ကမ္ဘာကျော် ဖက်ရှင်မဂ္ဂဇင်းများဖြစ်တဲ့ ELLE နဲ့ Vogue မဂ္ဂဇင်းများကနေ ကိုရီယားရဲ့နတ်ဘုရားမအဖြစ် တင်စားလေ့ရှိတဲ့ မင်းသမီး ရှင်မင်းအယ် (Shin Min-a) တယောက် သူနဲ့အတူ Giordano ဖက်ရှင်တံဆိပ်ကို ကြော်ငြာရိုက်ကူးခဲ့တဲ့ တက်သစ်စ သရုပ်ဆောင်မင်းသား ဂင်ဝူးဘင် (Kim Woo-Bin) နဲ့ တိုးတိုးတိတ်တိတ် ချစ်သူတွေဖြစ်နေကြပြီလို့ သတင်းထွက်နေပါတယ်။
ဂင်ဝူးဘင်ဟာ မကြာသေးခင်က မင်းသား လီဗြောင်ဟွန်း၊ ဂန်ဒေါင်ဝင်တို့နဲ့အတူ The Master ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီး လတ်တလောမှာ ဆယ်ကျော်သက် မိန်းကလေးတွေကြား ရေပန်းစားနေတဲ့ ကိုရီးယား သရုပ်ဆောင် မင်းသားတဦးလည်း ဖြစ်ပါတယ်။
သူတို့နဲ့ ရင်းနှီးသူများက ရှင်မင်းအယ်နဲ့ ဂင်ဝူးဘင်တို့ဟာ လွန်ခဲ့တဲ့ ၂လခန့် ကတည်းက ချစ်သူတွေ ဖြစ်ခဲ့တယ်လို့ ခန့်မှန်းနေကြပြီး ကြော်ငြာအတူတွဲရိုက်ရင်း ရင်းနှီးခဲ့ရာကနေ ချစ်သူတွေ ဖြစ်ခဲ့ပုံရတယ်လို့ ဆိုကြပါတယ်။
ဂင်ဝူးဘင်ရဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ Sidus HQ မှ အဆိုပါ ကောလဟလနဲ့ ပတ်သက်ပြီး “သူတို့နှစ်ဦးစလုံးက အရမ်းရင်းနှီးကြတဲ့ ခံစားချက်တွေရှိနေကြပါတယ်။ သူတို့ဟာ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ် ဖြစ်တဲ့ Giordano ကို ရိုက်ကူးပြီးနောက် ရင်းနှီးမှုတွေက ပိုမိုခဲ့တာကို တွေ့ရတယ်။ သူတို့ကြားမှာ နွေးထွေးတဲ့ဆက်ဆံရေးတွေလည်း ရှိနေပါတယ်။ အဲ့ဒီလိုကနေ ချစ်သူတွေလည်း ဖြစ်သွားနိုင်ပါတယ်” လို့ မတင်မကျ ပြောခဲ့ပါတယ်။
ရှင်မင်းအယ်ရဲ့ အနုပညာအေဂျင်စီကလည်း Sidus HQ ရဲ့ ပြောကြားချက်အပေါ် ငြင်းဆန်ခြင်းမရှိပါဘူး။
ရှင်မင်းအယ်က အသက် ၃၁ နှစ် ရှိပြီဖြစ်ပြီး သူ့ကို ပရိသတ်များက စတင်သတိထားမိစေတာကတော့ “My Love My Bride” ရုပ်သံဇာတ်လမ်းမှာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အောင်မြင်ခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွေကတော့ “Arang and the Magistrate” ၊“A Love to Kill” ၊ “My Girlfriend Is A Gumiho” စတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး မကြာခင်မှာ ကိုရီးယား ထိပ်တန်း သရုပ်ဆောင်တဦးဖြစ်တဲ့ ဆိုဂျီဆပ်နဲ့ တွဲဖက်ပြီး “Oh My God” ရုပ်သံ ဇာတ်လမ်းကို ရိုက်ကူးမယ်လို့ သိရပါတယ်။
