“F4 ချစ်သူ” လို့ လူသိများတဲ့ “Boys Over Flower” ရုပ်သံဇာတ်လမ်းနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး ဂူဟေးဆန်း (Gu Hye Sun) ဟာ သူနဲ့အတူ Blood ရုပ်သံဇာတ်လမ်းမှာ အတူသရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား အန်ဂျေဟွန်း (Ahn Jae-hyun) နဲ့ လာမယ့် မေလ ၂၁ ရက် နေ့မှာ လက်ထပ်တော့မယ်လို့ သိရပါတယ်။
အစောပိုင်းကာလတွေတုန်းက သူတို့နှစ်ဦး ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့အပေါ် သူတို့ရဲ့ အနုပညာ အေဂျင်စီများက အပြင်းအထန် ငြင်းဆန်ခဲ့ကြပေမယ့် ယခုအခါမှာ မင်္ဂလာဆောင်မယ့်ရက်ကို သတ်မှတ် ပြီးသွားပြီလို့ သိရပါတယ်။
သူတို့နှစ်ဦး လက်ထပ်မယ့် သတင်းဟာ သူတို့ရဲ့ ပရိသတ်များကြားကို ပထမဦးဆုံး ပျံ့နှံခဲ့တာကတော့ မင်းသား အန်ဂျေဟွန်းရဲ့ Instagram ကနေ ဖြစ်ပါတယ်။ သူတို့ရဲ့ ပျော်ရွှင်နေတဲ့ ဓာတ်ပုံများကို အန်ဂျေဟွန်းက သူရဲ့ Instagram မှာ တင်ခဲ့ပါတယ်။ အဲဒီလို ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီးနောက် သူတို့ရဲ့ အနုပညာအေဂျင်စီများမှ အန်ဂျေဟွန်းနဲ့ ဂူဟေးဆန်းတို့ဟာ မေလ ၂၁ ရက်နေ့မှာ လက်ထပ်ကြတော့မယ်ဆိုတဲ့ သတင်းဟာ မှန်ကန်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူတို့ဟာ မင်္ဂလာဧည့်ခံပွဲကို နှစ်ဖက်မိဘများ၊ ရင်းနှီးသောမိတ်ဆွေများ၊ ဆွေမျိုးများနဲ့သာ အကျဉ်းချုပ် ကျင်းပမှာဖြစ်ပြီး သူတို့ မင်္ဂလာဧည့်ခံပွဲအတွက် ကုန်ကျစရိတ်များနဲ့ ရရှိမယ့် လက်ဖွဲ့ပစ္စည်းတွေကို ကလေး ဆေးရုံတွေမှာ လှူဒါန်းဖို့အစီအစဉ်တွေရှိတယ်လို့ သိရှိရပါတယ်။
DramaFever သတင်းရဲ့ အဆိုအရ သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်က ရိုက်ကူးခဲ့တဲ့ “Blood” ရုပ်သံဇာတ်လမ်းမှာ တွေ့ဆုံရင်းနှီးခဲ့ပြီး ချစ်သူတွေဘဝကို ရောက်ရှိခဲ့ကြကာ ၃ လခန့် ချစ်သူများဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက် တည်မြဲတဲ့ အိမ်ထောင်ရှင်ဘဝကို ကူးပြောင်းဖို့ နှစ်ဦးစလုံးမှ သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး နှစ်ဖက် မိဘများတွေ့ဆုံခဲ့ကာ လက်ထပ်ပွဲ ကျင်းပရန် စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းသား အန်ဂျေဟွန်းက “ကျနော်တို့နှစ်ဦးဟာ အခြားစုံတွဲတွေလိုပဲ အိမ်ထောင်တခုကို နှစ်ဦးသဘောတူ တည်ထောင်ဖို့အတွက် ဆုံးဖြတ်ခဲ့ကြတယ်။ ဘဝရှင်သန်ရပ်တည်ဖို့အတွက် အခြားသူတွေကျင့်သုံးခဲ့တဲ့ နည်းလမ်းတွေကို လေ့လာကြမယ်။ တဦးနဲ့တဦး တန်ဖိုးထား လေးစားပြီး အနာဂတ်နေ့တွေကို ကျော်ဖြတ် သွားဖို့ အတူဆုံးဖြတ်ခဲ့ကြတယ်” လို့ ပြောခဲ့ကြောင်း DramaFever မှာ ဖော်ပြထားပါတယ်။
မင်းသား အန်ဂျေဟွန်းဟာ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့က မွေးဖွားခဲ့ပြီး အခုဆို အသက် ၂၉ နှစ် ရှိပါပြီ။ ၂၀၀၉ ခုနှစ် ကတည်းက မော်ဒယ်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ကြော်ငြာမော်ဒယ်အဖြစ် အောင်မြင်ခဲ့သူပါ။ ၂၀၁၃ ခုနှစ်မှာ “My Love from the Star” ရုပ်သံဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အနုပညာလောက ထဲကို ဝင်ရောက်ခဲ့သူပါ။ ၂၀၁၅ ခုနှစ်က KBS ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “Blood” ရုပ်သံဇာတ်လမ်းဟာ သူရဲ့ ပထမဦးဆုံး အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းဖြစ်ပြီး သရုပ်ဆောင် ထူးချွန်ဆု များလည်း ရရှိခဲ့ပါတယ်။
မင်းသမီး ဂူဟေးဆန်းကတော့ ၁၉၈၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက် ၃၂နှစ် ရှိပြီဖြစ်ပါတယ်။ မော်ဒယ်၊ သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က သရုပ်ဆောင်လောကမှာ စတင်ခြေချခဲ့ပြီး သူမအတွက် အအောင်မြင်ဆုံး ရုပ်သံဇာတ်လမ်းကတော့ “F4 ချစ်သူ” ရုပ်သံဇာတ်လမ်းပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ထူးချွန်ဆုအပြင် လူငယ်ဒါရိုက်တာဆုတွေလည်း ပိုင်ဆိုင်ထားသူပါ။
Ref : www.dramafever.com