတော့ ဇွန်လ ၄ ရက်နေ့မှာ ကျင်းပြုလုပ်သွားမှာဖြစ်ပြီး Channel 7 ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာလည်းဖြစ်ပါတယ်။