ရုပ်ရှင်အနုပညာလောကမှာ နှစ်ပေါင်းများစွာ ရပ်တည်လာနိုင်ခဲ့ပြီး အကယ်ဒမီများလည်း ရရှိထားပြီးဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ စိုးမြတ်သူဇာက အောင်မြင်ချင်တဲ့ သရုပ်ဆောင်အသစ်တွေအနေနဲ့ စာများများ ဖတ်ကြဖို့ ပြောဆိုလိုက်ပြီး လတ်တလောမှာ သူ့အနေနဲ့တော့ စာလည်း မဖတ်ဖြစ်သလို ရေးလည်းမရေးဖြစ်သေးဘူးလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။
“စာရေးချင်တယ်။ မရေးဖြစ်သေးတာ ပြောရရင် ဂိမ်းတွေဆော့နေတာလေ။ ဂိမ်းငါးခုလောက်ကို iPad ထဲထည့်ပြီး တလှည့်စီဆော့နေတာ။ ကိုယ့်အတွက်လည်း အကျိုးမရှိဘဲ အဲ့ဒါတွေလုပ်နေတာ ပြန်ပြင်ရဦးမယ်။ စာလည်းမဖတ်ဖြစ် မရေးဖြစ်ဘူး ဖြစ်နေတာလေ။ အဲဒီတော့ ဆင်ခြင်ပါ့မယ်။ ကိုယ့်ဘာသာပြောတာပါ” လို့ နောက်ထပ် စာတွေ ရေးဖြစ်ဦးမလားဆိုတဲ့အပေါ် သူက ဧရာဝတီကို ပြောပါတယ်။
သူ့ရဲ့ အသက် ၃၅ နှစ်အရွယ်လောက်တုန်းက ထုတ်ဝေခဲ့ဖူးတဲ့ Feeling 35 ဆိုတဲ့ စာအုပ်ဟာ အောင်မြင်ခဲ့ကာ စာအရေးအသားကောင်းတယ်လို့လည်း မှတ်ချက်ပြုခံခဲ့ရဖူးပါတယ်။
သရုပ်ဆောင် စိုးမြတ်သူဇာဟာ ယခုနှစ်အတွင်းမှာလည်း ရုပ်ရှင်ကားကြီးများစွာကို လက်ခံရိုက်ကူးနေရပြီး လတ်တလောမှာလည်း ရုံတင်နေတဲ့ “အုတ်ကြားမြတ်ပေါက်” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားသလို မင်းသားသစ် တယောက်နဲ့အတူ“ No Par ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း မကြာခင်မှာ ရိုက်ကူးတော့မှာပါ။
ဒါ့အပြင် “အနုပညာလောကမှာ ရေရှည်ရပ်တည်ဖို့အတွက်က လွယ်လည်းမလွယ်ဘူး။ အခြေအနေ အရပ်ရပ် အဖက်ဖက်က ပြည့်စုံနေဖို့လိုတယ်။ ရုပ်ရည်က အရမ်းချောနေရင်လည်း ဖြစ်ချင်မှဖြစ်တာ။ ပြောဆိုတာက အကြောင်းအရာတွေပေါင်းစုံမှ ရုပ်ရည်ကလည်းအသင့်အတင့်ရှိရမယ်။ Talent လေးလည်း ကောင်းရမယ်။ အိုက်တင် လည်းကောင်းရမယ်။ စန်းလည်းရှိရမယ်။ အဖက်ဖက်ကပြည့်စုံမှသာလျှင် သူတို့အောင်မြင်မှာပါ။ ကြိုးစားမှုနဲ့ အဲဒါတွေ ပေါင်းလိုက်ရင် အောင်မြင်ပါပြီ။ ဘယ်သူမှတော့ မွေးကတည်းက တက်လာတာမဟုတ်ပါဘူး” လို့ အနုပညာလောကမှာ ရေရှည်ရပ်တည်သွားနိုင်ဖို့ သရုပ်ဆောင် စိုးမြတ်သူဇာက အကြံပြုပြောဆိုခဲ့ပါတယ်။
လတ်တလောမှာ ရုပ်ရှင်ကားကြီးတွေအရိုက်များနေတဲ့ သရုပ်ဆောင် စိုးမြတ်သူဇာက ဇာတ်လမ်းတွဲများကို ရိုက်ကူးချင်တဲ့ ဆန္ဒရှိပေမယ့် ဘယ်သူမှ လာမကမ်းလှမ်းတဲ့အတွက် မချင့်မရဲ ဖြစ်နေကြောင်းကိုလည်း ဧရာဝတီကို ပြောပြသွားခဲ့ပါတယ်။