ဒီတပတ်မှာတော့ Foodie Guide ကနေပြီး မေလအတွက် ပထမဆုံး အနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ လူကြိုက်များပြီး၊ အစားများတဲ့ ဘာဂါဆိုင် ၆ ဆိုင်နဲ့ မိတ်ဆက် ပေးချင် ပါတယ်။
ဘာဂါတွေအကြောင်းမပြောခင် ရန်ကုန်မှာ ဘာဂါဆိုင်ဆိုပြီး သီးသန့် ဖွင့်ခဲ့တာကတော့ အင်းလျားလမ်းမှာရှိတဲ့ “Burger Buster” ဖြစ်ပါတယ်။ ဒီဆိုင်လေးဟာ ၂၀၀၀ ခုနှစ် ပိုင်းမှာ လူငယ်အများစု သွားရောက် စားသုံးပြီး အောင်မြင်ခဲ့တဲ့ ဆိုင် ဖြစ်ပါတယ်။ အခုထက်ထိ အဲဒီနေရာမှာ ဖွင့်လှစ်ထားဆဲပါ။
အခု ဖော်ပြပေးမယ့် ဘာဂါဆိုင်တွေကတော့ လတ်တလော ရေပန်းစားနေတဲ့ ဆိုင်များဖြစ်ပြီး ဈေးနှုန်းအားဖြင့် အနည်းငယ် ပိုများပါတယ်။ အကြောင်းကတော့ ဒီဆိုင်တွေက Burger ထဲမှာပါတဲ့ အသားနဲ့အခြားအသီးအရွက် တွေကို Fast Food ဆိုင်တွေလို ကြိုတင်ပြင်ဆင်မထားဘဲ စားသုံးသူ အော်ဒါ မှာမှ ပြင်ဆင်ချက်ပြုတ်ခြင်း ဖြစ်ပါတယ်။ အဲဒါကြောင့် အရသာအားဖြင့်လည်းပိုမို ကောင်းမွန်ပါတယ်။
(၁) Savoy Hotel
Savoy Hotel မှ ဘာဂါဆိုရင် နိုင်ငံခြားသားတွေနဲ့ သူတို့အသိုင်းအဝိုင်းအကြား အထူး နာမည်ကြီး လူကြိုက်များပါတယ်။ Burger အမျိုးအစား (၇) မျိုးကို ရွေးချယ်မှာယူနိုင်ပြီး အမဲသား၊ ဘေကွန်၊ ကော့တေး ဆော့စ်နှင့်ဆလတ်ရွက် တို့ပါဝင်ပြုလုပ်ထားတဲ့ Le Marcel Burger နဲ့ အမဲသား၊ Cheddar ချိစ်၊ Mozzarella ချိစ်၊ ဆလတ်ရွက်နဲ့ ခရမ်းချဉ်သီးတို့ ပါဝင်ပြုလုပ်ထားတဲ့ Cheese Burger တို့က Savoy Hotel ရဲ့ အရောင်းရဆုံး နဲ့ လူကြိုက်အများဆုံး ဘာဂါ ၂ မျိုးဖြစ်ပါတယ်။
အမဲသားမစားသူတွေအတွက် ပင်လယ်စာနဲ့ပြုလုပ်ထားတဲ့ Ocean Three Burger ၊ သက်သတ်လွတ်သမားများအတွက် Vegeterain Farm Four Burger တို့ကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ဘာဂါတခုကို ဈေးနှုန်း ၁၇ ဒေါ်လာကျသင့်မှာဖြစ်ပြီး ဗုဒ္ဓဟူး နေ့မှာ သွားစားမယ်ဆိုရင် Tuborg ဘီယာ တခွက် လက်ဆောင် ရရှိမှာဖြစ်ပါတယ်။ Savoy Hotel မှာရှိတဲ့ Captain’s Bar ၊ Le Bistrot ၊ Kiplings Restaurant အစရှိတဲ့ စားသောက်ဆိုင် ၃ ဆိုင်လုံးမှာ မှာယူစားသုံးနိုင်ပါတယ်။
လိပ်စာ – Savoy Hotel
အမှတ်၁၂၉၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
(၂) Sharky’s Food & Passion
နောက်တဆိုင်အနေနဲ့ နိုင်ငံခြားသားတွေအပြင် ရန်ကုန်မြို့နေ လူထုအကြားမှာ နာမည်ကြီး လူကြိုက်များတဲ့ Sharky’s Food & Passion ကိုညွှန်းချင်ပါတယ်။ Sharky’s Food & Passion မှာ ကြက်သား၊ အမဲသား၊ ပုဇွန်၊ ငန်းအသည်းနဲ့ ချိစ်၊ သက်သတ်လွတ် အစရှိတဲ့ ဘာဂါ ၅ မျိုး မှာယူစားသုံးနိုင်ပြီး အမဲသား၊ မရိုးနိစ်၊ ချိစ်၊ ခရမ်းချဉ်သီး ရို့စ်၊အာလူး ရို့စ် စတာတွေနဲ့ ပြုလုပ်ထားတဲ့ Beef Burger က လကြိုက်အများဆုံး ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ဘာဂါတခုကို ၁၄၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။
လိပ်စာ – Sharky’s Food & Passion
အမှတ် ၈၁၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
(၃) Yangon Bakehouse
