လူသားယဉ်ကျေးမှု စတင်ခဲ့ကတည်းက အတူပါလာတဲ့ အနုပညာဟာ အခုခေတ်ကာလအထိ လူသားနဲ့ အတူ ဒွန်တွဲလျက်ပါပဲ။ လူသားတို့ရဲ့ သဘာဝပန်းကျင်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို ဖန်တီးတင်ပြတဲ့ သဘာ၀၀န်းကျင်ရေးရာ အနုပညာ (Environment Art) အကြောင်း တင်ပြပါရစေ။ ခေတ်ကာလ အနေအထား၊ သဘာ၀၀န်းကျင် အနေအထားနဲ့ လူ့အဖွဲ့အစည်းရဲ့ လိုအပ်မှု စသည့်တို့ကို ထင်ဟပ်တင်ပြနိုင်တာက အနုပညာရှင်တွေပါ။ သူတို့ဆီ (အထူးသဖြင့် အနောက်တိုင်းနိုင်ငံများ) က အနုပညာစီးဆင်းမှု၊ ပြောင်းလဲမှုက Flow လို့ မခေါ်နိုင်တော့ဘဲ တဖျတ်ဖျတ်လှုပ်ခတ် Flux ဖြစ်ပေါ်နေပါတယ်။
Environment Art ဆိုတာကို ချဉ်းကပ်ယူကြတဲ့အခါ အဓိကအပိုင်း ၂ ပိုင်း ပါဝင်နေတာကို တွေ့ရပါတယ်။ သဘာ၀ ဝန်းကျင်ဆိုင်ရာ အနေအထားနဲ့ အဲဒီသဘာ၀ ဝန်းကျင်အပေါ် သက်ရောက်မှု ရှိစေတဲ့ နိုင်ငံရေး၊ သမိုင်းနဲ့ လူမှုအခြေခံ အရေးတွေ ပါဝင်နေပါတယ်။
ဘယ်လိုပဲ အဓိပ္ပာယ်ဖွင့်ဆိုမှု ရှိနေကြပါစေ၊ သဘာ၀ ဝန်းကျင်ရေးရာ အနုပညာမှာတော့ အစောပိုင်း ကာလတွေတုန်းက ဆိုရင် ရှုခင်းပုံ ပန်းချီကားတွေနဲ့ သဘာ၀၀န်းကျင် အနေအထားကို ပြန်လည် တင်ပြတာတွေ ရှိခဲ့ပါတယ်။ အနုပညာရှင် (Artist) ဟာ နေရာဒေသ တခုခုကို ရေးဆွဲ တင်ပြထားတယ် ဆိုပါတော့၊ အဲဒီလို တင်ပြရေးဆွဲတာဟာ သဘာ၀၀န်းကျင် အနေအထားနဲ့ ရာသီဥတုက ပြုပြင်ပြောင်းလဲ သွားစေတာကို ဆက်နွှယ် တင်ပြပေးတာပါ။ အဲဒီလို တင်ပြလိုက်ခြင်းအားဖြင့် ခံစားကြည့်ရှုသူ အနေနဲ့ အနီးကပ် ထိစပ်ပြီး သတိပြု လေ့လာမိစေဖို့အထိ တင်ပြကြပါတယ်။
တကယ်တော့ အခုလို သဘာ၀ ဝန်းကျင်ရေးကို အလေးထား တင်ပြလာကြတာက ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်များကြား နှစ်ကာလတွေထဲမှာ လှုပ်ရှားမှုအသွင်နဲ့ကို ဖြစ်တည် တင်ပြလာခဲ့တာပါ။ အစောပိုင်းမှာတုန်းက ပန်းပုလက်ရာတွေနဲ့ ပိုပြီး ဆက်စပ်ခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ Site specific art, Land art, Systems art နဲ့ Plop art စသည်ဖြင့် ရိုးရာဟန် အနုပညာ ဖန်တီးတင်ပြမှု ပုံစံနဲ့ သဘာ၀ ဝန်းကျင်ဆိုင်ရာတို့ကို လိုက်လျောညီထွေ ဖြစ်အောင် တွဲစပ် တင်ပြတာပါပဲ။
