Toyota က ထုတ်လုပ်တဲ့ RAV-4 ဟာ နိုင်ငံတကာမှာလည်း အောင်မြင်ကျော်ကြားပြီး ဈေးကွက် ဝေစု အများ အပြားရထားသလို မြန်မာ့ကားဈေးကွက်မှာလည်း လူစီးများသလို မော်ဒယ်နိမ့်၊ မြင့် အစုံ လူကြိုက်များကြတာပါ။ မြန်မာ့ဈေးကွက်မှာတော့ တပတ်ရစ် ကားတွေအဖြစ် Toyota RAV-4 က ဝင်ရောက်လာတာဖြစ်ပါတယ်။
မော်ဒယ်အနေနဲ့ မှတ်တမ်းဝင်မှု အနေအထားမှာတော့ ဂျပန်ထုတ် ပထမဆုံး Compact SUVမော်ဒယ် အနေနဲ့ ဂျပန်မှာရော ဥရောပမှာပါ မိတ်ဆက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပမှာတော့ ၁၉၉၄ခုနှစ်နဲ့ မြောက်အမေရိကမှာတော့ ၁၉၉၅ခုနှစ်တွေမှာ မိတ်ဆက်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဆိုပါ RAV-4အနေနဲ့ ဈေးကွက်မှာ ပြိုင်ဖက် အနေနဲ့ Ford Escapeမော်ဒယ်နဲ့ Subaru Foresterတွေကို အကောင်းဆုံး ပြိုင်ဆိုင်နေရတာ တွေ့ရပါတယ်။
မော်ဒယ်ရဲ့ ပထမ မျိုးဆက် (XA10)ကိုတော့ RAV-4 EVလို့လည်း ခေါ်ကြသလို ၁၉၉၄ခုနှစ်ကနေ ၂၀၀၀ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV-4နဲ့ ၁၉၉၇ခုနှစ်ကနေ ၂၀၀၃ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ RAV-4 EVမော်ဒယ်တွေကို ခေါ်တာ ဖြစ်ပါတယ်။ မော်ဒယ် နှစ်အနေနဲ့ကတော့ ၁၉၉၅ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီးတော့ ၂၀၀၀ခုနှစ် မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ရှိတဲ့ စက်ရုံတွေမှာပဲ တပ်ဆင် ထုတ်လုပ်တာ ဖြစ်ပြီးတော့ အဆိုပါ မျိုးဆက်မှာ ဆိုရင် တံခါးသုံးပေါက်စနစ် Wagonပုံစံနဲ့ တံခါးငါးပေါက်စနစ် Wagonတွေလည်း ထုတ်လုပ်တာ တွေ့ရသလို တံခါးသုံးပေါက်စနစ် အမိုးဖွင့် မော်ဒယ်တွေ အနေနဲ့လည်း ထုတ်လုပ်သေးတာ တွေ့နိုင်ပါတယ်။ ဒီမျိုးဆက်မှာတော့ ၂ ဒသမ ဝလီတာသုံး ဓါတ်ဆီသုံး အင်ဂျင်စနစ်တွေကိုပဲ တပ်ဆင် ထုတ်လုပ်ခဲ့တာ တေ့ွနိုင်ပြီး Transmissionပိုင်းမှာက လေးချက် Autoနဲ့ ငါးချက် Manualစနစ်တွေနဲ့ တပ်ဆင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။
ဒုတိယမျိုးဆက် (XA20)ကိုတော့ ၂၀၀၀ခုနှစ်ကနေ ၂၀၀၅ခုနှစ်ထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို သတ်မှတ်တာဖြစ်ပြီး Toyota RAV-4 J အနေနဲ့ရော RAV-4 L အနေနဲ့ပါ လူသိများပါတယ်။ ဒါကတော့ ဈေးကွက် အနေအထားအရ အခေါ်အဝေါ် ကွဲပြားတာဖြစ်ပါတယ်။ မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၁ခုနှစ် မော်ဒယ် အနေနဲ့ စတင် ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ၂၀၀၅ခုနှစ် မော်ဒယ်ထိအောင် ထုတ်လုပ်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီမျိုးဆက်ကိုလည်း ဂျပန်မှာပဲ ထုတ်လုပ်တာတွေ့ရပြီး ကိုယ်ထည်ပိုင်းမှာက တံခါးသုံးပေါက် စနစ် Wagonအဖြစ်နဲ့ရော တံခါးငါးပေါက်စနစ် Wagonအဖြစ်နဲ့ပါ ထုတ်လုပ်ခဲ့ပြီး အမိုးဖွင့် မော်ဒယ်ကို ရပ်နားလိုက်တာ တွေ့ရပါတယ်။
