ကောလဟလရော တကယ်ဟုတ်တာရော မဟုတ်တာရော အကြောင်းကိစ္စတွေနဲ့ အမြဲလည်ပတ်နေတဲ့ လောကလို့ဆိုရင် သိပ်ရှည်ရှည်ဝေးဝေးကြည့်နေဖို့ လိုမယ်မထင်ပါဘူး။ အများဆုံးကတော့ အနုပညာ လောကလို့ ပြောရမလိုပါ။
တော်ကြာနေ ဘယ်သူက ဘာဖြစ်လို့။ ဘယ်သူနဲ့ ဘယ်သူကတော့ ဘာဖြစ်ကုန်ကြပြီ စတဲ့ စတဲ့ အကြောင်း ချင်းရာတွေနဲ့ တနေ့တနေ့ ရိုးရလိမ့်မယ်မထင်ပါဘူး။
သိပ်မကြာသေးခင်ကာလလောက်ကလည်း အနုပညာလောကထဲ နည်းနည်းလေး အသံထွက်ခဲ့တဲ့ အကြောင်းအရာလေးတခုရှိခဲ့ပါသေးတယ်။
အဲ့ဒါက အဆိုတော်မမတယောက်ကို ချစ်သူရည်းစားရှိပြီးသား အဆိုတော် ကောင်လေးတယောက်က အခုခေတ် စကားနဲ့ပြောရမယ်ဆိုရင် အီစီကလီသွားလုပ်လို့ သူ့ချစ်သူမော်ဒယ်လ်ကောင်မလေးက အဲ့ဒီ အဆိုတော်မမကို ပြဿနာရှာ ဘာညာ ဆိုတဲ့ သို့လော သို့လော အချစ်ရေး ကောလဟလလေးတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
အဲ့ဒီအဆိုတော် မမရဲ့ အချစ်ရေးကောလာဟလ ပြဿနာတွေနဲ့ ပတ်သက်လို့ မေးမြန်းကြည့်တော့
“အမ ပြောချင်တာကတော့လေ အိမ့်ချစ်ဆိုတာ ဆတ်ဆတ်ထိမခံ ဆိုတာ လူတော်တော်များများက သိကြတဲ့အတွက် ဖြစ်နိုင်၏ မဖြစ်နိုင်၏တော့ စဉ်းစားပါလို့ပဲ ပြောချင်ပါတယ်။ အမ ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်ဆိုတာ အမ ပတ်ဝန်းကျင်က လူတွေသိတဲ့အတွက် လူတော်တော်များများက သူတို့ဘာသာ ရှင်းပြပြီး သားပါ။ အဲ့ဒါကြောင့် အမ ဘာမှမရှင်းတာပါ” လို့ ကာယကံရှင်ဖြစ်တဲ့ အဆိုတော် အိမ့်ချစ်က ဧရာဝတီကို ပြောပါတယ်။
နောက်ထပ် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ထပ်မံဖြေရှင်းမှာမဟုတ်သလို ထပ်ဖြေရှင်းလိုက်လို့ ကိုယ့်ဘက် တခုခုမှားသွားရင် တဖက်လူကိုပါ ထိခိုက်သွားနိုင်တာကြောင့် သူ့အနေနဲ့ သည်းခံစိတ်ပဲ မွေးကြောင်း အမှန်တရားက ကိုယ့်ဘက်မှာရှိတဲ့အတွက် အမှန်တရားကို နတ်စောင့်တယ်ဆိုတဲ့ စကားနဲ့ပဲ ဒီအတိုင်း နေသွားဖို့ပဲရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် တကိုယ်တော်တေးစီးရီး ၂ ခွေ ထွက်ရှိထားတဲ့ အဆိုတော် အိမ့်ချစ်က