၁၉၆၈ ခုနှစ် အောက်တိုဘာလ ထဲမှာတော့ ရောဘတ် စမစ်ဆန် (Robert Smithson) နဲ့ မိတ်ဆွေတွေဟာ ပြပွဲတခုလုပ်ဖို့ ဦးဆောင် စုစည်းခဲ့ပါတယ်။ နယူယောက်မြို့ရှိ Dawn အနုပညာပြခန်းမှာ ရိုးရိုးရှင်းရှင်း Earthworks အမည်နဲ့ ပြဖို့ပါ။ ဖန်တီးတင်ပြထားတဲ့ လက်ရာတွေက ဖြောင့်ဖြောင့်ကြီး ကွဲပြားနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အတော်ကြီးမားတဲ့ လက်ရာတွေ ဖြစ်နေတာရယ်၊ ဝယ်ယူစုဆောင်းဖို့ရာ ထားဖို့နေရာ အခက်အခဲတွေပါ တွေ့လာကြရတဲ့အပြင် ဓာတ်ပုံလောက်နဲ့ပဲ ပြန်ပြနိုင်ကြတာတွေလည်း ပါဝင်လာတာကြောင့်ပါ။ ဒါတွေဟာ အနုပညာရှင်တွေ ပြန်ရတဲ့အကျိုးက အလွန်နည်းပါးတာကို ပြနေတာပါ။ ဒီလို အနုပညာရှင်တွေကလည်း ပြခန်းတွေ ကနေ၊ ခေတ်ပေါ် သီအိုရီတွေကနေ လွှဲဖယ်ထားရစ်ခဲ့ပြီး မြို့ပြနေရာတွေက ထွက်ခွာလာကာ ကျယ်ပြန့်တဲ့ သဲသောင် ကန္တာရတွေမှာ သူတို့ အနုပညာကို ဖန်တီးလုပ်ကိုင်တင်ပြ ကြပါတော့တယ်။
သူတို့ဟာ ကုန်းမြေရှုခင်း သက်သက်ကို ပြနေကြတာ မဟုတ်၊ အဲ့ဒီကုန်းမြေနဲ့ နွှယ်ဆက်ဖြစ်ပျက်နေတဲ့ အကြောင်း တရားတွေကို တင်ပြနေတာပါ။ ရိုးရိုးရှုခင်းထက် အဲ့ဒီမှာ တခုခု (ကောင်းမွန်လာစေချင်တဲ့) အနေအထား တရပ်ကနေ တင်ပြတာပါ။
ဒီလို ပြောင်းလဲ တင်ပြလာတာဟာ ပန်းပုတွေ၊ ရှုခင်းပုံပန်းချီတွေနဲ့ တခြားဆက်နွှယ်နေတဲ့ အနုပညာပုံဖော် ဖန်တီး တင်ပြမှုတွေကို တင်ပြနေကျ အနေအထား ပုံစံဟောင်းက ခွဲထွက်လာတာပါ။ ပြီးတော့ အနုပညာကို တင်ပြရာမှာ ပြပွဲတွေ ပြခန်းတွေမှာ လုပ်ကိုင် တင်ပြတာတွေနဲ့လည်း လမ်းခွဲထွက်လာတာလို့လည်း ဆိုနိုင်ပါတယ်။
ဒီလို အနုပညာတင်ပြမှု ပုံစံ ပြောင်းလဲလာတာက အနုပညာအတွက် နေရာသစ်တွေကို ချဲ့ထွင်နိုင်ခြင်း၊ အနုပညာနဲ့ ဆက်နွှယ်တဲ့ မှတ်တမ်းမှတ်ရာတွေ ပါဝင်လာခြင်း၊ ပြီးတော့ တွေးထောင့် (Conceptualized) ပါဝင်အောင် တင်ပြလာခြင်းတွေလို့ ဆိုရမှာပါ။ အစောပိုင်း ၁၉၇၀ ခုနှစ်များ အကုန်ပိုင်းမှာ တုန်းက အမေရိကန် အနောက်ပိုင်း ကန္တာရတွေမှာ သွားရောက် ပြုလုပ်ပြသခဲ့ရာကနေ ၁၉၈၀ ခုနှစ် အစောပိုင်း ကာလများမှာတော့ အနုပညာ ဖန်တီး တင်ပြမှုဟာ လူထုနဲ့ ပိုမိုထိစပ်တဲ့ အနေအထားကို ရွေ့လျား ပြောင်းလဲ လာခဲ့ပါတယ်။
