နာရေးယာဉ်များကို အသုံးပြု၍ သစ်သယ်ယူခြင်း၊ တရားမဝင်ကုန်စည်များအပါအဝင် ကုန်များ သယ်ယူခြင်း၊ ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုမှုများကို တိုင်ကြားနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။
မေလ ၂၅ ရက်နေ့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မန္တလေးခရိုင်ရှိ လူမှုကူညီရေး အသင်းအဖွဲ့ ၁၈၀ ကျော်တို့ဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရာ ၎င်းပွဲတွင် ဝန်ကြီးချုပ်က ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
“နာရေးကားတွေကို အလွဲသုံးစားလုပ်နေတာတွေရှိလို့ စိစစ်ပေးပါဆိုပြီး ကျနော်ကို တောင်းဆိုထား တာတွေရှိပါတယ်။ ဒါပေမယ့် တိုင်တဲ့သူရှိတိုင်း စစ်လို့မရပါဘူး။ ဒါကြောင့် သက်သေနဲ့တင်ပါ၊
စာနဲ့တင် ပေးပါ” ဟု ပြောသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)တွင် နာရေးယာဉ်အဖြစ် လိုင်စင်လျှောက်ထားကာ ၎င်းယာဉ်များအတွက် HSE ယာဉ်နံပါတ်ထုတ်ပေးထားပြီး HSE နံပါတ်ယာဉ်များအား ကိုယ်ကျိုးစီးပွား အတွက် အသုံးပြုနေခြင်း၊ သစ်နှင့် တခြားကုန်စည်များ တရားမဝင် တင်ဆောင်ခြင်းရှိနေကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် လူမှုကူညီရေးအသင်းအချို့က ထောက်ပြပြောဆိုခဲ့သည်။
ချမ်းမြသာစည်မြို့နယ် မနောကြာဖြူလူမှုကူညီရးအသင်း၏ အတွင်းရေးမှုးဦးခင်စိုးက “နာရေးယာဉ်ဆိုရင် Dead Body တင်နိုင်ဖို့အတွက် ၇ ပေပြည့်မှ လိုင်စင်ချပေးတယ်သာ ပြောတယ်၊ တချို့ဇိမ်ခံအိမ်စီးကား တွေလည်း
အဲဒီ နံပါတ် တွေနဲ့ သွားလာနေကြတာတွေ တွေ့နေရတယ်” ဟု ပြောသည်။
၂၀၁၄ ခုနှစ် ဇွန်လက ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နာရေးယာဉ် (နိဗ္ဗာန်ယာဉ်)များကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဖြေလျှော့မှုများ ပြုလုပ်ကာ အစီးရေ ၅၀၀၀ ခန့် လိုင်စင်ချထားပေးခဲ့ရာ မန္တလေးတိုင်းတွင် အစီးရေ ၁၈၄၀ ခန့် ခွင့်ပြုခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အင်ဂျင်နီယာမှုးကြီး ဦးဆောင်းက ပြောသည်။
ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က “ကျနော်ဆီ အချိန်မရွေးစာတင်ပါ၊ သတင်းပေးပါ၊ သတင်းပေးတဲ့သူကို လည်း အကာအကွယ်ပေးပါ့မယ်” ဟု ပြောသည်။