တရုတ်ပြည် အလယ်ပိုင်း ဟူနန်ဒေသရှိ ကျေးလက်မြို့လေးမှာ လက်ချောင်း ၁၅ ချောင်း၊ ခြေချောင်း ၁၆ ချောင်း ပါဝင်တဲ့ ကလေးငယ်လေးတဦး မွေးဖွားလာခဲ့တာ အခုဆိုရင် သုံးလအရွယ် ရောက်ရှိလာခဲ့ပြီလို့ သတင်းတရပ်က ဆိုပါတယ်။
ကိုယ်ဝန်ရှိစဉ်အခါမှာ ကြိုတင် ဓာတ်မှန် ရိုက်ကြည့်ခဲ့စဉ်တုန်းက ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့ ပုံစံမျိုး မပါရှိခဲ့ပေမယ့် ခြေချောင်းလက်ချောင်းတွေအားလုံးပေါင်း ၃၁ ချောင်း ဖြင့်မွေးဖွားလာတဲ့အခါ အဆိုပါ ကလေးငယ်ရဲ့ မိဘတွေမှာ အလွန်ကို အံ့သြမင်သက်ခဲ့ရတာပါ။
ဟောင်ဟောင်လို့ အမည်ပေးထားတဲ့ သုံးလအရွယ် သားယောက်ျားလေးဟာ မယုံကြည်နိုင်လောက်အောင်ပဲ လက်ဖဝါးနှစ်ဖက်စလုံးမှာ လက်မ မပါရှိဘဲ လက်ချောင်း ၁၅ ချောင်းနဲ့ ခြေချောင်း ၁၆ ချောင်းပါရှိနေတာပါ။
အဆိုပါ ကလေးငယ်လက်ရှိနေထိုင်နေတဲ့ တရုတ်ပြည်အလယ်ပိုင်း ဟူနန်ဒေသရှိဆေးရုံ ဆရာဝန်များက ကလေးငယ်ကို ခွဲစိတ်ကုသဖို့ရန် အလွန်ကိုခက်ခဲလိမ့်မယ်လို့ ဆိုလာတဲ့အတွက် မိဘနှစ်ပါးဖြစ်သူဟာ သူ့သားငယ်အတွက် ဆေးဝါးကုသခံယူဖို့ရန် စိုးရိမ်ကြောက်ရွံ့နေကြပါတယ်။
ဆေးပညာသဘောအရ အခုလို လက်ပွား ခြေပွားလေးများ တခုထက်မက အများအပြားပါဝင် မွေးဖွားလာခဲ့တဲ့ ကလေးငယ်တွေဟာ ခန့်မှန်းခြေ တထောင်မှာ ၁ ယောက်လောက်သာ ဖြစ်ပွားတတ်တဲ့ ကြုံတောင့် ကြုံခဲရှားပါးရောဂါတခုလို့ သတင်းကဆိုပါတယ်။
ဒါ့အပြင် ဆေးပညာအခေါ်အရ polydactyly လို့ဆိုတဲ့ အဆိုပါ ခြေပွားလက်ပွားရောဂါဝေဒနာကို ဟောင်ဟောင်၏ မိခင်ဖြစ်သူပါ ခံစားနေရတာပါ။ သူမရဲ့ ခြေလက်နှစ်ခုစလုံးမှာ လက်ပွားခြေပွားလေးတွေ ပါရှိနေခြင်းပါပဲ။
ဟောင်ဟောင်ရဲ့ မိခင်ဟာ ကိုယ်ဝန် ၅ လအရွယ်လောက်မှာ Futian ခရိုင်ရှိ ဆေးရုံတခုတွင် လေးဘက်မြင် အာထရာဆောင်း ရိုက်ကူးခဲ့စဉ်ကလည်း ကလေးငယ်အနေနဲ့ တစုံတရာ ကိုယ်လက်အင်္ဂါ ချို့ယွင်းတဲ့ပုံစံမျိုး မတွေ့ရှိခဲ့ရဘူးလို့ သူမက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
ဟူနန်ဒေသရဲ့ တောရွာကလေးမှာ နေထိုင်နေကြရတဲ့ အဆိုပါ လင်မယားနှစ်ဦးရဲ့ သားငယ်လေးဟာ သူ့မိခင်ခံစားနေရတဲ့ ခြေပွားလက်ပွားရောဂါထက် ပိုမိုများပြားတဲ့ လက်ချောင်း ခြေချောင်း အပွားများပါရှိပြီး မွေးဖွားလာခဲ့ချိန်မှာ အလွန်ကို ထိတ်လန့်တုန်လှုပ်ခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားရှိပါတယ်။
အသက်သုံးလ အရွယ်သာရှိသေးတဲ့ ကလေးငယ်ဟာ မေ့ဆေး ထုံဆေးပေးပြီး ခွဲစိတ်ဖို့အတွက် လတ်တလောမှာ အရမ်းကို ငယ်ရွယ်နေသေးပြီး သူ့အနေနဲ့ အရိုးများမဖွံ့ဖြိုးမစုံလင်ခင် တနှစ်နဲ့ ခြောက်လ အကြားမှာတော့ ခွဲစိတ်ကုသမှု ခံယူသင့်တယ်လို့ ဟူနန်ဒေသမှ အရိုးပါမောက္ခ Liu Hong က ဆိုပါတယ်။
ဟောင်ဟောင်ရဲ့ မိဘနှစ်ပါးဟာ သုံးလအရွယ်သာရှိသေးတဲ့ သူတို့ရဲ့ သားငယ်လေး ခွဲစိတ်ကုသမှု ခံယူနိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုရရှိဖို့ရန် အသည်းအသန် ကြိုးစားရှာဖွေနေကြရပါတယ်။
Ref: people’s daily , china