နှစ်ပေါင်းများစွာ တင်းကြပ် ဖိနှိပ်မှု အောက်မှာ မွန်းကြပ်နေခဲ့တဲ့ မြန်မာ့ပန်းချီလောက အခြေအနေဟာ အလျင်အမြန် ရုန်းကြွ တိုးထွက်လာတာ တွေ့ရပါတယ်။ အထူးသဖြင့် ခေတ်ပြိုင်ကို ထင်ဟပ်တဲ့ အနုပညာဖန်တီးမှု၊ တနည်းပြောရရင် Concept အခြေပြု ဖန်တီးမှုတွေ အားကောင်းမောင်းသန် ပေါ်ထွက်တာပါ။ ၂၀၁၆ ခုနှစ် မေ ၁၆ ကနေ ၂၂ ရက်နေ့ အထိ နဝဒေးသာလာမှာ ပြုလုပ်တဲ့ ပန်းချီ ဆူးထက်အောင်ရဲ့ “ပြည်သူ” ဆိုတဲ့ ပြပွဲမှာလည်း နိုင်ငံရေး Concept အခြေပြု ဖန်တီးမှုတွေ တွေ့ရပါတယ်။
ပန်းချီဆူး ထက်အောင်က နိုင်ငံဖြစ်တည် ပြောင်းလဲမှုတွေကို လေ့လာရင်းနဲ့ နိုင်ငံရေး ကစားကွက် (သို့မဟုတ်) နိုင်ငံရေးဗျူဟာကို တွေ့မြင်လာတယ်၊ နောက် တခြား တကမ္ဘာ့ နိုင်ငံတွေလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဗျူဟာပေါင်းစုံ အသုံးပြု ခင်းကျင်းပြီး ရွေ့လျားနေတာကိုလည်း သိမြင်လာတယ်လို့ သူ့ရဲ့ အနုပညာ ရှင်းလင်းတင်ပြချက် (Artist’s Statement) မှာ ဖော်ပြထားပါတယ်။
၁၉၆၅ ခုနှစ်ဖွား ရန်ကုန်ဇာတိ ပန်းချီ ဆူးထက်အောင်က “အဲဒီလို ကစားကွက် ဗျူဟာတွေက လှပသေသပ်တဲ့အခါ ကျနော်တို့ဟာ ဗျူဟာကစားကွက်အတွင်း စီးမျောမိမှန်းမသိ စီးမျောနေပြီး၊ ကစားကွက်တွေထဲမှာ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး တို့ဟာလည်း ပါဝင်စီးမျောနေတယ်” လို့ ဆိုပါတယ်။
သူဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ကြုံတွေ့ခဲ့ရတဲ့ ဘာသာရေး ပဋိပက္ခတွေနဲ့ နွှယ်ဆက်ပြီး ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ဘာသာရေး နိုင်ငံရေး ပဋိပက္ခ အကြောင်းများ အထိ ဆက်စပ် စဉ်းစားမိပြီး သူ့ပန်းချီ အနုပညာနဲ့ ဖန်တီး တင်ပြဖြစ်တဲ့ အကြောင်း ဖော်ပြထားပါတယ်။
“ကစားကွက် အရွေ့တွေရဲ့ အကျိုးဆက်က တခါတရံ ကောင်းမွန်ပေမယ့် တခါတရံ ဆန့်ကျင်ဘက်အကျိုးဆက် အဖြစ် စစ်ပွဲတွေ၊ ပဋိပက္ခတွေဆီ ဦးတည်သွားပါတယ်။ အဲဒီ ဆိုးရွားတဲ့ အကျိုးဆက်များကို ဘာသာဝင် အသီးသီးက လက်တွဲ ဖြေရှင်းနိုင်သလို ကြားထဲမှာ ဘာသာရေး အစွန်းရောက်တွေလည်း ပေါ်ပေါက်လာပါတယ်။ ကစားကွက်တွေ ကြားမှာ ပြည်သူတွေက သားကောင်ဖြစ်ရ၊ ပြည်သူ့ဘက်တော်သား သူရဲကောင်းတွေလည်း မွေးဖားပေး စတဲ့ အကျိုးဆက်တွေကို ကျနော် တတ်တဲ့ အနုပညာနဲ့ ပန်းချီကားတွေ အဖြစ် ရေးဖွဲ့တင်ပြတာပါ” တဲ့။
“တကယ်တော့ နိုင်ငံရေးကစားကွက် ဗျူဟာထဲ ဘာသာရေး ရောက်သွားရင် အစွန်းရောက်တွေ မွေးဖွားလာ။ အဲဒီမှာခံရတာက ပြည်သူတွေပဲ။ ဒါကြောင့် ဘာသာတိုင်း အပြန်အလှန် လေးစားပြီး ငြိမ်းချမ်းရေးကို တည်မြဲအောင် လုပ်ဖို့ လိုသလို ကစားကွက်ဗျူဟာတွေကိုလည်း သတိထားရှောင်ရှားရမယ်လို့ ထင်ပြီးပန်းချီကားတွေ ရေးဖြစ်တာပါ” လို့လည်း ပန်းချီ ဆူးထက်အောင်က ဆက်ပြောပါတယ်။
ဆူးထက်အောင်ဟာ “ဆူး” ဆိုတဲ့ အမည်နဲ့လည်း မဂ္ဂဇင်း၊ ဝတ္ထု၊ ကဗျာ သရုပ်ဖော်များ၊ ဂရပ်ဖစ်ဒီဇိုင်းများ ဖန်တီး ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်က စလို့ ပန်းချီကို တစိုက်မတ်မတ် ရေးဆွဲလာတာဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အုပ်စု ပြပွဲပေါင်း ၃၀ ကျော်၊ တကိုယ်တော် ပန်းချီပြပွဲ ၂ ကြိမ် ပြသနိုင်ခဲ့ပြီး ယခု ပြပွဲက သူ့ရဲ့ စတုတ္ထ အကြိမ် တကိုယ်တော် ပြပွဲ ဖြစ်ပါတယ်။