ပြည်တွင်း ကားဈေးကွက်မှာ လျှပ်စစ်ကားတွေရဲ့ နေရာရမှု ဆိုတာ ရာခိုင်နှုန်းနဲ့ ပြောမယ် ဆိုရင်တောင် ၁ ရာခိုင်နှုန်းတောင် မရှိတဲ့ အနေအထားဖြစ်ပေမယ့် နိုင်ငံတကာ အနေအထားမှာ ပြောင်းလဲ လာတဲ့ ကား ဈေးကွက် အရွေ့အနေအထားမှာတော့ Hybridတွေ လျှပ်စစ်ကားတွေရဲ့ ဈေးကွက် တော်တော်လေး အား ကောင်း လာတာပါ။
နိုင်ငံတော်တော်များများ၊ အထူးသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံ အများစုမှာ ဒီလို ကားတွေအတွက် အလေးပေးမှုပါ အားကောင်း လာနေသလို ပုံမှန် ပေါက်ကွဲ အင်ဂျင်တပ် မော်ဒယ်တွေ နေရာ ပျောက်လာဖို့တောင် ရှိနေပါ တယ်။
၂၀၁၀ခုနှစ် ဝန်းကျင်လောက်ကနေ စပြီး ခေတ်စားလာတဲ့ လျှပ်စစ်ကားတွေရဲ့ ပထမမျိုးဆက်ဖြစ်တဲ့ Nissan Leafတွေ ပြည်တွင်းကို ဝင်ရောက်လာပါတယ်။ဒါပေမယ့် လမ်းကြောင်းစုံ မောင်းနှင်နိုင်မှု အားနည်းချက်တော့ ရှိပါတယ်။
မြို့တွင်း သီးသန့်လောက်ပဲ သုံးမယ်၊ မြန်နှုန်းမြင့်စရာ မလိုဘူး၊ ဝန်တင်ခိုင်းဖို့လည်း မဟုတ်ဘူး၊ ရုံးတက် ရုံးဆင်းလောက်ပဲ သုံးမယ် ဆိုရင်တော့ Leafက အဆင်ပြေမှာပါ။ ပြည်တွင်းကို ဝင်ရောက်နေတဲ့ လ ျှပ် စစ်ကားတွေက အသစ်တွေမဟုတ်ဘဲ တပတ်ရစ်ကားတွေဖြစ်ပါတယ်။
ဒါကြောင့် လျှပ်စစ်ကား ဝယ်မယ်ဆိုရင် ကားကို ဘယ်လောက် ခိုင်းထားသလဲ ဆိုတဲ့ မောင်းနှင်ပြီး ကီလိုကို တစ်ချက်ကြည့်မယ်။ နောက်တစ်ချက် ဘက်ထရီ သက်တမ်း၊ တချို့က ခရီးဘယ်လောက် မောင်းနှင်နိုင်မလဲ စစ်ကြတယ်၊ တချို့က ဘယ်လောက် အားသွင်းရင် ဘယ်လောက် အချိန်ကြာ ပြန်ခံနိုင်မလဲ ကြည့်ကြတယ်။
အကောင်းဆုံး နည်းလမ်း တစ်ခု ပြောရရင်တော့ ညဖက် အားတစ်ခါ သွင်းထားတိုင်း ဘက်ထရီက ဘယ်လောက် အချိန်ကြာအောင် အားထိန်းထားပေးနိုင်မလဲ ဆိုတာ စစ်ဆေးသင့်သလို အားအပြည့် သွင်းထားတိုင်း ဘယ်နှစ်မိုင်လောက် စီးနိုင်မလဲ စစ်ဆေးပါ။ ဒီအတွက် စစ်ဆေးဖို့ အချိန် နည်းနည်းပေးရပါတယ်။
လျှပ်စစ်ကားရောင်းမယ် ရောင်းလက်တိုင်း စိတ်ရှည်ပေးကြပါတယ်။ ကိုယ်ထည်တွေ၊ ဆေးသားတွေ၊ အောက်ဖက်အထိုင်တွေ၊ အပြင်အဆင်တွေ၊ အကူစနစ်တွေ၊ စသဖြင့်ပေါ့ စိတ်ကြိုက် ဖြစ်နေပြီ ဆိုရင် တရက်လောက် အချိန်ပေးပြီး ကားကို အားအပိုင်းနဲ့ ပတ်သက်ပြီး စစ်ပါ။
ဈေးကွက်မှာတော့ မောင်းနှင်ပြီး ကီလို ၂သောင်း ဝန်းကျင်ကနေ ၅သောင်းကျော်လောက်ထိအောင် ရှိတဲ့ မော်ဒယ်တွေ အတွေ့ရများပါတယ်။ ကီလို အပေါ်မှာ ဈေးစကား နည်းနည်း ပြောတာ တွေ့ရသလို အရောင် အပေါ်မှာလည်း ဈေးကွာပါတယ်။ ပြည်တွင်းမှာတော့ အဖြူဆိုတာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေပါတယ်။
Autoစနစ်နဲ့ မောင်းနိုင်မယ်၊ ညာမောင်း မော်ဒယ် အဖြစ်လာတယ်၊ ခရီးသည် ၅ယောက်ထိအောင် စီးနင်း နိုင်မယ်၊ အတွင်းခန်း တပ်ဆင် ပစ္စည်း အစုံပါမယ်၊ Air Con ပါမယ်။ TVပါမယ်၊ DVDလောက် ထိအောင်ပါ ထည့်ထားပေးကြတယ်။ ဈေးကွက်မှာ အတွေ့ရ အများဆုံးကတော့ ၂၀၁၁ခုနှစ် ဝန်းကျင်ထုတ် မော်ဒယ်တွေ ဖြစ်ပြီး သူတို့က သိန်း ၁၇၀လောက် ဈေးခေါ်တာ တွေ့ရပြီး အဖြူ မဟုတ်တဲ့ အရောင်လေး တစ်ခုကို လက်ခံနိုင်မယ် ဆိုရင် ဈေးနည်းနည်း ပိုပြီး ချိုနိုင်မှာပါ။