နောက်တဆိုင်အနေနဲ့ ညွှန်းချင်တာကတော့ အင်းလျားမှာလမ်းရှိတဲ့ Yangon Bakehouse ပါ။ ဈေးနှုန်းအားဖြင့် အသင့်အတင့် ရှိသလို အရသာလည်း အခြား နာမည်ကြီးဆိုင်တွေလို အရသာကောင်းမွန်ပါတယ်။ လူစား အများဆုံးဖြစ်တဲ့ Bakehouse Beef Burger ကို အမဲသား၊ ထောပတ်၊ ကြက်ဥ၊ဆလတ်ရွက် စတာတွေနဲ့ ပြုလုပ်ထားပြီး၊ တယောက်စာ Salad လည်းပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်သားနဲ့ ပြုလုပ်ထားတဲ့ Bakehouse Spicy Burger ကိုလည်း မှာယူစားသုံးနိုင်ပါတယ်။ ဈေးနှုန်းကတော့ ဘာဂါတလုံးကို ၈၆၀၀ ကျပ် ဖြစ်ပါတယ်။
လိပ်စာ – Yangon Bakehouse
အမှတ် ၃၀၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
(၄) Cafe Thiripyitsaya @ Sakura Residence
နောက်တဆိုင်အနေနဲ့ ရွေးချယ်ထားတာကတော့ အင်းလျားလမ်းပေါ်မှာရှိတဲ့ Sakura Resdience မှာ ဖွင့်လှစ်ထားတဲ့ Cafe Thiripyitsaya ဖြစ်ပါတယ်။ ဒီဆိုင်ဟာဆိုရင် ဘာဂါကောင်းကောင်း ကြိုက်သူများအကြား နာမည်ကြီးပြီး၊ ရေကူးကန်ဘေးမှာ ဖွင့်လှစ်ထားတာကြောင့် အေးအေးဆေးဆေး အနားယူစားသောက်ချင်သူများ အတွက် အဆင်ပြေပါတယ်။ Cafe Thirpyitsaya ရဲ့ Special Burger အဖြစ် အမဲသား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ Salad သုပ်၊ ကြက်ဥတို့နဲ့ ပြုလုပ်ထားတဲ့ Special Mega Beef Burger ကို ဈေးနှုန်း ၈၀၀၀ကျပ်ဖြင့် မှာယူသုံးဆောင်နိုင်ပါတယ်။
လိပ်စာ – Cafe Thiripyitsaya @ Sakura Residence
အမှတ် ၉၊ အင်းလျားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
(၅) AJ’s Bar & Grill
မြို့ထဲအနီးတဝိုက် နေထိုင်ပြီး ဘာဂါနှစ်သက်သူတွေ အတွက် မကြာသေးခင်က ဖွင့်လှစ် ထားတဲ့ AJ’s Bar & Grill မှ ဘာဂါများကိုညွှန်းချင်ပါတယ်။ AJ’s Bar & Grill မှာ ဘာဂါ ၇ မျိုး မှာယူနိုင်ပြီး အဲဒီထဲကမှ လူကြိုက်များတာကတော့ အမဲသား၊ ချိစ်၊ Crispy Onion၊ Special Homemade Sauce နဲ့ ကြက်ဥတို့နဲ့ ပြုလုပ်ထားတဲ့ AJ Crispy Onion Burger ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ ၉၅၀၀ကျပ် ကျသင့်မှာဖြစ်ပါတယ်။
လိပ်စာ – AJ’s Bar & Grill
အမှတ်၁၃၂၊ ဗိုလ်မြတ်ထွန်းနှင့်အနော်ရထာလမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
(၆) Craft Cafe
နောက်ဆုံးအနေနဲ့ ဈေးနှုန်း သက်သာပြီး သွားရလာရလည်းလွယ်ကူတဲ့ ဒဂုံမြို့နယ်၊ နဝဒေးလမ်းမှာရှိတဲ့ Craft Cafe ကိုညွှန်းချင်ပါတယ်။ ဒီဆိုင်မှာဆိုရင် ကြက်သား၊ Salad သုပ်၊ ကြက်ဥတို့နဲ ပြုလုပ်ထားတဲ့ Chicken Burger နဲ့ အမဲသား၊ Salad သုပ်၊ ကြက်ဥ တို့နဲ့ လုပ်ထားတဲ့ Beef Burger တို့ကို မှာယူစားသုံးနိုင်မှာဖြစ်ပါတယ်။ ဘာဂါနဲ့အတူ အာလူးချောင်းကြော်လည်း ပါဝင်မှာဖြစ်ပြီး ဈေးနှုန်း ၄၄၀၀ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။
လိပ်စာ – Craft Cafe
အမှတ် ၃၃၊ ဗိုလ်ရာညွန့်လမ်းနှင့် နဝဒေးလမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ကဲ Foodies တွေအတွက် ဒီတပတ်ရုံးနားရက်မှာ ကြိုက်နှစ်သက်ရာ Burgers တွေကို သွားရောက်မြည်းစမ်းနိုင်ဖို့ ဧရာဝတီမှ Foodie Guide ကနေ တဆင့် လူကြိုက်များတဲ့ Burger ဆိုင် (၆) ဆိုင်ကို လက်လှမ်းမှီသလောက် ဖော်ပြလိုက်ပါတယ်။