ဟာသသရုပ်ဆောင် ဗေလုဝနဲ့ ထိုင်း သရုပ်ဆောင် မင်းသမီး Phatchara Thabthong တို့ “နာနာဘာဝ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတကား ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။
ဒီရုပ်ရှင်ဇာတ်ကားကြီးကို ထိုင်း၊ ဗီယမ်နမ် အစရှိတဲ့ နိုင်ငံများမှ သရုပ်ဆောင်များနဲ့ မြန်မာသရုပ်ဆောင်များ တွဲဖက်ကာ ဇာတ်လမ်းဆန်းများကို မကြာခဏဆိုသလို ရိုက်ကူးတင်ဆက်တတ်တဲ့ Myanmar Media 7 မှ ရိုက်ကူးတင်ဆက်မှာလည်း ဖြစ်ပါတယ်။
“နာနာဘာဝ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဇူလိုင် ၇ ရက်နေ့မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး ဇာတ်လမ်းကတော့ အကြည်တော်ရဲ့ ဇာတ်လမ်းဖြစ်ကာ ဒါရိုက်တာ ညီညီထွန်းလွင်က ရိုက်ကူးမှာဖြစ်ပါတယ်။
ဇာတ်လမ်းသဘောကတော့ လူသား ဗေလု၀ နဲ့ ဝိညာဉ်မိန်းကလေးတို့ရဲ့ အကြောင်းဖြစ်ပြီး လူသားရဲ့အိမ်ကို မထင်မှတ်ဘဲ ရောက်ရှိလာတဲ့ ဝိညာဉ် မိန်းကလေးက ရုပ်ဆိုးတဲ့လူသားကို ပြန်ပြီး ကြောက်လန့်ရတဲ့ ဇာတ်ကို ဟာသအဖြစ် ရိုက်ကူးသွားမှာဖြစ်တယ်လို့ Myanmar Media 7 ရဲ့ တာဝန်ရှိသူ ကိုဝေမင်းမောင်က ဧရာဝတီကို ပြောပြပါတယ်။
ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မယ့် ထိုင်းသရုပ်ဆောင် မင်းသမီး Phatchara Thabthong ဟာ မျက်နှာသစ် သရုပ်ဆောင်တဦးလည်း ဖြစ်တယ်လို့လည်း သိရပါတယ်။