နိုင်ငံခြားဇာတ်လမ်းကျောရိုးမျိုးကို အတုခိုးလို့ If Myanmar(အကယ်လို့သာ မြန်မာ) ဆိုတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားတကား မကြာသေးခင်က ထွက်ရှိလာပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင် မင်းသွေး၊ ရဲမွန် နဲ့ ယုသန္တာတင်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။
ဇာတ်လမ်းအကြောင်းကတော့ Channel 8 ဆိုတဲ့ အဖွဲ့ဝင် ၇ ယောက်ပါဝင်တဲ့ မီဒီယာအဖွဲ့တဖွဲ့ဟာ ရိုက်ကူးရေးအတွက် တောနက်ထဲကို ရောက်ရှိလာကြပါတယ်။ တောနက်ထဲက ဂူတဂူထဲမှာ အရိုးစုတစုကို တွေ့ရှိရပြီး ပြန်အထွက်မှာတော့ အဖွဲ့ဝင်ထဲက ဇော်ဇော်အောင်က နာရီတလုံးကို ကောက်ရလာခဲ့တာပါ။ အဲဒီနာရီကနေတဆင့် ဗိုင်းရပ်စ်တမျိုးပါလာကာ အဖွဲ့ဝင်များထဲမှ တယောက်ပြီးတယောက် ရုပ်ပျက်ဆင်းပျက်နဲ့သေဆုံးခဲ့ရတော့တယ်။ နောက်ဆုံးမှာ မင်းသွေးနဲ့ ယုသန္တာတင်တို့ နှစ်ဦးသာ အသက်ရှင်ကျန်ခဲ့ပြီး လွတ်မြောက်လာခဲ့တာပါ။ သို့ပေမယ့် ၂၀၄၂ ကို ရောက်တဲ့အချိန်မှာတော့ … မြန်မာပြည်ဟာ ဘယ်လိုဖြစ်သွားသလဲ ဆိုတော့…။
မြန်မာနိုင်ငံမှာလည်း တကယ်လို့သာ ဒီလို ရောဂါကူးစက်လာခဲ့မယ်ဆိုရင် ဘယ်လိုကြုံ့တွေ့ရမလဲဆိုတာမျိုးကို စိတ်ကူးယဉ် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလို့ ဆိုနိုင်ပါတယ်။
“အကယ်လို့သာ မြန်မာ” ဆိုတဲ့ ဇာတ်ကားက သမားရိုးကျဇာတ်လမ်းပုံစံတွေထဲက ခွဲထွက်လာတဲ့ပုံစံလို့ ဆိုနိုင်ပေမယ့် သိပ်ပြီး စိတ်လှုပ်ရှားစရာတော့ မကောင်းလှပါဘူး။ဒါပေမယ့် မြန်မာဇာတ်ကားတွေရဲ့ ချစ်ကြိုက်ကွဲညားပုံစံကို ကြည့်ရတာ ပျင်းလာတဲ့ ပရိသတ်တွေအတွက်ကတော့ ကြည့်လို့ အဆင်ပြေမယ့် ဇာတ်ကားတကားလို့ မြင်မိတဲ့အတွက် မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက် ဒီတပတ် အားလပ်ရက်မှာ ကြည့်စရာ ကဏ္ဍကနေ ညွန်းလိုက်ချင်ပါတယ်။