ရောဘတ် မောရစ် (Robert Morris) လို အနုပညာရှင်တွေဟာ ပြည်နယ်အုပ်ချုပ်ရေး အဖွဲ့နဲ့ Public art commission ကို အများပြည်သူ မြင်သာထင်ရှားရှိတဲ့ နေရာတွေမှာ အနုပညာ ဖန်တီးတင်ပြမှုတွေ ပြုလုပ်လိုကြောင်း တင်ပြပြီး လုပ်ကိုင်တင်ပြလာတာ တွေ့ရပါတယ်။ ဟားဗတ် ဗေယာ (Herbert Bayer) ကလည်း အဲဒီလိုပဲ ကြိုးပမ်းခဲ့ပြီး သူ့ရဲ့ Mill Creek Canyon Earthworks ကို ၁၉၈၂ ခုနှစ်မှာ တင်ဆက်နိုင်ခဲ့ပါတယ်။ ဒီလို အနုပညာတင်ပြမှုတွေ ပြုလုပ်ဖို့ အတွက် အခက်အခဲတွေ အများကြီး ကျော်ဖြတ်ရပါတယ်။ ဖန်တီး တင်ပြထားတဲ့ လက်ရာတွေ ရေရှည်ခံဖို့ ဖျက်ဆီးမခံရဖို့ စသည်ဖြင့်ပါပဲ။
သဘာ၀၀န်းကျင် အနုပညာထဲမှာ ထပ်ဆင့် ပါဝင်လာတာက မြို့ပြရှုခင်းတွေ ထည့်သွင်း ဖန်တီးတင်ပြလာတာပါ။ မြေပြင်နဲ့ ဆက်နွှယ်တဲ့ကုန်းမြေတွေ၊ သဲကန္တာရတွေကို ဖန်တီးတင်ပြခဲ့ကြသလို မြို့ပြ ကြီးမားကျယ်ပြန့်လာမှု၊ လူဦးရေ မြင့်တက်လာမှုနဲ့ တခြား ဆက်နွှယ် ဝန်းကျင်ရေးရာတွေလည်း ပါဝင်လာပါတယ်။ အဲဒီမှာ ဝန်းကျင်ရေးရာ အပေါ် အမြင် သဘောထားနဲ့ သိမြင် တွေးထင် ယူဆချက်တွေလည်း ပါဝင်အောင် စေ့ဆော်ပေးတဲ့ ဖန်တီးမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာပါတယ်။ သူတို့ရဲ့ လက်ရာတွေကို ပရိတ်သတ် များစွာ လာရောက် ကြည့်ရှုနိုင်အောင်လည်း စီစဉ်ပေးရပါသေးတယ်။
သို့ပေမယ့် သဘာ၀ ဝန်းကျင် အနုပညာရှင်တွေ ကတော့ သူတို့ဟာ လာရောက် ကြည့်ရှုခံစားပြီး ပြန်သွားတဲ့ ပရိသတ်မျိုးထက် တကယ့်ကို တခြားတခြားသော လူအများလည်း ပါဝင်ကြည့်ရှုနိုင်စေဖို့အထိ ကျယ်ပြန့်စေချင် ကြပါတယ်။ လိုအပ်ရင် ဘာကြောင့် ဘယ်လို စသည်ဖြင့် ရည်ရွယ်ချက်နဲ့ ဖန်တီးတင်ပြမှုတွေကို တွေ့ဆုံမေးမြန်းတာ ဖြစ်ဖြစ်၊ စာရေးပြီး မေးတာဖြစ်ဖြစ် ရှိစေချင်တာပါပဲ။