ပြည်တွင်း ကားဈေးကွက်မှာ Honda CR-V ကားကို လူကြိုက်များလှပါတယ်။ ပေါ့ပါးတဲ့ ကိုယ်ထည်၊ လမ်း ကြောင်း စုံ မောင်းနှင်နိုင်မှု၊ ဆီစားနှုန်း ချိုသာခြင်း၊ ဈေးနှုန်းချိုသာစွာ ရရှိနိုင်မှုတွေကြောင့် လူကြိုက်များ တာလည်း ဖြစ်ပါတယ်။ ၁၉၉၅ခုနှစ်ကတည်းကနေ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး အခုဆို သက်တမ်း ၂၁နှစ်ရှိ နေပြီ ဖြစ်သလို ထုတ်လုပ်မှု အပိုင်းမှာ ၁၉၉၅ခုနှစ်မှာ စထုတ်ပေမယ့် ၁၉၉၇ခုနှစ် မော်ဒယ် အနေနဲ့မှ ဈေးကွက် တင်ခဲ့တာလည်း ဖြစ်ပါတယ်။ Compact SUVလို့ခေါ်တဲ့ အနေတော် အရွယ်အစားကိုယ်ထည်နဲ့ ဖြစ်ပြီး တချို့ဈေးကွက်တွေမှာတော့ Compact Crossover SUVအဖြစ်နဲ့လည်း ခေါ်ပါတယ်။
တံခါးလေးပေါက်စနစ်နဲ့ ဖြစ်ပြီး အင်ဂျင် အထိုင်စနစ်ကတော့ ရှေ့ဖက် အင်ဂျင်အထိုင်ပုံစံနဲ့ ဖြစ်ပြီး ရုန်းအားယူ စနစ်မှာတော့ ရှေ့ဘီးယက်စနစ်နဲ့ ထုတ်လုပ်တာလည်း ရှိသလို လေးဘီးယက်စနစ်နဲ့လည်း ထွက်ပါတယ်။ ဒီနေရာမှာ CR-Vရဲ့ အဓိပါယ် အရှည်ကောက်ကိုလည်း ကြုံလို့ ပြောချင်ပါသေးတယ်။ Comfortable Runabout Vehicleဖြစ်ပြီးတော့ ဇိမ်ခံတန်းဝင် မဟုတ်ပေမယ့် ခရီးဝေး မောင်းနှင်မှုနဲ့ လမ်းကြမ်းပိုင်း မောင်းနှင်မှု အတွက်ပါ အဆင်ပြေအောင် ထုတ်လုပ်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ အရှည်ကောက်စာသားကို ကမ္ဘာ့နိုင်ငံတိုင်းမှာ ရေးသား တင်ပို့ ရောင်းချတာ ဖြစ်ပေမယ့် ခြွင်းချက် အနေနဲ့ အင်္ဂလန်မှာတော့ Compact Recreational Vehicleလို့ ရေးသား သုံးနှုန်းတာ တွေ့နိုင်ပါတယ်။
ရှေ့ပိုင်းမှာတော့ Hondaက မော်ဒယ်ကို ဂျပန်နဲ့ အင်္ဂလန်မှာပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၀၇ခုနှစ် လောက် ရောက်မှ အမေရိကန်ဈေးကွက်အတွက်ကိုပါ ဂျပန်နိုင်ငံ အိုဟိုင်းဝိုးနဲ့ မက္ကဆီကိုတွေမှာ စက်ရုံတွေ ထပ်မံ အားဖြည့်ပြီး ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၂ခုနှစ် အတွင်းမှာလည်း ကနေဒါနိုင်ငံမှာလည်း စက်ရုံသစ် ဆောက်လုပ် ထုတ်လုပ်ခဲ့တာ တွေ့နိုင်သလို လက်ရှိ ကမ္ဘာ့အကြီးဆုံး မော်တော်ကား ဈေးကွက် တရုတ်အတွက်ကိုတော့ ဒေသခံ မော်တော်ကား ကုမဏီ တစ်ခု ဖြစ်တဲ့ Dongfengနဲ့ တွဲဖက်ပြီး Dongfeng Honda Automobile Companyကို တွဲဖက်ပြီး မော်တော်ကား ထုတ်လုပ်ရောင်းချတာ တွေ့ရပါတယ်။
မျိုးဆက်ပြောင်းလဲ ထုတ်လုပ်မှု အပိုင်းမှာ ပထမ မျိုးဆက်ကို ၁၉၉၅ခုနှစ်ကနေ ၂၀၀၁ခုနှစ်အတွင်း ထုတ် လုပ်ခဲ့သမျှ မော်ဒယ်တွေကို ခေါ်ဝေါ်တာ ဖြစ်ပြီးတော့ မော်ဒယ်နှစ်ကတော့ ၁၉၉၇ခုနှစ်ကနေ ၂၀၀၁ခုနှစ်တွေ ဖြစ်ပါတယ်။ အင်္ဂလန်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ တပ်ဆင် ထုတ်လုပ်မှုတွေ ရှိခဲ့ပြီး CR-Vရဲ့ ဒီဇိုင်းကို ရေးဆွဲပေးသူကတော့ Hiriyuki Kawaseဖြစ်ပြီးတော့ ပထမဆုံး