အင်ဂျင်ပိုင်းမှာတော့ ရွေးချယ်နိုင်စရာ များလာပြီး ၁ ဒသမ ၈လီတာသုံး အင်ဂျင်တွေ ထုတ်လုပ်လာတဲ့ အပြင် ၂ ဒသမ ဝလီတာသုံးကနေ ၂ ဒသမ ၄ လီတာသုံးထိအောင် ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။ Transmissionပိုင်းမှာလည်း ငါးချက် Manualစနစ်နဲ့ လေးချက် Autoတွေကိုပဲ ထုတ်လုပ်တာ တွေ့ရဆဲပါ။
တတိယမျိုးဆက် (XA30)ကတော့ ဂျပန်မှာ Toyota Vanguardလို့ လူသိများပြီးတော့ ၂၀၀၅ခုနှစ် နိုဝင်ဘာလမှာ စတင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ကနေ ၂၀၁၂ခုနှစ် ဒီဇင်ဘာထိအောင် ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်တွေကို ပြောတာပါ။ ဒါပေမယ့် အဆိုပါ တတိယ မျိုးဆက်က ဂျပန်ကနေ ပြည်ပကို ပို့တဲ့ မော်ဒယ်တွေကိုပဲ ဖြစ်ပြီးတော့ လက်ရှိထိအောင် ဂျပန်မှာတော့ တတိယမျိုးဆက်ကိုပဲ လက်ရှိအချိန်ထိအောင် ထုတ်လုပ်ရောင်းချနေတာ တွေ့ရဆဲပါ။
မော်ဒယ်နှစ် အနေနဲ့ကတော့ ၂၀၀၆ခုနှစ်ကနေ ၂၀၁၂ခုနှစ်ထိအောင် ထုတ်လုပ်တဲ့ မော်ဒယ်တွေကို ပြောတာ ဖြစ်ပြီးတော့ ဂျပန်က စက်ရုံနှစ်ရုံ အပြင် ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပါ ထုတ်လုပ်လာပါတယ်။ ဒီမျိုးဆက်မှာတော့ တံခါးငါးပေါက်စနစ် Wagonအဖြစ်နဲ့ပဲ ထုတ်လုပ်တော့တာ တွေ့ရပြီး တည်ဆောက်မှု ပုံစံ အသစ်ဖြစ်လာသလို Toyota New MC Platformနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။
အခု မော်ဒယ်မှာတော့ အင်ဂျင်ပိုင်းမှာ ၂ ဒသမ ဝလီတာသုံးကနေ ၃ ဒသမ ၅လီတာသုံးထိအောင် အင်ဂျင် အမျိုးအစား ၈မျိုးထိအောင် ရွေးချယ်နိုင်ဖို့ ထုတ်လုပ်လာတာ တွေ့ရသလို Transmissionပိုင်းမှာလည်း ၆ချက်နဲ့ ၅ချက် Manual စနစ်တွေကို ထုတ်လုပ်လာသလို ၄ချက်၊ ၆ချက်နဲ့ ၅ချက် Autoစနစ်တွေကိုလည်း ထုတ်လုပ်လတာ တွေ့နိုင်ပါတယ်။
နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ စတုတ္ထမျိုးဆက် (XA40) ကတော့ ၂၀၁၂ခုနှစ် ဒီဇင်ဘာကနေ အခုချိန်ထိအောင် ထုတ်လုပ် နေတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ မော်ဒယ် နှစ်အနေနဲ့ကတော့ ၂၀၁၃ခုနှစ်ကနေ စတင် ထုတ်လုပ်ခဲ့တာပါ။ ဂျပန်၊ ကနေဒါနဲ့ တရုတ်နိုင်ငံတွေမှာပဲ ထုတ်လုပ်တာ တွေ့ရပါတယ်။ တံခါးငါးပေါက်စနစ် Wagonလို့ ခေါ်ရမယ့် SUVတွေ အဖြစ်နဲ့ပဲ ဆက်လက်ထုတ်လုပ်နေတာ တွေ့နိုင်သလို ၂ဒသမ ဝလီတာ၊ ၂ ဒသမ ၂လီတာနဲ့ ၂ ဒသမ ၅လီတာသုံး ဒီဇယ်နဲ့ ဓါတ်ဆီ အင်ဂျင်တွေ အဖြစ်နဲ့ ထုတ်လုပ်လာတာ တွေ့နိုင်သလို Transmissionပိုင်းမှာတော့ ပြန်လည် လျော့ချပြီး ၆ချက် Autoနဲ့ Manualစနစ်တွေနဲ့ ထုတ်လုပ်သလို ထူးခြားချက် အနေနဲ့ကတော့ အခု နောက်ပိုင်း ခေတ်စားနေတဲ့ စနစ် ဖြစ်တဲ့ CVTစနစ်ကိုပါ ထုတ်လုပ်လာတာ တွေ့နိုင်ပါတယ်။