အခုအခါမှာလည်း “အောင်မြင်မှုနောက်ကွယ်” လို့ အမည်ပေးထားတဲ့ တေးစီးရီးခွေကို မေလ ၁၀ ရက်နေ့မှာ ထပ်မံ ထွက်ဖို့ ရှိပါသေးတယ်တဲ့။ အိမ့်ချစ်ကိုယ်တိုင်ရေးသားထားတဲ့ တပုဒ်တည်းသာ ပါဝင်တဲ့ ဒီတေးစီးရီးထဲ တပုဒ်တည်းသော ဒီတေးသီချင်းထဲမှာ “အိမ့်ချစ်” ဆိုတဲ့ အမည်နဲ့အောင်မြင်မှုရခဲ့သော်လည်း လူမသိအောင် ပေးဆပ်ခဲ့ရတဲ့နောက်ကွယ်မှ သူရဲ့ မိသားစု ပြဿနာအကြောင်းအရာတွေ၊ သူ့မိသားစု အတွက် မားမားမတ်မတ် ရပ်တည်ခဲ့ရတဲ့အချိန်တွေ၊ စီးပွားရေး၊ လှုမှုရေးအကြောင်းအရာတို့ကို ထည့်သွင်း ရေးဖွဲ့ထားတယ်လို့သိရပါတယ်။
“အမ ဒီအခွေလေးရောင်းရငွေနဲ့ တကယ်လိုအပ်တဲ့နေရာတွေမှာ အလှူလုပ်ဖို့စီစဉ်ထားပါတယ်။ အမ ဘဝမှာ “အိမ့်ချစ်” ဆိုပြီးအမှတ်တရလေတစ်ခုကျန်နေခဲ့ရအောင်ပါ” လို့ အနုပညာသက်တမ်း ၁၂ နှစ်ရှိပြီဖြစ်တဲ့ အိမ့်ချစ်က ပြောပါတယ်။
အခုနောက်ပိုင်း ရှိုးပွဲတော်တော်များများမှာ ဝါရင့်အနုပညာရှင်တွေရော ဝါမရင့်အနုပညာရှင်တွေပါ လိုက်ဖ်(Live) သီဆိုမှုမရှိတော့လောက်အောင် နည်းပါးလာကာ နောက်က သီချင်းဖွင့် ပါးစပ်လှုပ်ပြီး အိုက်တင်လုပ် သီဆို နေကြမှုအပေါ် ရှိုးပွဲတွေမှာ အပင်ပန်းခံ တကယ့်ကို လိုက်ဖ်(Live)စစ်စစ် သီဆိုနေတဲ့ အနုပညာရှင် တယောက်အနေနဲ့ ဘယ်လိုမြင်မိသလဲဆိုတာကို စပ်စုမေးမြန်းကြည့်မိပါသေးတယ်။
“အိမ့်ချစ်က show ပွဲတွေဆိုရင် အမြဲ အသံဝင်ရင် ဝင်တယ်၊ တောင်းပန်းပါတယ်ဆိုတာမျိုးကို ကြိုပြောပါ တယ်။ အမ ဆိုနေတဲ့ အချိန်လေးမှာ ပရိသတ်တွေ အပြည့်အဝ ခံစားနိုင်ပါစေ၊ နားထောင်နိုင်ရမယ် ဆိုတဲ့ စိတ်မျိုးနဲ့ အမဆိုတဲ့အတွက် အမ အခွေဖွင့်ပြီး ဆိုလေ့မရှိပါဘူး။တခြား Play Back ဆိုနေတဲ့ အနုပညာရှင် တွေကို ဘယ်လိုမြင်လဲဆိုရင်တော့ သူတို့ အသံနာတာတွေဘာတွေ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အဲ့ဒါကို ပရိသတ်ကို မသိစေချင်လို့ အဲ့လိုဆိုတယ်ထင်ပါတယ်။ အမှန်တကယ်ကတော့ သူတို့ ပရိသတ်ကို စော်ကား လိုစိတ်တော့မရှိဘူး” လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။