ဂင်ဝူးဘင်ကတော့ အသက် ၂၆ နှစ် ရှိပြီဖြစ်ကာ သူ့ကို ပရိသတ်များက စတင်သတိထားမိခဲ့တာကတော့ လီမင်ဟို၊ ဘတ်မင်ယောင်းတို့နဲ့ တွဲဖက်ရိုက်ကူးခဲ့တဲ့ “The Heirs” ရုပ်သံဇာတ်လမ်းဖြစ်ပြီး နောက်ဆုံး ရိုက်ကူးခဲ့တာကတော့ “The Master” ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်စလုံးက ယခင်ကတော့ ချစ်သူဟောင်းတွေရှိခဲ့ဖူးတယ်လို့ သတင်းတိုးတိုးတိတ်တိတ် ထွက်ခဲ့ဖူးပါတယ်။ ယခုအခါမှာတော့ သူတို့နှစ်ဦးချစ်သူတွေဖြစ်နေပြီဆိုတာ ကိုယ်တိုင် ဝန်ခံခြင်း မရှိသေးပေမယ့် သူတို့ချစ်သူတွေဖြစ်နေပြီ ဆိုတာကို သေချာစေတဲ့ သူတို့နှစ်ဦး ချိန်းတွေ့ထားကြတဲ့ ဓါတ်ပုံတွေဟာ သတင်းထောက်တွေဆီမှာ ရှိနေပြီး သူတို့ရဲ့ အေဂျင်စီများက မထုတ်ပြန်ဖို့ တားမြစ်ထားမှုတွေ ရှိတယ်လို့ သိရပါတယ်။
သူတို့ဟာ မကြာခဏဆိုသလို ချိန်းဆို တွေ့ဆုံမှုတွေရှိသလို အဲဒီလိုတွေ့တဲ့အခါမှာ လူသူကင်းရှင်းတဲ့ နေရာများကို ရွေးချယ်ကြလေ့ရှိပြီး ဆုံတွေ့ကြတဲ့ အခါတိုင်းမှာ ဂင်ဝူးဘင်က ရှင်မင်းအယ်ရဲ့ ကိုယ်လုံးကို မြှောက်ချီလေ့ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
ကိုရီးယားသရုပ်ဆောင် မင်းသား၊ မင်းသမီးများဟာ ရုပ်သံဇာတ်လမ်းများ ကြော်ငြာများကို အတူရိုက်ကူးကြရင်း ချစ်သူတွေဖြစ်ခဲ့ကြသူတွေ များပါတယ်။ သို့သော်လည်း သူတို့ရဲ့ အချစ်ဇာတ်လမ်းများကို ဖုံးကွယ်ထားလေ့ရှိကြပြီး လက်ထပ်ရန်အစီအစဉ်ရှိမှသာ တရားဝင်တွဲလေ့ရှိပါတယ်။ တခါတရံမှာတော့ သူတို့ဟာ ရုတ်တရက်ဆိုသလို လက်ထပ်ပွဲများကို ကြေညာလေ့ရှိပါတယ်။
အခုလည်း ထိပ်တန်းသရုပ်ဆောင်မင်းသမီးဖြစ်တဲ့ ရှင်မင်းအယ်နဲ့ တက်သစ်စမင်းသား ဂင်ဝူးဘင်တို့ရဲ့ အချစ်ရေး သတင်းကတော့ သိုးသိုးသန့်သန့်ထွက်လာပြီဖြစ်ပါတယ်။ ဘယ်အချိန်မှာ တရားဝင် ချစ်သူတွေအနေနဲ့ တွဲကြမလဲ၊ လက်ထပ်ပွဲကို အလျှင်အမြန်ပဲ ကျင်းပဖြစ်ကြမလား၊ ဒါမှမဟုတ် အချစ်ဇာတ်လမ်းဟာ မှေးမှိန်တဲ့ သတင်းတပုဒ် ဖြစ်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Ref : kdramastars.com