အနုပညာအလုပ်များကို အချိန် ၂ နှစ်ကျော်နားနေခဲ့ရာမှ ပြန်လည်လုပ်ကိုင်လာတဲ့ အဆိုတော် ရဲလေးက အခုအခါမှာ နှင်းဆီအငြိမ့်နဲ့အတူတူ လူရွှင်တော်အဖြစ် ပြန်လည်ပါဝင်လာတော့မှာပါ။ ဒီ လူရွှင်တော်ဆိုတာဟာလည်း သူ အနုပညာအလုပ်တွေကို မနားခင်ကာလတွေမှာ နှင်းဆီအငြိမ့်များတွင် နှင်းဆီ ဝိုင်းတော်သားများနဲ့အတူတူ လုပ်ကိုင်ခဲ့ဖူးပါတယ်။
အခုတခါမှာတော့ မေ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် “ရှင်သန်ခြင်းနှင်းဆီ”လို့ အမည်ပေးထားတဲ့ အငြိမ့်ပွဲမှာ နှင်းဆီလူရွှင်တော်အဖွဲ့သားတွေဖြစ်တဲ့ မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်းတို့နဲ့အတူ လူရွှင်တော်အဖြစ် ပြန်လည်ပါဝင်လာတာကြောင့် ဒီတခေါက် နှင်းဆီအငြိမ့်ဟာလူပြန်စုံတဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။
အဆိုတော် ရဲလေးဟာ၂၀၁၅ ခုနှစ် နှစ်လယ်ပိုင်းလောက်ကစလို့ အနုပညာအလုပ်များကို ပြန်လည်လုပ်ကိုင်လာခဲ့ပြီး လူရွှင်တော်အဖြစ်ကိုတော့ ယခုပြုလုပ်မယ့် “ရှင်သန်ခြင်းနှင်းဆီ”မှာ ပထမဆုံးအနေနဲ့ ပြန်လည်မြင်တွေ့ရမှာပါ။
ရဲလေးကလည်း သူရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ နှင်းဆီအဖွဲ့သားများနဲ့အတူ အဆိုပါပွဲအတွက် ဇာတ်တိုက်နေပုံများကို “နှင်းဆီပြန်လာပြီ” ဆိုတဲ့စာသားနဲ့အတူ တင်ထားတာကိုလည်း တွေ့ရပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်တဲ့ “ရှင်သန်ခြင်းနှင်းဆီ”အငြိမ့် မှာ မင်းသမီး ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံတို့ ပါဝင်ပြီး ဖျော်ဖြေပွဲကို လာမယ့် မေ(၁၃)ရက်နဲ့ (၁၄) ရက်တွေမှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ည ၇ နာရီ အချိန်ကစတင်လို့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီ ဖျော်ဖြေပွဲဟာ နှင်းဆီရင်ခွင်လူမှုကူညီရေးဖောင်ဒေးရှင်းရဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု အလှူပွဲအဖြစ် ပြုလုပ်တာလည်း ဖြစ်ပါတယ်။