ဒီဇိုင်းကို ၁၉၉၃ခုနှစ်ကတည်းက ရေးဆွဲပေးထားခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ မျိုးဆက်မှာတော့ ၂ ဒသမ ဝလီတာသုံး အင်ဂျင်တပ် မော်ဒယ်တွေကိုပဲ ထုတ်လုပ်ခဲ့တာ တွေ့ရသလို ဂီယာချက် ၅ချက် Manualနဲ့ လေးချက် Autoစနစ်တွေ ထုတ်ခဲ့ပါတယ်။ ရုန်းအားယူစနစ်မှာတော့ အဆိုပါ အချိန်ကတည်းက ရှေ့ဘီးယက်နဲ့ရော လေးဘီးယက်နဲ့ပါ ရနိုင်ခဲ့တာပါ။
ဒုတိယမျိုးဆက်ကိုတော့ ၂၀၀၁ခုနှစ်မှာ စတင် ပြောင်းလဲ ထုတ်လုပ်လာတာ ဖြစ်ပြီးတော့ ၂၀၀၆ခုနှစ်အတွင်းထိအောင် မော်ဒယ်နှစ် ၂၀၀၂နဲ့ ၂၀၀၆အတွင်း မော်ဒယ်တွေ ဖြစ်လာပါတယ်။ တပ်ဆင်မှု အပိုင်းမှာ အရင်က ထုတ်လုပ်နေကျ စက်ရုံတွေ အပြင် အင်္ဂလန်၊ ထိုင်း၊ တရုတ်၊ ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတွေမှာ ထုတ်လုပ်တာ တွေ့ရပါတယ်။ အဆိုပါ ဒုတိယမျိုးဆက်ကိုတော့ ဒီဇိုင်နာ Mitsuhiro Hondaက ၁၉၉၉ခုနှစ်မှာ ရေးဆွဲပေးတာ ဖြစ်ပြီးတော့ Honda Elementလို မော်ဒယ်နဲ့ပါ ဆင်တူအောင် ပုံစံယူ ရေးဆွဲမှုတွေ ရှိလာတာ တွေ့ရပါတယ်။
တတိယမျိုးဆက်ကိုတော့ ၂၀၀၆ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၁၁ခုနှစ်ထိအောင် သတ်မှတ်ခဲ့တာပါ။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၇ခုနှစ်ကနေ ၂၀၁၁ခုနှစ် မော်ဒယ်နှစ်တွေ ဖြစ်ပြီးတော့ အင်ဒိုနီးရှား၊ အမေရိကန်၊ မက္ကဆီကို၊ ထိုင်ဝမ်၊ ဂျပန်၊ ထိုင်း၊ အင်္ဂလန်၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေမှာ ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တတိယမျိုးဆက်အတွက် ဒီဇိုင်းကတော့ Daisuke Sawaiရဲ့ လက်ရာ ဖြစ်ပြီးတော့ ၂၀၀၄ခုနှစ်မှာ ရေးဆွဲခဲ့တာ ဖြစ်သလို Acura RDXရဲ့ အငွေ့အသက်တွေပါ ပါလာတာ ဖြစ်ပါတယ်။
အခုမျိုးဆက်ရဲ့ ထူးခြားချက်ကတော့ မော်ဒယ်က အကြမ်းခံပိုင်း စစ်ဆေးမှု ရမှတ်တွေ ကောင်းခဲ့ပြီး လူကြိုက်အထူးများခဲ့တာပါ။ စမ်းသပ်မှုတွေ အရ ရှေ့ဖက်ခြမ်း ထိခိုက်မှုမှာ ကြယ်ငါးပွင့်ရသလို ဘေးဘက်ခြမ်း စစ်ဆေးမှုမှာလည်း ကြယ်ငါးပွင့် ရခဲ့ပြီး တစ်စီးလုံး အနေအထားမှာ ကြယ်လေးပွင့်ရခဲ့တာ ဖြစ်ပါတယ်။
အခု လက်ရှိ နောက်ဆုံးအနေနဲ့ စတုတ္ထမျိုးဆက်ကို ထုတ်လုပ်နေတာ တွေ့နိုင်ပြီး ၂၀၁၁ခုနှစ် နိုဝင်ဘာလမှာ မျိုးဆက် ပြောင်းလဲ ထုတ်လုပ်လာတာပါ။ အမေရိကန်၊ မက္ကဆီကို၊ ဂျပန်၊ ထိုင်း၊ ကနေဒါ၊ အင်ဒိုနီးရှား၊ အင်္ဂလန် နဲ့ တရုတ်နိုင်ငံတွေမှာ ထုတ်လုပ်တာ တွေ့ရပြီး ဒီဇိုင်းရေးဆွဲ ပေးသူကတော့ Manabu Konaka ဖြစ်ပြီးတော့ ၂၀၁၀ခုနှစ်အတွင်းက ရေးဆွဲထားတာ ဖြစ်ပါတယ်။ အင်ဂျင်စနစ်မှာ ထူးခြားချက် တွေ့လာရပြီး ၁ ဒသမ ၆လီတာ သုံးလို အသေးစား အင်ဂျင်စနစ်ကို ထုတ်လုပ်လာပါတယ်။ ဒါပေမယ့် ဒီအင်ဂျင်စနစ်တပ် မော်ဒယ် တွေကို ဥရောပ ဈေးကွက်အတွက်ပဲ ထုတ်လုပ်ရောင်းချတာ တွေ့ရပါတယ်။