သိပ်မကြာသေးခင်က ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ မြန်မာ မော်ဒယ်လ် အမျိုးသမီးတဦးရဲ့ sexy ကျကျ မဂ္ဂဇင်းကာဗာဓာတ်ပုံတပုံဟာ လူအများစိတ်ဝင်စားခြင်းခံခဲ့ရပါတယ်။ အဲ့ဒီ မဂ္ဂဇင်းကတော့ POSH ဆိုတဲ့ Lifestyle မဂ္ဂဇင်းတခုပါ။
အဲ့ဒီ မဂ္ဂဇင်းကာဗာပုံအဖြစ် အပေါ်ပိုင်းဗလာနဲ့ ညှို့အားပြင်းပြင်းဆွဲဆောင်မှုရှိရှိပုံစံနဲ့ လက်ဝှေ့ အားကစား ပြုလုပ်တော့မယ့် ပုံစံမျိုးကို မြန်မာမော်ဒယ်လ် J နော်က ရိုက်ကူးထားခြင်းပါ။
“ဒါက POSH Magazine Thailand အတွက်ပါ။ မအောန်ဆိုင်းတို့ရိုက်တာက POSH Magazine Myanmar အတွက်ပါ။ အခု ကျမရိုက်ထားတာက နိုင်ငံတကာကိုထုတ်မယ့် POSH ပါ။ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျမကိုရွေးထားတာပေါ့။ တခြားနိုင်ငံက မော်ဒယ်လ်တွေ စင်ကာပူ၊ ဗီယမ်နမ် ၊ ဘန်ကောက် အကုန်လုံးက ရိုက်ကြတယ်လေ။ အခုတော့မဂ္ဂဇင်းက မထွက်လာသေးဘူး။ နောက်ထပ်ပုံတွေအများကြီးရှိသေးတယ်။ ဒီပုံက သူတို့အဖွင့်အနေနဲ့ သုံးထားတာပါ” လို့ မော်ဒယ်လ် J နော် က ဧရာဝတီကိုပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်လောက်က ထွက်ရှိခဲ့သော POSH Magazine Myanmar ရဲ့ ကာဗာဓာတ်ပုံမှာလည်း မြန်မာမော်ဒယ်လ် အောန်ဆိုင်းနဲ့ အဝတ်အစားမပါဘဲ ကိုယ်လုံးတည်းနဲ့ နိုင်ငံခြား အမျိုးသားမော်ဒယ်လ် တဦးတို့ တွဲဖက် ရိုက်ကူးခဲ့မှုအပေါ်လည်း ပရိသတ်တွေရဲ့ ပြောဆို ဝေဖန်သံများ ညံခဲ့ပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သင်္ကြန်မတိုင်မီကလည်း အဆိုပါ POSH မဂ္ဂဇင်းတွင် သင်္ကြန်ဖက်ရှင်ဆိုပြီး အမျိုးသား မော်ဒယ်လ်များနဲ့ အမျိုးသမီးမော်ဒယ်လ်များ ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာလည်း မော်ဒယ်လ် J နော် ပါဝင်ခဲ့တာမို့ ဒီပုံနဲ့ပတ်သက်ပြီးတော့လည်း သူက “အဲဒါနဲ့ပတ်သက်ပြီး ထွေထွေထူးထူးတော့ မပြောလိုပါဘူး။ အခုကျမရဲ့ Fan တွေမှာ ပြသနာလေးတွေတခုရှိတယ်ပေါ့။ သူတို့က ကိုယ့်ကို Miss တယောက်အဖြစ် ပြိုင်စေချင်ကြတယ်။ ကိုယ် လျှောက်နေတဲ့လမ်းက Runway ရယ် Photo Model ရယ်အနေနဲ့ပေါ့။ ကိုယ်က Professional Model အနေနဲ့ ထိုးဖောက်ချင်တာပါ။ အဲပုံမှာလည်း ကိုယ့်ကို အထဲက Bra မပါဘဲ ဝတ်တယ်ဆိုပြီး ပြောကြတယ်။ အမှန်က အထဲက ဆီလီကွန်အုပ်ပြီး ဝတ်ထားတာပါ။ ဒါပေမယ့် ဒီလို Miss ဖြစ်မယ့်လူတယောက်က ဘာလို့ ဒီလိုရိုက်ရတာလဲဆိုပြီး ပြောကြပါတယ်။ ဒီမှာက ဒီလိုမျိုးကိုလက်ခံနိုင်ဖို့ ခက်ခဲကြပါတယ်။ တချို့ Professional ဆန်တယ်ဆိုတဲ့ comment လေးတွေလည်း ရှိပါတယ်။ သူတို့ပြောတာကလည်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအရပြောကြတာပါ။ ကိုယ်က စိတ်မဆိုးပါဘူး” လို့ ပြောပြထားပါတယ်။
ဒီလို Sexy ကျကျ လူပြောများမယ့် ဓာတ်ပုံများရိုက်ကူးရခြင်းနဲ့ပတ်သက်လို့ မော်ဒယ်လ် J နော် က ဒီမဂ္ဂဇင်းကာဗာကို ရိုက်ကူးဖို့ ကမ်းလှမ်းစဉ်ကတည်းက ဒါဟာ မြန်မာနိုင်ငံအတွက်မဟုတ်ဘဲ နိုင်ငံတကာ အတွက်ဖြစ်တာကြောင့် သူများနိုင်ငံက ဖက်ရှင်ဆိုတဲ့ ပုံစံအတွင်းဝင်အောင် ကိုယ်က ရိုက်ပေးရတာ ဖြစ်ကြောင်း၊ နိုင်ငံတကာကို ထိုးဖောက်တဲ့အခါ သူများနည်းတူ ရိုက်ကူးရတာဖြစ်တဲ့အတွက် ကိုယ်က မရိုက်ရင် ကိုယ့်နေရာမှာ ရိုက်မယ့်သူ ပေါ်လာမှာဖြစ်ကာ အခွင်အရေးရတုန်း ကြိုးစားပြီး ရိုက်ကူးရခြင်းဖြစ်ကာ အခုဓာတ်ပုံမှာလည်း ဘာမှမဝတ်ထားခြင်းမျိုးမဟုတ်ဘဲ ဆီလီကွန်ဘရာမျိုး ဝတ်ဆင်ထားပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
မော်ဒယ်လ် J နော်ဟာ Miss Universe Myanmar 2014 မှာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး Title ဆုအနေနဲ့ Miss Huawai ဆုကို ရရှိထားခဲ့သူတဦးလည်း ဖြစ်ပါတယ်။