မေလရဲ့ ဒုတိယပတ် ဖြစ်တဲ့ မေလ ၈ ရက်နေ့ တနင်္ဂနွေနေ့ဟာ အမေ့များနေ့ပါ။ ကိုယ့်ကိုမွေးဖွားခဲ့ပြီး လူလားမြောက်အောင် စောင့်ရှောက်ပေးခဲ့တဲ့ အမေရဲ့ကျေးဇူးကို သိနေပေမယ့် အလုပ်တွေများလို့ မေ့လျော့နေတယ် ဆိုရင်လည်း ဒီနေ့ ကျရောက်တဲ့ အမေများနေ့ က အမှတ်တရတွေကို သတိရစေမှာပါ။ အမေများနေ့ အမှတ်တရ စကားများအဖြစ် အမေ ချစ်တဲ့သား တဦးဖြစ်တဲ့ သရုပ်ဆောင် နိုင်းနိုင်း ကို သူရဲ့ အမေနဲ့ပတ်သက်တဲ့ ခံစားချက် တချို့ကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော် က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ အမေဆိုတာကို ဘယ်လိုခံစားမိပါသလဲ။
ဖြေ။ ။ အမေဆိုတာ ကျနော်အတွက် ဘယ်လိုမှလဲလို့မရတဲ့သူတယောက်ပါ။ အချိန်ရော ငွေရော ဘာနဲ့မှလဲ လို့မရဘူး။ ဘယ်အရာနဲ့မှ လဲလို့မရတဲ့ အနှိုင်းမဲ့အရာ တခုပါပဲ။
မေး။ ။ ကိုယ်တိုင်ကရော အမေအတွက် ဘယ်လိုသားမျိုး ဖြစ်လဲ။
ဖြေ။ ။ ကျနော်က အမေ ချစ်တဲ့သား ပါပဲ။
မေး။ ။ ကိုနိုင်းနိုင်း အတွက် အမေနဲ့ပတ်သက်ပြီး ဘယ်လိုအမှတ်တရမျိုးတွေ ရှိခဲ့ပါလဲ။
ဖြေ။ ။ အများကြီးပါပဲ။ အခုချိန်ပြောရင် ကျနော်ဘဝကြီး တခုလုံးပါပဲ ပြည့်သွားပါလိမ့်မယ်။ အမှတ်တရတွေက များလွန်းလို့ ဘယ်ကနေ စပြောရမှန်းတောင် မသိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က အမေနဲ့နေလာတာ နှစ်ပေါင်းများစွာလေ။ အိမ်ထောင်ကျပြီး သွားတာတောင် အမေနဲ့ပဲနေတာလေ။
မေး။ ။ အမေက ကိုနိုင်းနိုင်းကို ဘယ်လိုဆုံးမသွန်သင်မှုတွေ ရှိခဲ့ပါလဲ ဆိုတာရော ပြောပြပေးပါအုံး။
ဖြေ။ ။ အမေနဲ့က အမေက ကျနော်ကို သိပ်ပြီး ပြောဆို ဆုံးမတာမျိုးကြီးတွေ မရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်ကိုယ်တိုင်ကိုက အေးအေးဆေးဆေး နေတတ်တယ်။ မိဘကို ဒုက္ခမပေးတတ်ဘူး။ အဲဒီအတွက် အမေလည်း ကျနော်ကို ထွေထွေထူးထူးကြီး မပြောခဲ့တာလို့ ကျနော်ထင်တယ်။ သားသမီးက မိဘကို ဒုက္ခမပေးဘူးဆိုရင်ပဲ မိဘက စိတ်ချမ်းသာမှု ရနေပြီလေ။ ကျန်တာကတော့ကိုယ့်ရဲ့ မိဘအပေါ် သိတတ်တဲ့ စိတ်လေး ရှိဖို့ပါပဲ၊ ဒါကတော့ နောက်ဆက်တွဲပေါ့။ အမေနဲ့ကလည်း ကျနော်က အရင်ထဲက အတူတူ ရှိနေခဲ့တာလေ။ ဘာလို့လဲဆိုတော့ အဖေက များသောအားဖြင့် Oversea သွားနေရတာ များတယ်လေ။ အမေကလည်း ကျနော်ကို စကားတွေ အများကြီးပြောပြီး မဆုံးမဘူး ။ အမေနဲ့ကျနော်ရဲ့ Life က အေးဆေးပါပဲ။ နောက်ပြီး အမေက ကျနော်ကို ဆုံးမစကားတွေ ပြောတာထက် အမေနဲ့ကျနော်က တရားသဘောတွေ ပြောကြတာများတယ်။ ပြောမယ့်ပြောတော့လည်း ဒီလိုတရားအဆုံးအမနဲ့ပဲ ပြောကြတာ များတဲ့အတွက်ကြောင့် တခြား ထွေထွေထူးထူးတော့ မရှိပါဘူး။
မေး။ ။ ကိုနိုင်းနိုင်းရဲ့ အမေက ဘယ်လိုအမျိုးသမီး မျိုးလို့ မြင်ပါသလဲ။
ဖြေ။ ။ အမေက အေးအေးဆေးဆေး နေတတ်တယ်။ အေးအေးဆေးဆေး နေတတ်သလို ပျော်လည်းပျော်တတ်တယ်။ သားသမီးတွေကိစ္စကို ထဲထဲဝင်ဝင် အထိ လိုက်ပြီး သူမစွက်ဖက်ဘူး။ မပြောဘူး။ ကျနော်ဆိုရင် အခုချိန်ထိ အမေတွေ့ရင် ကလေး တယောက်လိုပါပဲ။
မေး။ ။ အမေများနေ့အတွက် ကိုနိုင်းနိုင်းက အမှတ်တရစကား တခွန်းလောက်ပြောပေးပါရှင့်။
ဖြေ။ ။ လောကမှာကျန်တဲ့ အရာတွေသာ အစားထိုးလို့ ရရင်ရမယ်။ အမေဆိုတာကတော့ ဘယ်လိုမှအစားထိုးလို့ မရနိုင်ဘူး။ အမေကို ကျေးဇူးဆပ်တယ်ဆိုတာက ငွေရေးကြေးရေး တခုပေးတာနဲ့ ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။ သူတို့ သက်ရှိထင်ရှား ဖြစ်နေတုန်း သူတို့ကို စိတ်ချမ်းသာအောင် ထားပေးနိုင်ရမယ်။ အမေဆိုတာ လောလောဆယ် အသက်ရှင်နေတုန်း ဖြစ်နေတယ်ဆိုရင် အမေကို တန်ဖိုးထားကြပါ။ ဒါက အမေရှိကြတဲ့သူတွေ အတွက်ပေါ့။ အမေ မရှိတော့တဲ့သူတွေဆိုရင် တကယ်ကို ဝမ်းနည်းဖို့ကောင်းပြီး ပြန်မရတော့တဲ့ အရာဆိုတာ သိကြလိမ့်မယ်။ အမေဆိုတာ ဘဝပေါင်းစွာမှာ အမေများစွာ ရှိခဲ့ကြမှာပါပဲ။ ဒါပေမယ့် ဒီဘဝမှာ ကိုယ်ရဲ့ သက်ရှိထင်ရှား ရှိနေတဲ့ အမေကို မမေ့ဘဲ စိတ်ချမ်းသာအောင်ထားပြီး ကျေးဇူးဆပ်စေချင်ပါတယ်။